Home » , » မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ

မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ

Written By မောင်စေတနာ on Tuesday, May 13, 2014 | 1:17:00 PM

 

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာများကို နှစ်နိုင်ငံ သဘောတူညီမှု စနစ်အရ ဧပြီလ၂၄ ရက်နေ့မှ စတင်ကာ အထောက်အထား ထုတ်ပေးလျက် ရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ 

ယင်းအစီအစဉ်ကို ခြောက်လကြာ လုပ်ကိုင်ရန် မလေးရှားအစိုးရက ခွင့်ပြုထားပြီး လက်ရှိတွင် တရားမဝင် နေထိုင်နေသည့် မြန်မာငါးရာကျော် လာရောက် လျှောက်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

တရားဝင် အထောက်အထား ရရှိရေးအတွက် လျှောက်ထားလိုသည့် မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရန် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပြရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးသည့် အစီအစဉ် (6P) ကို လုပ်ကိုင်ရန် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ စုစုပေါင်း အရာရှိ ၁၂ ဦး ပါဝင်သည့် အထူးအဖွဲ့က ဆက်လက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။ အထောက်အထား ပြုလုပ်သူများသည် နိုင်ငံကူးလက်မှတ်အတွက် ရင်းဂစ် ၈၀ (မြန်မာကျပ်ငွေ ၂၅,၀၀၀) နှင့် 

ဝန်ဆောင်ခ ရင်းဂစ် ၇၀ ပေးရမည် ဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားသူများ ဆိုပါက နိုင်ငံကူးလက်မှတ် တန်ဖိုး၏ သုံးဆ (ရင်းဂစ် ၂၄၀) ကို ဒဏ်ကြေး ဆောင်ရမည် ဖြစ်သဖြင့် စုစုပေါင်း ရင်းဂစ် ၃၉၀ ပေးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 6P အစီအစဉ် ပြုလုပ်စဉ်က မြန်မာလုပ်သား ငါးထောင် လာရောက် လျှောက်ထားသည့်အနက် သုံးထောင်ကို အထောက်အထား ထုတ်ပေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

6P အစီအစဉ်တွင် ပွဲစားများ လိမ်လည်မှု၊ သံရုံး လုပ်ငန်းစဉ်များ ကြန့်ကြာမှု အပါအဝင် အခက်အခဲများကြောင့် လုပ်သားအများစု အထောက်အထား မရရှိခြင်း ဖြစ်ကြောင်း မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။ မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးပါက မြန်မာသည် တရားမဝင် လုပ်သား တတိယ အများဆုံးဖြစ်ပြီး မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှား အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ 

Credit - The Voice Weekly 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။