အခုတလော မလေးမှာ ကားဂိတ် ရထားဂိတ် နဲ့ လူစည်ကားတဲ့ နေရာတွေမှာ အဖမ်းအဆီး အစစ်အဆေး ရှိနေပြီး ။ နေရာအများစုမှာ အော်ပရာဇီ အသေးစားလေးတွေ
ပြုလုပ်နေပါတယ်။
ကျွန်တော်တောင် ဟိုတစ်နေ့က ကေအယ်လ်ကိုအသွား ဘတ်(စ်)ကားပေါ်မှာအစစ်ခံလိုက်ရသေးတယ်။ သူတို့ကပုံမှန်နေရာ၊ ပုံမှန်အချိန်မှာ ပုံမှန်စစ်တာမျိုးမဟုတ်ဘဲ လူတွေမထင်မှတ်တဲ့ အချိန်အခါမျိုးမှာ ရှောင်တခင် ဝင်ရောက်စစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဟိုင်းဝေး
ကားလမ်းတွေပေါ်မှာ အသွားလမ်းကော၊ အပြန်လမ်းကော ယာဉ်ကြောနှစ်ကြောလုံးကို ဘလောက်အကြီးစားကြီးတွေနဲ့ ပိတ်ပြီး စစ်တာဆေးတာမျိုးတွေ ရှိလာပါတယ်။
ကိုတာရာယာ ပါတ်ဝန်းကျင်က ရွှေမြန်မာဆိုင်များ အနီးအနားတဝိုက်မှာ ဆိုရင်လည်း Rela လို့ခေါ်တဲ့ ပြည့်သူ့စစ်တွေနဲ့ မလေးရဲတွေ ပူးပေါင်းပြီး တွေ့တဲ့လူတိုင်းကို ပါတ်(စ်)ပို့(စ်) စာအုပ် (ဒါမှမဟုတ်) ဂျလန်းကဒ်ဖြစ်ဖြစ် ထုတ်ပြခိုင်းပြီး နေထိုင်ခွင့်ပါမစ်ကို မှန်မမှန်စစ်ဆေးလေ့ရှိပါတယ်။ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်းလိုလို အော်ပရာစီဝင်လေ့ရှိပါတယ်။
ခုနောက်ပိုင်းဆိုရင် လူတွေ မထင်မှတ်တဲ့ ကြားရက်တွေပါ ဝင်ဆွဲလာပါပြီ။ သူတို့ကတော့ မသင်္ကာတဲ့ နေရာမှန်သမျှလိုက်စစ်၊ လိုက်ဆွဲနေအုန်းမှာပဲ။ အော်ပရာစီဆိုတာနဲ့ ရွှေတွေ ဖိန့်ဖိန့်တုန်အောင်ကိုကြောက်ကြပါတယ်။ အော်ပရာစီဝင်တဲ့နေရာမှန်သမျှ ပါမစ်ရှိရှိ၊ မရှိရှိ တွေ့သမျှ နိုင်ငံခြားသား ကလေးလူကြီးပါမကျန်အောင် အကုန်ကားပေါ်ကို အရင် တက်ခိုင်းတယ်။ ရဲစခန်းရောက်မှ မှန်တာ၊ မမှန်တာကို အသေးစိတ်စစ်ဆေးတယ်။
တချို့ဆိုမှန်ရက်ကြီးနဲ့ သူဌေးကလာမရွေးလို့ ထောင်နန်းစံသွားရတာမျိုးတွေတောင်ရှိပါတယ်။ ဒါတွေတင်လားဆိုတော့ ဒါနဲ့တင်ဘယ်ကဦးမလဲ။ ဒီ့ထက် ဒီ့ထက်မကကို မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။
ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝထဲက အဖြစ်အပျက်တချို့ကိုရေးချမယ်ဆိုရင်တောင် ဒီစာတစ်ပုဒ်တော့ ဖြစ်မြောက်နေပါပြီ။ ဒါပေမယ့် တစ်ခါတစ်လေကျ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိနေသလိုပဲ။
ကိုယ်ကြုံခဲ့ရတဲ့ဘဝမှာ တချို့ကိစ္စအနဲငယ်ကိုတော့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အကောင်းထက် အဆိုးဘက်က များလွန်းလို့ ထပ်ပြီးတော့တောင် မရေးချင်တော့။ အခုရေးချင်တာက အများကိစ္စတွေကိုပါ။ မလေးရှားမှာ မြန်မာတွေနဲ့ ပါတ်သတ်တဲ့ စိတ်မကောင်းစရာ သတင်းတွေအကြောင်း အရင်စပြောရမှာပါပဲ။ တချို့ဘလောဂ့်တွေနဲ့ ဂျာနယ်၊ သတင်းမီဒီယာတွေမှာ ခဏခဏကြားသိနေရတဲ့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝပြဿနာပေါင်းစုံ အကြောင်းအရာ အချို့ထဲက အနဲငယ်လောက်ကို ဒီစာထဲမှာ ထည့်ပြီးရေးချင်လာတယ်။
နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ သူတပါးရဲ့အဖိအနှိပ်ခံဘဝ ဖြစ်နေရတဲ့ အကြောင်းအရင်းက စရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကျဉ်လည်ခဲ့ရတဲ့ဘဝ၊ ကြုံဖူး၊ သိဖူး၊ ကြားဖူး၊ မြင်ဖူးခဲ့သမျှတွေဟာ တဖြည်းဖြည်းနဲ့ နောက်ဆုံးတော့ ကျွန်တော့်ကို ဒီဘလောဂ့်ပေါ်မှာ စာတွေရေးဖြစ်လာဖို့ အထိအောင် တွန်းအားတွေပေးခဲ့တာလို့တောင်ထင်ပါတယ်။
လတ်တလော ကျွန်တော်ဖတ်မိသမျှ သတင်းအချို့ထဲက ဟိုတလောက မြန်မာ မိန်းကလေးများ အစော်ကားခံရတဲ့ကိစ္စ၊ မြန်မာ အမျိုးသမီးနှစ်ဦး သေဆုံးသွားတဲ့သတင်း၊ ပီနန်မှာ မြန်မာတစ်ယောက်ကို သတ်သွားတဲ့ အကြောင်း ၊ မလေးရှားမှာ မြန်မာတစ်ချို့ လူဆိုးဂိုဏ်းကြီးများနဲ့ ပေါင်းပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်နေကြတဲ့အကြောင်း၊ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတွေ တချို့ အေးဂျင်စီနဲ့ ကြားပွဲစားများက အမျိုးမျိုးဒုက္ခအဖုံဖုံ ပေးနေကြတဲ့အကြောင်း၊ အဆိုးဆုံးကတော့ မြန်မာအချင်းချင်း ရိုက်နှက်သတ်ဖြတ်ကြတဲ့သတင်းတွေပါ။ စကားကြီးစကားကျယ်လို့ထင်ကြေးပေးတဲ့ စာတွေကို သိပ်ပြီးမရေးချင်တော့ပေမယ့် မဖြစ်မနေမိုလို့ ထပ်ရေးလိုက်ရပါတယ်။
ကိုယ့်အမျိုးကို ကိုယ်မှပြန်မချစ်ရင် ဘယ်သူကလာချစ်ဦးမှာလဲ။ ကိုယ့်အချင်းချင်း ဖြစ်နေကြတဲ့ အရှုပ်တော်ပုံကြီးဟာ သံသရာလည်နေသရွေ့တော့ ကမ္ဘာမှာ မြန်မာဟေ့လို့ မကြွေးကြော်ပါနဲ့တော့။ မြန်မာဆိုတာနဲ့ အသာအယာ ခေါ်ခိုင်းလိမ့်မယ်လို့သာမှတ်ပါတော့။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသလိုမျိုး အကျင့်စာရိတ္တပျက်ပြားကြတဲ့ မြန်မာလူမျိုးစု အနည်းငယ်ကြောင့် ကျန်တဲ့လူလိမ္မာ ရွေမြန်မာတို့ခမျာမှာ သူတို့ရဲ့ဂယက်တွေ ရိုက်ပုတ်တဲ့ဒဏ်ကို ခံစားနေကြရပါတယ်။
အဆိုး အကောင်း ရောပြွမ်းနေတဲ့ လောကဓမ္မတာအရ ဒီအကြောင်းအရာတွေ ထပ်ရှိနေဦးမှာ မှန်တယ်ဆိုပေမယ့် အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်၊ ယဉ်ကျေးမှု အစဉ်အလာတွေကိုတော့ တတ်နိုင်သလောက် ကိုယ်စီ ထိန်းသိမ်းသွားသင့်တယ်လို့ မြင်ပါတယ်။ အိုင်တီခေတ်ကြီးထဲမှာ အရူးထပြီး ဒီစကားတွေပြောနေရခြင်း မဟုတ်ပါ။
ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တွေ့ကြုံ၊ ခံစား၊ ကြားသိရဖူးပြီဖြစ်လို့ ထိုအတွေ့အကြုံ၊ အကျိုးဆက်များထဲမှ ရလာခဲ့တဲ့ အတွေးအမြင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ပြီးဖြစ်လို့ ခုလိုမျိုး ရေးချ လိုက်တာပါ။ မလေးရှားမှာ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရင်း သူတစ်ပါးတိုင်းပြည်မှာ မျက်နှာငယ်ငယ်နဲ့ ငွေရှာနေရတဲ့ အချန်မျိုးမှာ ကိုယ့်နိုင်ငံထဲက ထွက်လာတဲ့ သတင်းကြောင့် တချို့ဆို အိမ်မပြန်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သူတွေ ရှိနေပါတယ်။
ဒီမှာလည်း မြန်မာအချင်းချင်း အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်ချင်ကြတဲ့ သူတွေရှိသလို မလေးရှားရဲကပါ တစ်ခါထပ်ပြီးတော့ ဒုက္ခပေးတယ်။ ဒါနဲ့တင်လားဆိုတော့ နိုးပါ။ ဒီနိုင်ငံသား လူမိုက်များကလည်း တောလိုက် မုဆိုးများလို သားကောင်ရဲ့ အလစ်အငိုက်ကို အမြဲတမ်း ချောင်းနေလေ့ ရှိပါတယ်။
ကြုံရင်ကြုံသလို လုယက်ဆွဲစား တတ်ရုံတင်မက အခန့်မသင့်ရင် လူကိုပါ ဒုက္ခအပေးခံ ရပါသေးတယ်။ တချို့ မြန်မာမိန်းကလေးများ ဘဝတွေလေလွင့်ပျက်စီးနေကြပါတယ်။ သူတပါး အစော်ကား ခံရရင်တောင်မှ တိုင်စရာနေရာမရှိ။ အားကိုးအားထားစရာမရှိကြပါ။
ဒီလိုနဲ့ တချို့ဘဝတွေ ရေတိမ်နစ်လိုနစ်၊ တချို့ဘဝတွေဆုံရှုံး၊ တချို့ဘဝတွေက လမ်းပေါ်မှာ တေပေလေ လွင့်လို့ တချို့သော သူများရဲ့ဘဝတွေသာ ယိုင်တိုင်တိုင်နဲ့ မုန်တိုင်းအကြားမှာ ရပ်တည်ဖို့ အိမ်ကလေးတစ်လုံး ဆောက်နေခွင့်ရပါတယ်။
တစ်ကယ်တော့ နိုင်ငံခြားထွက် ငွေရှာရတဲ့အလုပ်ဟာ အပြောလွယ် သလောက် စိတ်ကူးနဲ့ လက်တွေ့ဟာ အတော်ကွာခြားပါတယ်။ စကတည်းက အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှ ထွက်လာ သူတွေတောင်မှ ဒီရောက်ပြီး ဒုက္ခတွေကြုံကြရသေးတာပဲ။
ဘာမှကြိုတင်ပြင်ဆင်လာခဲ့မှု တစ်ခုမှ မရှိဘဲ လူချည်း ဗလာသက်သက် ရောက်လာခဲ့သူတွေဆိုရင် ဘယ်လောက်ဆိုးတဲ့ ဒုက္ခတွေကို ဘယ်နှစ်ဆလောက် ပိုခံစားရမလဲဆိုတာ တွေးပြီး မစဉ်းစား တတ်အောင်ကိုပါ။ တချို့ကျတော့ သေမြေကြီး ရှင်ရွှေထီး ဟေ့ဆိုပြီး ငုတ်မိ သဲတိုင် တက်နိုင်ဖျားရောက် ဆိုသလိုမျိုး အားကြိုးမာန်တက် ဇွဲနဘဲကြီးကြီးနဲ့ ကြိတ်မှိတ်ပြီးတော့ နိုင်ငံခြားခရီး လမ်းကို လျှောက်လှမ်းကြရင်း တဖြည်းဖြည်း အမြင့်ကိုရောက်လာကြပါတယ်။ အဲဒီ့လို စိတ်ဓါတ်မျိုးနဲ့ တကယ်သတ္တိ ကောင်းသူတွေ နိုင်ငံခြားမှာ တိုးတက်ကြီးပွားကြတာ များပါတယ်။
အဲဒီလိုလူမျိုးတွေကို မြန်မာပြည်မှာ တုန်းက လက်ချိုးရေလို့ ရလောက်အောင်သာ တွေ့ဖူးကြုံဖူးခဲ့ပေမယ့် နိုင်ငံခြားမှာတော့ ကြီးပွားချမ်းသာ ချင်တဲ့ မြန်မာလူမျိုး အများကြီးကို ကြုံဆုံးဖူးပါတယ်။ စာနဲ့ရေးပြလို့ မကုန်နိုင် သလို လက်ချိုးရေလို့လည်း မရပါဘူး။ ဒါပေမယ့် ဇွဲနဲ့ကြိုးစားကြရင်း လမ်းခုလတ်မှာ လောကဓံဆိုတဲ့ တရားနဲ့ ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တချို့က အောက်ကို ပြုတ်ကျသွားသလို၊ ဘဝမြင့်သထက် မြင့်တက် သွားကြရသူတွေလည်း ဒုနဲ့ဒေးပါ။
လမ်းခုလတ်မှာတင် အပေါ်မရောက်၊ အောက်မရောက်နဲ့ လမ်းစပျောက်နေကြတဲ့သူတွေလည်း အများကြီးရှိပါ သေးတယ်။
ဘယ်အရာမဆို အဆိုးအကောင်းတွေ ရောပြွမ်းနေတဲ့ လောကသဘာဝ တရားကြီးထဲမှာ သူတို့လည်း အဆိုး အကောင်းတွေနဲ့ ရောလျက်တည်ရှိ နေတဲ့ နိုင်ငံခြားဆိုတဲ့ သံသရာဝဲဂယက်ထဲမှာ ကိုယ့်အတွက် စားပေါက်များ ချောင်လည် လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေကို ကိုယ်စီပိုက်လို့ အဲဒီဝဲဂယက်ထဲမှာ တဝဲလည်လည် ကျင်လည်နေခဲ့ကြရတာပေါ့။
ဒီနိုင်ငံမှာတော့ အေဂျင်စီနဲ့ အလုပ်သမားအကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြားမှာ မတော်မတရားမှုတွေ အများကြီးရှိနေတုန်းပါပဲ။ ရတဲ့ လစာငွေနှုန်းထား မြန်မာငွေ နှစ်သိန်းဝန်းကျင် လောက်အတွက်နဲ့ ကိုယ့်ဘက်ကပြန်ပြီး ပေးဆပ်လိုက်ရတဲ့ အရာတွေဟာ ခန္ဓာကိုယ် အစိတ် အပိုင်းတွေပါ။ တချို့က အလုပ်ထဲမှာ မတော်တဆ ထိခိုက်မိပြီး လက်ကလေးတွေ၊ ခြေချောင်း ကလေးတွေ ပြတ်သွားတယ်။ တချို့ကျတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးရုံတင်မကဘဲ မိမိအသက်ပါ ပေးဆပ်လိုက်ရတာမျိုးတွေတောင် ရှိပါတယ်။
မိန်းကလေးများဆိုရင် ကိုယ်မနှစ်သက်တဲ့ တပါးသူရဲ့ မတရား အစော်ကားခြင်းခံရလို့ အရှက်နဲ့ အသက်ကို လဲသွားသူတွေတောင် ရှိပါတယ်။
လူတွေကထင်ကြတယ်။ နိုင်ငံခြားရောက်ရင် ငါတို့ဘဝတွေဟာ ကောင်းစား လာကြမှာပဲလို့။ တစ်ကယ်တော့ နိုင်ငံခြားမှာ ငွေရှရတဲ့အလုပ်ဟာ အပြောလွယ် သလောက် အလုပ်ခက်ဆိုသလို တကယ့် လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက တော်ရုံ တန်ရုံလူကို မူလရည်မှန်း ချက်တွေ ပျက်စီးသွားစေ တတ်ပါတယ်။
ငွေရှာထွက်လာတာ အိမ်အပြန်မှာ ငွေမပါဘဲ လက်ချည်း ဗလာနဲ့ ပြန်ရောက် လာတဲ့သူတွေရှိသလို၊ ကျန်းမာရေး ချို့ယွင်းချက် တစ်ခုခုကြောင့် ရောဂါတွေကိုသယ်လာပြီး အိမ်ပြန်ရောက်မှ ဆေးကုသကြရတဲ့ သူတွေလည်း မနဲမနောပါ။ နိုင်ငံခြားမှာ ဆေးကုသ စရိတ်စကဟာ သူ့နိုင်ငံသားထက် နှစ်ဆနှုန်းထားမြှင့်တင် ထားလို့ အင်မတန်ကိုဈေးကြီးပါတယ်။
အားကိုးရှိတဲ့ မြန်မာပြည်ကို ပြန်ရောက် တော့လည်း ဟိုကနေကိုယ်ရှာထားသမျှ အိမ်ကိုပို့ထား တာလေးတွေ အိမ်ပြန်ရောက်တော့ ဆေးဖိုးဝါးခနဲ့ အကုန်ပြန်ပြောင်တော့ ပါပဲ။ တချို့မိဘတွေရဲ့ သားသမီးတွေဆိုရင် မျှော်သမျှော် ပေါ်မလာတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရရှာ ပါတယ်။ သေရင်တောင် နိုင်ငံခြားမှာ ခွေးသေ ဝက်သေ သေကြရလို့ အိမ်က မိဘတွေတောင် သိမသွားကြ ရရှာပါဘူး။
တချို့ကျတော့ နိုင်ငံခြားမှာတင် လုံးဝ ဘာသတင်းအစအနမှ မကြားရတော့ဘဲ အိမ်နဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာ နောက်ဆုံး အစအန လုံးဝ ပျောက်သွားကြသူတွေလည်း ရှိပါသေးတယ်။ တချို့က အိမ်ကိုမပြန်ဖြစ်တော့ဘဲ နိုင်ငံရပ်ခြားမှာ အိမ်ထောင်ရက်သား ကျလို့ ဘဝတွေတောင် အရောင်ပြောင်းနေကြပါသေးတယ်။
အဆိုးဆုံး အဖြစ်အပျက်ကတော့ ကိုယ့်တိုင်းပြည်က လူ့သားအရင်းအမြစ်တွေ သူတစ်ပါး တိုင်းပြည် နိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အလဟဿ ဆုံးရှုံးနစ်နာနေရခြင်းတွေပဲဖြစ်ပါတယ်။ ဒီအကြောင်း အချင်းအရာတွေအားလုံးကို ခြုံငုံပြီး ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတစ်ခုပဲ အတွေးထဲမှာ ဖြစ်ပေါ်လာတယ်။
ကျွန်တော် ကျဉ်လည်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်က ရင်မှနားလည်ခဲ့မိတဲ့ အသိတရားတချို့နဲ့ တစ်ခါတစ်ရံ ခံစားမိပြီး ဘာအကြောင်းကြောင့်လဲလို့ တွေးတောဆင်ခြင် မိလိုက်တိုင်း အဲဒီ့အတွေးစတွေထဲက ပေါ်ပေါက် လာတဲ့ စကားလုံးတချို့ကို စာအုပ်ပေါ်မှာ ဟိုတုန်းက ကြုံသလို ကောက်ပြီးရေးချမိခဲ့ဖူးပါတယ်။
အဲဒီ့စာကြောင်း အတိုလေးတွေ အချို့ထဲက နိုင်ငံခြားနဲ့ပါတ်သတ်တဲ့ တချို့စာတွေကို အများလည်း စဉ်းစားကြည့်ရ၊ ဖတ်ကြည့်ရအောင် မူရင်းအတိုင်းပဲ အောက်မှာထည့်ရေးထားပါတယ်။
ကျွန်တော့် ရေးထားတဲ့ စာသားတချို့ကို လူတိုင်းနှစ်သက်ချင်မှ နှစ်သက်လိမ့်မယ်၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ လူတိုင်းကို ဆိုလိုထားခြင်းလည်း မဟုတ်ပါ။
သို့သော်လည်း ကျွန်တော့် အတွေးနဲ့ အရေးသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဲဒီ့စာတွေထဲကနေ တစ်စုံ တစ်ယောက်သော သူတွေအတွက် တစ်စုံတစ်ရာသော အကျိုးတရား တစ်ခုတစ်လေလောက် ဖြစ်ထွန်းသွားခဲ့မယ်၊ သူတို့မှာပိတ်ဆို့နေတဲ့ အသိဥာဏ်တခါးတွေ ဟင်းလင်းပွင့်သွားခဲ့မယ် ဆိုရင်ပဲ ကျွန်တော်ဒီစာကို အချိန်ကုန်၊ လူပင်ပမ်းခံ ရေးသားရကျိုးနပ်ပြီလို့ ယူဆရင်း ရင်ထဲမှာ လေးလေးနက်နက် ယုံကြည်ထားလိုက်မိပါတယ်။
၁။ ငွေကြေးချမ်းသာချင်ရင် တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ရမယ်လို့ ဘယ်ပညာရှိတွေက လမ်းခင်း ချပြခဲ့လို့လဲ။
၂။ လောကမှာ ဘယ်အရာမဆို အချောင်ရတယ်ဆိုတာမရှိဘူး။ သူတစ်ပါးတိုင်းပြည်ကိုရောက်တိုင်းလည်း ငွေတွေ လွယ်လွယ်ရလိမ့်မယ်မထင်နဲ့။
၃။ တစ်ကယ်တော့ တိုင်းတစ်ပါးဆိုတာ အဆင်မပြေတဲ့ဘဝအကြပ်အတည်းတွေကို ယာယီဖြေရှင်းဖို့အတွက် ထွက်ပေါက်တစ်ခုသာဖြစ်သင့်တယ်။
၎။ ကိုယ့်တိုင်းပြည်ကဆင်းရဲတော့ လူတွေနည်းအမျိုးမျိုးနဲ့ တိုင်းတစ်ပါးထွက်ပြီး အလုပ်လုပ်ကြရင်း ငွေရှာကြတယ်။ ကိုယ့်တိုင်းပြည်မှာ ဆင်းရဲပေမယ့် မချမ်းသာရင်တောင်မှ နေဖို့၊ စားဖို့အတွက်လောက်တော့ ကျန်ရှိနေသေးတယ် ဆိုတာ သူတို့မသိကြဘူး။ တိုင်းတစ်ပါးမှာထက်စာရင် ကိုယ့်တိုင်းပြည် ကမှ ကိုယ့်ဘဝ အတွက် အာမခံချက်တွေ ပိုကောင်းနိုင်ဦးမယ်။
၅။ နိုင်ငံခြားရောက်တိုင်း ကြီးပွားချမ်းသာမယ်လို့ဆိုရင် လူတွေအားလုံး နိုင်ငံခြားကိုချည်း ထွက်ကုန်ကြတော့မှာပေါ့။
၆။ ကိုယ့်တိုင်းပြည်က မွေးထုတ်လိုက်တဲ့ လူ့သားအရင်းအမြစ်တွေ၊ နောက်ပြီး သူတို့ရဲ့ အတတ်ပညာတွေနဲ့ သူတစ်ပါးနိုင်ငံအတွက် အကျိုးပြုဖို့ တိုင်းတစ်ပါးနိုင်ငံထဲမှာ လူရော၊ ပညာတန်ဖိုးရော စတေးပစ်လိုက်ကြတယ်။ အဲဒါကောင်းသလား ...။
၇။ အဲဒီ့တိုင်းပြည်ထဲမှာ မွေးပြီး တဖြည်းဖြည်းပညာရေ ပြည့်ဝရင်းကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ဟာ တစ်ချိန်မှာ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် တစ်ဘက်တစ်လမ်းကနေ အကျိုးပြန်ပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။
၈။ ငွေဆိုတဲ့ အိမ်မက်တစ်ခုအတွက်နဲ့ တိုင်းပြည်က လူငယ်တွေ အဝေးကို လွင့်စင်ဖိတ်ကြဲလို့ မျှော်လင့်ချက်တွေကို ကျောက်ချပြီးတော့ နိုင်ငံခြားမှာ ယနေ့အထိ သောင်တင်နေကြ ဆဲပါ။
တချို့က အချိန်တန်လို့ အိမ်ပြန်ဖို့ အခြေအနေပေးပေမယ့်၊ တချို့ အချိန်တန်တာတောင် အိမ်မပြန်နိုင်အောင် ဒုက္ခ ပင်လယ်တွေ ဝေနေကြတုန်းပါ။
၉။ မိဝေးဘဝေး သင်းကွဲငှက်ငယ်တစ်ကောင်ဟာ သူတစ်ပါးအသိုက်အမြုံမှာ ကြရှည်ရပ်တည်နိုင်ပါ့မလား။ မျိုးမတူတဲ့ သူစိမ်းတရံတွေရဲ့ အငြူအစူဒဏ် တွေကို ကြာရှည်ခံနေနိုင်ဦးမှာလား။
၁၀။ မိကွဲ၊ ဘကွဲ၊ မယားတကွဲ၊ သားတကွဲနဲ့ ဘဝတွေ တစ်စစီပြန့်ကျဲနေရတဲ့ဘဝမှာ ကြာရှည်ခိုအောင်းပြီး မနေချင်ပါနဲ့။ ကိုယ်ဖျားနာရင်တောင် ဘယ်သူကမှ တယုတယလာပြုစုမှာ မဟုတ်ဘူး။
၁၁။ အချိန်တန်လို့ အိမ်ပြန်ကြရတာ လောကဓမ္မာတာပါ။ သင်လည်း အိမ်ပြန်ဖို့အချိန်တန်နေပြီလား...။
မေတ္တာဖြင့်
- စံလင်းထွန်း
စံလင်းထွန်း (မလေးရှား) ပေးပို့သည်။
စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတရစေရန် အတွက် ရေးသားပေးပို့နိုင်သည်။
နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
0 comments:
Post a Comment