အဆောက်အဦများ သဘာဝ ဘေးဒဏ်ခံနိုင်ရေး အတွက် ရေးဆွဲလျက်ရှိသည့် အဆောက်အဦ ဆိုင်ရာ စည်းမျဉ်း(Building Code) မူကြမ်းအား ၂၀၁၂ ခုနှစ် ဇွန်လတွင် ထွက်ရှိမည်ဖြစ်ပြီး အဆိုပါမူကြမ်းအား စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်း အဆောက်အဦဆိုင်ရာ စည်းမျဉ်းရေးဆွဲရေးအဖွဲ့မှ သိရသည်။
အလားတူ အဆောက်အဦဆိုင်ရာ စည်းမျဉ်းအား အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ stakeholders များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း အဆိုပါ စည်းမျဉ်းရေးဆွဲရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။“အခုဆိုရင် Building Code ရေးဆွဲမှုက တော်တော်လေးပြီးနေပြီ။ မူကြမ်းကလည်း ဇွန်လမှာထွက်မယ်။ ဒီမူကြမ်းမှာပါတဲ့ အချက်အလက်တွေကို အစမ်းအနေနဲ့ပဲဖြစ် ဖြစ် စတင်အသုံးပြုနိုင်ပါပြီ။ လက်ရှိ ရေးဆွဲထားတာကို ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်း ဆွေးနွေးနေပါပြီ။ နောက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကလည်း တင်ပြဆွေးနွေးလာကြတယ်။ တခြားဌာနဆိုင်ရာတွေ ကလည်း သူတို့ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် ဆောင်ရွက်ထားရှိမှုနဲ့ စီမံထားရှိမှုတွေကို တင်ပြတယ်။ အဲဒီတင်ပြချက် တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု အထပ်မြင့် အဆောက်အဦများ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ရှိ ရေးဆွဲလျက်ရှိသော စည်းမျဉ်းအား ၂၀၁၂ခုနှစ်ဇွန်လတွင် early Adopt provisional NBC နှင့် ၂၀၁၄ခုနှစ် တွင် early Adopt standard NBC အဖြစ် ထွက်ရှိမည်ဖြစ်ပြီး လက်ရှိ ၂၀၁၂ ခုနှစ် ဇွန်လတွင် ထွက်ရှိမည့် early Adopt provisional NBC အဆင့်ဖြင့်ပင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။
“ဥပဒေနဲ့ ဘောင်နဲ့မလုပ်ရင် လူတွေက လျော့လျော့ပဲ လုပ်ကြတယ်။ အခု ဒီစည်းမျဉ်းထွက်လာ ရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကလည်း ဆောက်ချင်တိုင်း ဆောက်လို့ မရတော့ဘူး။ ဘယ်လို ပုံစံဆောက်မှ အန္တရာယ်ကင်းတဲ့ အဆောက်အအုံတွေ ဖြစ်မယ်ဆိုတာပါဝင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဒေသအများစု အောက်ခံမြေ သားတွေမတူဘူး။ ဒီတော့ရေးဆွဲမှု အပိုင်းမှာလည်း မတူနိုင်ဘူး။ နောက်ပိုင်းကျရင် ရခိုင်အတွက် Code တစ်မျိုး၊ ရှမ်းအတွက်က Code တစ်မျိုးဆိုတာ ထွက်လာမှာပါ”ဟုလည်း အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲ တက်ရောက်လာသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အဦဆိုင်ရာ စည်းမျဉ်းအား လွန်ခဲ့သည့် ခြောက်လခန့်မှ စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း ဆွေးနွေးနေကြကြောင်းလည်း သိရှိရသည်။
Source by :http://www.news-eleven.com/
0 comments:
Post a Comment