Home » , » မြန်မာအလုပ်သမား တဦး ဓားဖြင့် အခုတ်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

မြန်မာအလုပ်သမား တဦး ဓားဖြင့် အခုတ်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

Written By မောင်စေတနာ on Saturday, February 18, 2012 | 9:20:00 PM



ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား တဦးကို ထိုင်းလူမျိုးဟု ယူဆရသူ လူငယ်နှစ်ဦးက ဓားဖြင့် ခုတ်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး ထိုင်းနိုင်ငံ စမွတ်စာခွန် ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသခံနေရကြောင်း သိရသည်။

ဓားဖြင့် အခုတ်ခံရသူမှာ ကိုသန်းဇော်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ မဟာချိုင်မြို့ စွယ်လုံမစ် လမ်းသွယ်(၁)တွင် ဇန်န၀ါရီလ (၇)ရက်နေ့ ည(၁၀)နာရီကျော်ခန့် အချိန်တွင် ထိုင်းလူမျိုးဟု ယူဆရသူ အမည်မသိ လူငယ်နှစ်ဦးက ဓားရှည်များဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ ဘယ်ဘက် လက်ဖမိုး ထက်ဝက်ခန့် ပြတ်ရှပြီး ဘယ်ဘက်ပါးနှင့် လက်ဖျံအပြင် ဦးခေါင်းတွင်လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ပုဇွန်အခွံခွာသည့် အလုပ်ရုံမှ အချိန်ပို အလုပ်လုပ်ပြီး ကိုသန်းဇော်ဦးနှင့် အတူတူ ပြန်လာသည့် မောင်တင်နိုင်က “ကျနော်တို့ သူငယ်ချင်း သုံးယောက် အလုပ်ကပြန် လာကြတယ်။ ကိုသန်းဇော်ဦး နေတဲ့ နေအိမ်ခြံဝင်း အ၀မှာ ထိုင်း လမ်းသရဲ နှစ်ဦးက ဓားရှည် ထုတ်ပြီး ခုတ်သတ်ပါတယ်။ ကျနော်တို့ နှစ်ယောက် ထွက်ပြေးတယ်။ သန်းဇော်ဦးလည်း ဓားခုတ်ခံရပြီး ထွက်ပြေးတယ်။ သွေးထွက်လွန်ပြီး ကိုက်(၅၀)လောက်မှာ လဲကျပြီး သတိမေ့သွားတယ်”ဟု ပြောပြသည်။

ထိုလူငယ်နှစ်ဦးက ကိုသန်းဇော်ဦးနှင့် သူငယ်ချင်း နှစ်ယောက်အား ထိုင်းဘာသာ စကားဖြင့် ရန်စကားများ ပြောဆိုပြီးနောက် ယခုလို ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုသန်းဇော်ဦးကို ဆေးရုံပို့ရန်အတွက် လူနာတင်ယာဉ်အား အကြောင်းကြားခဲ့ရာ (၄၅)မိနစ်ခန့် ကြာမှ ရောက်လာသဖြင့် လူနာမှာ သွေးထွက်လွန်ခဲ့ကြောင်း ကိုသန်းဇော်ဦး၏ အကိုတစ်ဝမ်းကွဲ ဖြစ်သူ ကိုဇော်က ပြောပြသည်။



“ကျနော် ရောက်လာတော့ ကျနော့်ညီ သေမယ်လို့ ထင်ခဲ့တာ။ သွေးအိုင်ထဲမှာ သတိမေ့နေတယ်။ ကံကောင်းလို့ ညီလေး ပြန်သတိရလာတာ။ ဘာရန်ငြိုး ရန်စမှ မရှိပဲ ဓားနဲ့ ခုတ်တာ။ ဘယ်ဘက် လက်ဖမိုး ဆိုရင် ပြတ်ထွက် သွားလုနီးပါးပဲ။ ဒီလိုဖြစ်ရပ်မျိုး နောက်မပေါ်ပေါက်ဖို့ လိုတယ်။ ကျနော်တို့ အချိန်ပိုလုပ်ပြီး ညဥ့်နက်မှ ပြန်လာတဲ့ အလုပ်သမားတွေအတွက် မဟာချိုင်မှာ လုံခြုံရေး မရှိဘူး။ ကျနော်တော့ မြန်မာသံရုံးကို အကူအညီ တောင်းမယ်လို့ စဉ်းစားထားတယ်”ဟု ပြောသည်။

ပင်လယ် အစားအစာများအဓိက ထုတ်လုပ်သည့် မဟာချိုင် ဒေသတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီရှိပြီး ဆိုးသွမ်းသည့် ထိုင်းလူငယ်များက မြန်မာအလုပ်သမားများ ပိုင်ဆိုင်သည့် ဆိုင်ကယ်၊ ရွှေ၊ ငွေနှင့် လက်ကိုင်ဖုန်းများ၊ ပိုက်ဆံအိတ်များကို မကြာခဏ လုယက် ယူငင်မှုများရှိသည်။

စိတ်ကြွဆေး သုံးစွဲသည့် တချို့လူငယ်များက မြန်မာအလုပ်သမားများအား ယခုလို ဓားဖြင့်ခုတ်သတ်ခြင်း၊ ရိုက်သတ်ခြင်းတို့ မကြာခဏ ပြုမူလေ့ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့် မဟာချိုင်မှ ကိုခိုင်ကြီးက ပြောသည်။ သို့ရာတွင် ဥပဒေကြောင်းအရ အကာအကွယ် ပေးခြင်းမျိုး အရေးယူခြင်းမျိုး မရှိကြောင်း ၎င်းက ဆက်ပြောပြသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။