Home » » ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ရေနစ်မြုပ်နေသည့် ဒေသများတွင် ဆက်လက်လှူဒါန်း

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ရေနစ်မြုပ်နေသည့် ဒေသများတွင် ဆက်လက်လှူဒါန်း

Written By မောင်စေတနာ on Tuesday, December 13, 2011 | 1:30:00 AM



ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ဘန်ကောက်မြို့နှင့် အနီးတ၀ိုက် ဒေသများရှိ ရေဘေးဒဏ် ခံနေရသော ဒေသများတွင် အစားအသောက်များနှင့် လိုအပ်သည့် ပစ္စည်းများအား ဆက်လက် လှူဒါန်းပေးလျက် ရှိသည်။

ထို့အတူ ရွှေတွံတေး ဆရာတော်ကလည်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများ လာရောက် လှူဒါန်းထားသော အစားအစာများကို FED နှင့်အတူ လိုက်လံပြီး ဖြန့်ဝေ ကူညီပေးသည်။

ဆရာတော်က “ဒုက္ခရောက်နေကြတဲ့ အချိန်မှာ လူမျိုးမရွေး ဘာသာမရွေး ပူးပေါင်းပြီးတော့ ကူညီကြတာ ကောင်းပါတယ်။ တတ်နိုင်တာလေးတွေကို ၀ိုင်းဝန်း လုပ်ဆောင်ကြပါ”ဟု မိန့်တော်မူသည်။

မဟာချိုင် ၀တ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်းတွင် ရွှေတွံတေး ဆရာတော် အသျှင် ၀ါယမနှင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)တို့ ပူးပေါင်း ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေး ယာယီစခန်းတွင်လည်း FEDက (၄၂)လက်မ တီဗွီတစ်လုံးနှင့် စလောင်းအပါအ၀င်၊ ရေတိုင်ကီများ၊ ထီးခြင်ထောင်များ၊ အစားအစာများနှင့် အခြားလိုအပ်သည့် အသုံးအဆောင်များကို လှူဒါန်းခဲ့သည်။

FEDမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ထိုင်းမှာ ဘေးဒုက္ခ တစ်ခုခုကြုံလိုက်ရင် ထိုင်းလူမျိုးပြီးရင် ဒုတိယ အခက်အခဲ ဖြစ်တာက မြန်မာ အလုပ်သမားတွေဖြစ်တယ်။ ထိုင်းလူမျိုးတွေအနေနဲ့ အကူအညီတွေကို အပြည့်အ၀ ရရှိပေမယ့် မြန်မာ အလုပ်သမားတွေ အနေနဲ့ အပြည့်အ၀ မရဘူး။ အလုပ်သမား အခွင့်အရေးတွေ အပိုင်းမှာလည်း ထိုနည်း အတိုင်းပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ လုပ်နေကြတာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိ ရေနစ်မြုပ်နေဆဲဖြစ်သော ဘန်ကောက်မြို့ ဖက်ကဆင်၊ အုန်းနွဲ့ စိုင်ဟတ်၊ ဘန်ခေ အပြင် ဒွန်မောင်း လေယာဉ်ကွင်း အနီးရှိ ရမ်စစ် (Runsit)မှ မွတ်ဆလင် ဦးရေ (၆၀၀)ကျော် အတွက်လည်း ဆရာတော်နှင့်အတူ ဦးထူးချစ်က အစားအစာနှင့် သောက်ရေများ သွားရောက် လှူဒါန်းခဲ့သည်။



ရေဘေးသင့် ဒုက္ခသည်များအတွက် လိုအပ်သည့် ပစ္စည်းများကို FEDမှ ယခုလို သွားရောက် လှူဒါန်းပေးနေသည့် အစီအစဉ်တွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရွှေ့ပြောင်း အလုပ်သမားများကလည်း ၎င်းတို့ တတ်နိုင်သည့် ဘက်မှ ပူးပေါင်းပါဝင်ပြီး လှူဒါန်းပေးလျက် ရှိကြသည်။

ဝတ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး ကျောင်းတွင်လည်း အစားအစာများကို ၀ယ်ယူစုဆောင်းလျက် လာမည့် နှစ်ရက်အတွင်း အယုဒ္ဓယနှင့် အခြားကျန်နေသေသည့် ရေဘေးသင့် နေရာများတွင် ဆက်လက် လှူဒါန်းသွားမည် ဖြစ်သည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။