Home » » ဝန်ထမ်းများ ဆန္ဒပြ၍ မယ်လဒုက္ခသည်စခန်း ဆေးရုံ ပိတ်ထားရ

ဝန်ထမ်းများ ဆန္ဒပြ၍ မယ်လဒုက္ခသည်စခန်း ဆေးရုံ ပိတ်ထားရ

Written By မောင်စေတနာ on Monday, February 7, 2011 | 12:10:00 PM

မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေကို ပြည်ပ မြန်မာသတင်းဌာနများသို့ ဖြေကြားသည်ဟုဆိုကာ မယ်လဒုက္ခသည်စခန်းမှ ဆေးရုံတာဝန်ခံကို တာဝန်မှ ရပ်စဲလိုက်ခြင်းအား ဆေးရုံဝန်ထမ်းများ ဆန္ဒပြရာမှ ဆေးရုံပိတ်ထားရကြောင်း သိရသည်။

Mae-La-AMI-hospital1

မယ်လဒုက္ခသည် စခန်းအတွင်းမှ AMI ဆေးရုံ။ (ဓာတ်ပုံ - KIC)

လူဦးရေ ၅ သောင်းခန့် ရှိသည့် မယ်လစခန်းတွင် Aide Medical International (AMI) အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံမှ တာဝန်ခံ စောနေဆဲလ်ကို AMI အဖွဲ့၏ ပရိုဂရမ် မန်နေဂျာ နိုင်ငံခြားသားဖြစ်သူက ယမန်နေ့တွင် နောက်ဆုံး သတိပေးချက် စာရွက်စာတမ်းများပေး၍ လက်မှတ်ထိုးခိုင်းပြီး တာဝန်မှ ယာယီရပ်စဲလိုက်ခြင်းဖြစ်သည်။


၂၀၀၇ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် မယ်လဒုက္ခသည်စခန်းအတွင်း ဖြစ်ပွားခဲ့သော ကာလ၀မ်းရောဂါနှင့် တုပ်ကွေးရောဂါ အခြေအနေများကို ဧရာဝတီသတင်းဌာန၊ ဒီဗီဘီ သတင်းဌာန အပါအ၀င် ပြည်ပမြန်မာအသံလွှင့်ဌာနများကို အင်တာဗျူးပေးသည့် ကိစ္စနှင့်ပတ်သက်၍ အရေးယူခြင်း ဖြစ်သည်ဟု ပရိုဂရမ်မန်နေဂျာက ပြောကြောင်း သိရသည်။

AMI အဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ လာရောက်၍ ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်တဦးကလည်း စောနေဆဲလ်သည် မယ်လစခန်းဆေးရုံ တာဝန်ခံဖြစ်သော်လည်း နိုင်ငံရေးအလုပ်များကို လုပ်ကိုင်နေသောကြောင့် တာဝန်လစ်ဟင်းကြောင်း အထက်သို့ အစီရင်ခံမှုများရှိသည်ဟုလည်း အမည်မဖော်လိုသည့် ဆေးရုံဝန်ထမ်းတဦးက ပြောသည်။

ဆေးရုံတာဝန်ခံကို အလုပ်မှ ယာယီရပ်စဲလိုက်သဖြင့် ကျန်ဆေးရုံဝန်ထမ်းများမှာ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ဆန္ဒပြကာ အလုပ်မဆင်းတော့သဖြင့် မယ်လစခန်းဆေးရုံကို ပိတ်ထားရသည်ဟု စခန်း လုံခြုံရေးမှူးတဦးက ပြောသည်။

ဆေးရုံဝန်ထမ်းအများစုက ယခုဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်ကို သက်ဆိုင်ရာမှ ပြေလည်အောင် ဖြေရှင်းပေးမှသာလျှင် လုပ်ငန်းခွင် ပြန်ဝင်မည်ဖြစ်ပြီး အမှန်တရားနှင့် တရားမျှတမှုအတွက် ထုတ်ဖော် ဆန္ဒပြခြင်းဖြစ်သည်ဟု သူနာပြုဆရာမတဦးက ပြောသည်။

စခန်းအုပ်ချုပ်ရေးမှူးတဦးက “အခုဖြစ်နေတဲ့ ပြဿနာကို တာဝန်ရှိ အဖွဲ့အစည်းတွေ ပြေပြေလည်လည်နဲ့ ညှိနှိုင်းဖြေရှင်းဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင် စခန်းတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပြီး အခြေအနေတွေ ရှုပ်ထွေးလာနိုင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိသည့်အနက် လူဦးရေအများဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး မဲဆောက်မြို့မှ မြောက်ဘက် ကီလိုမီတာ ၅၀ ကျော် အကွာအဝေးတွင် တည်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်း၊ ထမ့်ဟင်၊ မယ်လ၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ ခုအပါအ၀င် မြန်မာဒုက္ခသည်စခန်း ၉ ခု၌ ဒုက္ခသည် ၁ သိန်း ၄ သောင်းခန့်ရှိ သည်ဟု မြန်မာဒုက္ခသည်များကို အကူအညီပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBBC) ၏ မှတ်တမ်းအရ သိရသည်။

http://www.bur.irrawaddy.org/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။