
၂၅၅ နှစ်မြောက် ဟံသာဝတီ အောက်မေ့ဘွယ် အခမ်းအနားများကို ထိုင်းမြန်မာ နယ်စပ် စံခလဘူရီ ၀င်းကနှင့် ပြည်တွင်း ပြည်ပ နေရာအသီးသီးတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဟံသာဝတီနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သေ ဘုရင် ဗညားဒလကို ဗမာဘုရင် အလောင်းဘုရား ဦအောင်ဇေယျက ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုပ် ၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ယင်းနေ့ကို အစွဲပြုပြီး မွန်များက မွန်ဘာသာအာဖြင့် ဟံသာဝတီ ပျက်သုဉ်းတဲ့နေ့ မြန်မာဘာသာအားဖြင့် ဟံသာဝတီ အောက်မေ့ဘွယ်နေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

´ကျနော်တို့ ဒီကနေ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေဖြစ်ကြတဲ့ မွန်တွေ ရခိုင်တွေ ဗမာတွေဟာ တချိန်က ကိုယ်ပိုင် နိုင်ငံတွေ အချုပ်အခြာ အာဏာပိုင်တွေ ဖြစ်ခဲ့ကြတယ်။ အဲသလို နေလာခဲ့ဖူးကြတဲ့ အစဉ်အလာ သမိုင်းတွေကို လူငယ်တွေကို သိစေချင်တယ်။ မနေ့က ကျနော် အဓိကပြောသွားတဲ့ အချက်သုံးချက်က တစ် အတိတ်က ကျနော်တို့ရဲ့ သမိုင်းတွေ နှစ်က ဒီကနေ့ ပစ္စုပ္ပန်မှာ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေတွေ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေ ပေါ့။ ကျနော်တို့က လွတ်လပ်ရေးရပြီးနောက် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ အခြေအနေတွေ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေကို တင်ပြတယ်။ သုံးအချက်က အနာဂတ်မှာ ကျနော်တို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကျနော်တို့ နိုင်ငံရေး အဖွဲ့အစည်းတွေက ပံ့ပိုးသွားမယ် ဆိုတဲ့ အချက်ကို အခြေခံပြီးတော့ ပြောဖြစ်ခဲ့ပါတယ်´ ဟု ဆိုသည်။

ဤ ဟံသာဝတီ အောက်မေ့ဘွယ်နေ့ကို ၁၉၈၈-၈၉ ခုနှစ်က မွန်ပြည်သစ်ပါတီက စတင် သတ်မှတ် အတည်ပြုကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် စတင်ကျင်းပသောနှစ်မှာ ၂၀၀၇ ခုနှစ် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နှစ်တွင် ဟံသာဝတီ ကျဆုံးသည်မှာ နှစ်ပေါင်း ၂၅၀ ပြည်သကဲ့သို့ မြန်မာနိုင်ငံတွင်း၌လည်း သံဃာတော်များ ဦးဆောင်သာ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွါးခဲ့သည့် အချိနှင့် တိုက်ဆိုင်ခဲ့သည်။
ဟံသာဝတီ အောက်မေ့ဖွယ်နေ့နှင့် စပ်လျဉ်းသော စာအုပ်စာတမ်းများ ဗွီဒီယို စီဒီများကို ပြည်တွင်းပြည်ပတွင် ဖြန့်ဝေ ကြသည်။ ဟံသာဝတီ နိုင်ငံတော်သမိုင်း မွန်သမိုင်းကို ခေတ်လူငယ်များ မမေ့ပျောက်ရအောင် သိရှိလာလေအောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာလည်း ဖြစ်သူ ဦးဗညားအောင်က ပြေပြသည်။

မြန်မာနိုင်ငံသည် ယခုအခါ လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည်တခု ဖြစ်သည်။ အဓိက လူမျိုးစုကြီး ရှစ်ခုဖြစ်သော ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်းတို့သည် မိမိတို့ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ သမိုင်းအစဉ်အလာများ ရှိကြသည့် လူမျိုးများ ဖြစ်ကြသည်။ ရှေးဘုရင်မင်းများသည် အင်အားကြီးမားသူက အင်အားငယ်သူကို အနိုင်ယူကာ လက်အောက်ခံ နိုင်ငံအဖြစ် သိမ်းပိုက်တတ်ကြသည်။

ယခုကဲ့သို့ မွန်နိုင်ငံတော် ဟံသာဝတီ ကျဆုံးရခြင်းမှာ မွန်ဘုရင် ဗညားဒလ၏ အရည်အချင်း ညံ့ဖျင်းမှုနှင့် မွန်တို့ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ ဦးဗညားအောင်က မှတ်ချက်ပြု ပြောဆိုသည်။
´အဲဒီအချိန်တုန်းက ကျနော်တို့ မွန်တွေက စည်းလုံး ညီညွတ်ခြင်းမရှိဘူး။ ဘုရင်က ဗညားဒလ။ သူက သူရဲ့ ညီအကိုတော်တဲ့လူတွေကို မြှောက်စားတယ်။ ဒါပေမဲ့ သူညီအကိုတော်တွေက အရည်အချင်း မပြည့်ဝဘူး။ တကယ် အရည်အချင်းရှိတဲ့ ဗိုလ်မှူးတွေ စစ်သည်တွေကိုတော့ မမြှောက်စားဘဲ လျစ်လျူရှုထားတယ်။ မျက်နှာသာ မပေးဘူး။ နောက်ပြီးတော့ ကတိကို လွယ်လွယ်လေးပေးတယ်။ ဗမာဘုရင်နဲ့ ဆက်ဆံတဲ့အခါမှာလေ။ တခါ ဗမာဘုရင်တွေဘက်က ဗျူဟာကောင်းတယ်။ ကိုယ့်မှာက စည်းလုံးမှု မရှိဘူး။
ကိုယ့်ရဲ့ နန်းတွင်းမှာ စည်းလုံး ညီညွတ်မှုက မရှိဘူး။ အဲဒါကြောင့် ရှင်းရှင်းပြောရရင် နောက်ဆုံးစိုးစံခဲ့တဲ့ မွန်ဘုရင် အသုံးမကျ အရည်အသွေး ညံ့ဖျင်းလို့ ဟံသာဝတီ နိုင်ငံတော် ကျုံးသွားရတာ ဖြစ်တယ်လို့ ခုလက်ရှိ ခေါင်းဆောင်တွေ မွန်ပညာရှင်တွေက ဒီလိုဘဲ သုံးသပ်ကြတယ်။ ပြောကြတယ်။ ကိုယ် အသုံးမကျလို့ ဆုံးရှုံးရတာကို သဘောတူကြတယ်´ ဟု ဆိုသည်။
ညနေပိုင်းတွင် ၀င်းကရှိ ဗုဒ္ဓါဂါယာ စေတီတော်သို့ သွားရောက်ကာ မွန်လူငယ်များက ဖယောင်းတိုင် ဆီးမီးများ ထွန်းညှိကာ ဟံသာဝတီခေတ်က ဘိုးဘွားဘီဘင်များအတွက် ဆုတောင်း အမျှဝေခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် ´မွန်လူမျိုးများ ဘေးဒုက္ခအပေါင်းမှ ကင်းဝေး လွတ်မြောက်ပါစေ´ လို့ အဓိပ္ပါယ်ရသည့် မွန်စာဖြင့် ဖယောင်းတိုင်များကို ပုံဖော်ကာ ထွန်းညှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားမှာ အထူးစည်းကားကြောင်း သတင်းရရှိသည်။
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment