Home » » ပန့်ဂီတ လမ်းကြောင်းပေါ်က ဂီတအနုပညာရှင် ကျားပေါက်ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ

ပန့်ဂီတ လမ်းကြောင်းပေါ်က ဂီတအနုပညာရှင် ကျားပေါက်ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ

Written By နေဇော်လင်း1 on Saturday, May 22, 2010 | 2:44:00 PM


ငယ်ငယ်က ကျောင်းသွားရမှာ ကို အရမ်းပျင်းတဲ့အတွက် ကျောင်းပြေးပြီး Church တွေမှာ Drum သွားတီးတတ်တဲ့ ဟန်ထူးလွင်ဆိုတဲ့ ကလေးလေး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အခုအချိန်မှာတော့ ပန့်ဂီတလမ်းကြောင်းပေါ်မှာ အဆိုရှင်ကျားပေါက်အဖြစ် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါပြီ။

ကျားပေါက်ကို ၁၉၈၃ ခုနှစ် မေလ၂၀မှာ ရောခ့်ဂီတအဆိုရှင် ရင်ဂို နဲ့ ဇနီးသည်ဒေါ်မူမူကျော်တို့က သူတို့သားဦးအဖြစ် တောင်ငူမြို့မှာ မွေးဖွားခဲ့ခြင်းပါ။ ကျားပေါက်မှာ သူ့ထက် ခြောက်နှစ်ငယ်တဲ့ ဟန်နေလွင်ဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။

''သားကိုမမွေးခင်တုန်းက ဗိုက်ထဲမှာ ကလေးကနှလုံးမခုန်တော့ဘူး လို့ ဆရာဝန်ကပြောတယ်။တော်တော်လေးကို စိုးရိမ်မိခဲ့တယ်။ အဲဒါနဲ့ ခွဲမွေးလိုက်တော့ နှလုံးကခုန်နေတယ်။ မသေဘူးပေါ့။ အဲဒီအဖြစ်ကို အမှတ်တရ ရှိနေတုန်းပါပဲ။ သားငယ်ငယ်က တခြားကလေးတွေထက် နည်းနည်း ပိုဆော့တယ်''လို့ ဖွင့်ဟခဲ့ပါတယ်။

ရော့ခ်ဂီတကသမား ရင်ဂိုက တောင်ငူမြို့ ဇာတိဖြစ်တာကြောင့် ကျားပေါက်ကလည်း မူလတန်း အောင်မြင်သည်အထိ တောင်ငူမြို့မှာပဲ ကျင်လည်ခဲ့သူပါ။

ပညာသင်ယူမှုအနေနဲ့ကတော့ တောင်ငူT.T.C မှာ စတုတ္ထတန်းအထိ ပညာသင်ယူခဲ့ပြီး ပဉ္စမတန်းကနေ ဒဿမတန်း အောင်မြင်သည် အထိကို တော့ ဒဂုံ(၁)မှာတက်ရောက်ခဲ့သူပါ။


ကျောင်းသားဖြစ်ပေမယ့် ကျောင်းစည်းကမ်းတွေကို မလိုက်နာချင်တဲ့ အပြင်စာကျက်ရမှာကိုပါ ပျင်းတဲ့ကျားပေါက် က ကျောင်းမှာတော့ ပညာသင်ဆုတွေကို ရယူခဲ့ဖူးသူပါ။

''ကျွန်တော်က ကျောင်းကိုသိပ် မကြိုက်ဘူး။ အဲဒီတော့ ခုနစ်တန်းနှစ် လောက်စပြီး ကျောင်းပြေးတယ်။ ကျောင်းကနေ Church တွေမှာ Drum တီး၊ Recording တွေမှာ တီးတယ်။

နှစ်တန်းလောက်တုန်းကပေါ့။ ကျောင်းမှာ ဆုယူရတော့ ကျောင်းအုပ်ကမပေးခင် ဘေးကဗန်းကိုင်တဲ့ ဆရာမဆီက ဆုကိုယူပြီး ခပ်တည်တည်နဲ့ စင်ပေါ်ကဆင်း သွားတာ ဆရာကြီးက ပြန်လိုက်ယူ ရဖူးတယ်'' လို့ ဆိုပါတယ်။

မိဘတွေရဲ့ အုပ်ချုပ်တဲ့ပုံစံကို မေးဖြစ်တော့. . .''အဲဒီခေတ်ကမိဘ တွေက အားလုံးလိုပါပဲ။ ဆူစရာရှိဆူ ရိုက်စရာရှိရိုက်ပေါ့။ အရမ်းကြီး ချုပ်ချယ်တာမရှိဘူး။ အမေက စာသိပ်သင်တယ်။ အဲဒါကိုတော့ ကျွန်တော် အမုန်းဆုံးပဲ'' လို့ ဖွင့်ဟခဲ့ပါတယ်။

ကျားပေါက်ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့တဲ့အရာက Drum တီးခြင်း ပါ။ Drum တီးရတဲ့သူ အရမ်းဖြစ်ချင်ခဲ့တဲ့ ကျားပေါက်က Drum တီးသူ ဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်။ ရှစ်တန်းကျောင်းသား အရွယ်ကတည်းက ကျောင်းမှာရှိတဲ့ addo-lacent ဆိုတဲ့ Band မှာ Drum သမားအဖြစ် လှုပ်ရှားခဲ့သူပါ။

''ကျွန်တော်က သူငယ်ချင်းအရမ်းများတယ်။ အတန်းဖော် သူငယ် ချင်းတွေလည်း ရှိပါလျက်နဲ့ ဆယ်တန်း ကကောင်တွေနဲ့ ပေါင်းပြီး ကျောင်းတီးဝိုင်းမှာ ဒရမ်တီးတာပေါ့။ ဂီတကို သိတတ်စအရွယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ ကျွန်တော် အသက် ၆နှစ် ကတည်းက စင်ပေါ်မှာ Drum စတီးခဲ့တာ တစ်လျောက်လုံးပါပဲ။ Drum တီးတယ်။ Guitar တီး တယ်'' လို့ ပြောပြခဲ့ပါတယ်။

ကျားပေါက်ရဲ့ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲမှုဆိုတာကတော့. . . ''တောင်ငူကနေ ရန်ကုန်ကို ပြောင်းတဲ့အချိန်ပေါ့။ တောင်ငူမှာ နေတုန်းက တစ်နေ့ မုန့်ဖိုးသုံးကျပ်ပဲ ရတယ်။ ဒဂုံ (၁)လည်းရောက်ရော ၁၅ ကျပ်စရတယ်။ ဘ၀ဟာ တော်တော်ပြောင်းလဲသွားခဲ့တယ်'' လို့ ပြောပြခဲ့ပါတယ်။

ကျားပေါက်က အချစ်နဲ့ပတ်သက်ရင် ဂေါတမဗုဒ္ဓရဲ့ မေတ္တာ တရားက တကယ်သန့်ရှင်းပြီး စစ်မှန်မှုရှိတဲ့ မေတ္တာတရားလို့ မှတ်ယူ ထားပါတယ်တဲ့။ ''ဗုဒ္ဓရဲ့မေတ္တာ တရားက စေတနာရော ဥပေက္ခါရော ပါဝင်ပြီး ဘာမျှော်လင့်ချက်မှ မပါတဲ့အချစ်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ကျန်တဲ့ ချစ်ပါတယ်ဆိုတဲ့ အရာတွေက အားလုံးက အတုတွေချည်းပဲ။ တစ်ခုလိုချင်လို့ တစ်ခုခုပြန်ပေးနေရတာ တွေများနေတယ်'' လို့ ကျားပေါက် ကဆိုပါတယ်။

'မလုပ်ရင်လုံးဝမလုပ်နဲ့။ လုပ်ရင် သေအောင်လုပ်'ဆိုတဲ့ စိတ်ဓာတ်တစ်ခုကို ငယ်စဉ်ကတည်းကနေ အခု ချိန်ထိမပြောင်းလဲဘဲ မွေးမြူထားခဲ့တဲ့ ကျားပေါက်ကသူယုံကြည်ရာ ဂီတခရီးလမ်းမှာ သူနှစ်သက်ခုံမင်တဲ့ ပန့်ဂီတ တေးသွားတွေနဲ့ လျှောက်လှမ်းခွင့်ရဖို့ ကိုလည်း တစ်စိုက်မတ်မတ်ကြိုး စားခဲ့ပါတယ်။ ကျားပေါက်ရဲ့ပထမ ဆုံး ဂီတမှတ်တိုင်ကတော့ ''အားလုံးအတွက်ပန့်'' စီးရီးဖြစ်ပြီး အခုချိန်ထိ တေးစီးရီး(၈)ခွေကို ပရိသတ်ရှေ့ပေး အပ်နိုင်ခဲ့ပြီဖြစ်တဲ့အပြင် ဂီတသက်တမ်း ၆ နှစ်အကြာမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဇုံဇုံ (ခေါ်) ဆုလဲ့ဝင်းနဲ့ လက်ထပ်ခဲ့ပြီး သမီးလေး အမရာထူးလွင်ကို ၂၀၀၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

ဂီတခရီးနဲ့ ပတ်သက်ပြီး ကျားပေါက်က. . . ''Drum စတီးတုန်း ကစင်ပေါ်တက်ရတာကို 'ငါထင် သလောက်လဲ ခြောက်ခြားစရာ မကောင်းပါလား'လို့ သိခဲ့တယ်။ ယုံကြည်ရာ အလုပ်တစ်ခုကိုလုပ်ခွင့် ရဖို့ လက်လှမ်းမီသလောက် ကြိုးစား ခဲ့တယ်။ ၀ါသနာကြီးတော့ ကြိုးစားလို့ ကြိုးစားရမှန်းမသိခဲ့ဘူး။ တစ်ချိန်လုံး ဒါပဲလုပ်နေခဲ့တာ'' လို့ ရှင်းပြခဲ့ပါတယ်။

ပြဿနာတချို့ကြုံလာတဲ့အခါ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ကိုအေးဆေးတည်ငြိမ်စွာ ထားပြီး ကျော်ဖြတ်တတ်တဲ့ ကျားပေါက်က သူ့ရဲ့ ပထမဆုံးဖြန့်ချိခဲ့တဲ့ တေးအယ်ဘမ် နှစ်ချပ်ကိုတော့ နောင်တ နည်းနည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဘ၀မှာသူဖြစ်တဲ့အရာတွေ သူလုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ခွင့်ရခဲ့အတွက် အခုချိန်ထိကတော့ ဖြတ်သန်းခဲ့တဲ့ခရီးကို ကျေနပ်တယ်လို့ ပြောပြလာတဲ့ ကျားပေါက်ရဲ့ ရှေ့ဆက်မယ့်ခရီးကတော့ . . .''ရှေ့ဆက်ပြီး ကျွန်တော်လုပ်မယ့် အရာတော်တော်များများက သမီး အတွက်ပဲ ဖြစ်လိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေ အားရအောင်လုပ်ခဲ့ပြီး ပြီလေ''လို့ ဖြေကြားခဲ့တယ်ဆိုတာကို တင်ပြရင်း ရပ်နားလိုက်ပါတယ်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။