Home » , » သေကြောင်းကြံတယ်လို့ ယူဆရတဲ့ မြန်မာ အိမ်ဖော်သတင်းနဲ့ ပတ်သက်ပြီး ဝေဖန် အကြံပြုခြင်း(ကလျာစိုး/Facebook)

သေကြောင်းကြံတယ်လို့ ယူဆရတဲ့ မြန်မာ အိမ်ဖော်သတင်းနဲ့ ပတ်သက်ပြီး ဝေဖန် အကြံပြုခြင်း(ကလျာစိုး/Facebook)

Written By မောင်စေတနာ on Thursday, December 15, 2011 | 5:30:00 AM



Suspected suicide attempt at KPE flyover. ဆိုတဲ့ သတင်း ပေါ်ထွက်လာပြီးတဲ့ အချိန်မှာပဲ အင်တာနက် စာမျက်နှာတွေနဲ့ Facebook ပေါ်မှာ သတင်းတွေ အနေနဲ့ တင်ခဲ့ကြတယ်။ ကျမလည်း သတင်းတခု အနေနဲ့ မူရင်း အင်္ဂလိပ်လို အတိုင်း တင်ခဲ့ပါတယ်။

အဲ့ဒီအချိန်အတွင်းမှာပဲ ကွန်မန့်တွေ အများကြီး တက်လာခဲ့ကြတယ်။ တယောက်နဲ့တယောက် အတွေးအမြင်၊ အယူအဆ ကွဲပြားတဲ့ ကွန်မန့်တွေပေါ့။ တချို့ကလည်း စိတ်မကောင်းတဲ့ အကြောင်း၊ တချို့ကလည်း စိတ်ညစ်စရာလို့ ခံစားရတယ်၊ တချို့ကလည်း ဒီလို လုပ်ကြံသတ်သေတာကိုပဲ စတိုင်လုပ်သလို အပြစ်မြင်ကြပါတယ်။ ဟုတ်ပါတယ်… အမှန်တော့ ဒါက တကယ် မလုပ်သင့်တဲ့ လုပ်ရပ်ပ့ါ။

ဒီတကြိမ်နဲ့ပါ ဆိုရင် မြန်မာမိန်းကလေးတွေ စင်္ကာပူမှာ သေကြောင်းကြံတာ ဆက်တိုက် ဆိုသလို (၂ ) ကြိမ်ဖြစ်ခဲ့ပါပြီ။ ပထမတခါ မရင်ငြိမ်းအေး သတ်သေတဲ့ ကိစ္စကတော့ သူ့ရဲ့ နှလုံးသာရေးရာပေါ့။ အခု တကြိမ်ကလည်း ဘာကြောင့် သေကြောင်းကြံတယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။ သူမရဲ့ အလုပ်က အိမ်ဖော်အလုပ် ဆိုတာရယ်၊ သူမဟာ Made Agency ကနေ ထွက်ပြေးလာတာလို့လည်း သိရတယ်။ ဒါကြောင့် အဲ့ဒီမှာ ကွာခြားတာလေးကို ပြောပြချင်တာပါ။

စင်္ကာပူမှာ အိမ်ဖော် လာလုပ်ကြရတဲ့ မိန်းကလေးတွေ အနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာပြည်က မိန်းကလေးတွေပါ။ အဲ့ဒီလို လူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေ ရတဲ့ အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ်ဖော်တွေ ရတဲ့ အခွင့်အရေး အများကြီး ကွာခြားပါတယ်။ ကျမနဲ့ အိမ်မှာ တခန်းတည်း အတူနေခဲ့တဲ့ ညီမလေး တယောက်က Maid Agency မှာ ရုံးဝန်ထမ်း လုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမ သိခဲ့ရတယ်။

မြန်မာအိမ်ဖော်တွေ အဓိက အနှိမ်ခံရတဲ့ အချက်တွေက ဘာသာစကား အားနည်းမှု၊ မိမိ အလုပ်ရှင်ကို ရိုသေလေးစား အားနာမှု၊ သည်းခံတတ်မှုတွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့ အခွင့်အရေး ကွာခြားတာကို ကျမ ရှင်းပြပါ့မယ်။

ဖိလစ်ပိုင်က လာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော် သွားလုပ်တော့မယ် ဆိုရင် မသွားခင်မှာ အရင်ဆုံး သင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့် လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာတဲ့ အိမ်ဖော် မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။

ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင် စားသောက်ဖို့ အဆင် မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစ ပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ စင်္ကာပူမှာ အလုပ်ရမယ် ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကို မြင်မှ သိလိုက်ရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမလည်ပါဘူး။ ဘာမှန်းညာမှန်း မသိပဲ အလုပ်ရချင်တဲ့ စိတ်လေး တခုတည်းနဲ့ ရောက်ခဲ့ကြတာ။

ဒီတော့ ဘယ်မှာလည်း သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ… တကယ့်ကို ဘာမှ မရှိဘဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ ယှဉ်ပြီးလည်း ရွေးရော မြန်မာလူမျိုးက ဘာမှ မတတ်ဘူးဆိုပြီး Agent က စလို့ လစာကို နှိမ်ပြီး သတ်မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီ ပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စင်္ကာပူ လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကား အားနည်းလို့ ဆိုပြီး စလုံးတရုတ် အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလကို စင်္ကာပူဒေါ်လာ (၆၀၀) ရတဲ့ အချိန်မှာ မြန်မာလူမျိုးကို တလ စင်္ကာပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက် ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁)ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့် ပေးတယ်။

အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်း ခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ် အလုပ် လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေက သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင်က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။

အဲ့လို ဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ်ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ လူတယောက်ဟာ အကြောင်းမဲ့နဲ့တော့ ရခဲလှတဲ့ လူ့ဘ၀ကြီးကို စိတ်ကုန်ပြီး ကိုယ့်အသက်ကိုတောင် နှမြောရမှန်း မသိတော့အထိ မိုက်မဲမယ်လို့ မထင်ပါဘူး။ သူ့မှာလည်း သူ့ရဲ့ ခံစားချက်၊ အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀ လုပ်ရတဲ့ သူတွေလည်း အများကြီး ဆုံခဲ့ဖူးပါတယ်။

အရင်က ကျမနဲ့ ခင်တဲ့ ညီမလေး တယောက်ဆိုရင် အခုလို မြန်မာအိမ်ဖော်တွေ အတွက် သူငယ်ချင်းတွေ စုပြီး ပိတ်ရက်တွေမှာ လိုအပ်တဲ့ လူမှုရေး၊ ငွေရေး ကြေးရေး အကူအညီတွေ ပေးခဲ့ရပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကတော့ ကံကံရဲ့ အကျိုးဆိုပြီး ကံကိုပဲ ပုံချလိုက်ကြတာ များပါတယ်။ ဒါကြောင့် အခုလို အဖြစ်အပျက်မျိုးကို အပြစ်တင်ခြင်းထက် စာနာ နားလည်ပေးပြီး ဒီလိုဘ၀တွေကို ကျမတို့ ဖေးမ ကိုယ်ချင်းစာပြီး နှစ်သိမ့်ပေးသင့်ပါတယ်လို့ ဝေဖန် အကြံပြုချင်ပါတယ်။

ခင်မင်လေးစားလျက်
ကလျာစိုး
၁၂ ရက် ဒီဇင်ဘာ ၂၀၁၁

Source by :Facebook
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။