Home » » အလုပ်သမား (၁၂၇)ဦး လုပ်အားခ ဘတ်ငွေ သိန်းသုံးဆယ် နီးပါးရရှိ

အလုပ်သမား (၁၂၇)ဦး လုပ်အားခ ဘတ်ငွေ သိန်းသုံးဆယ် နီးပါးရရှိ

Written By မောင်စေတနာ on Friday, October 21, 2011 | 7:30:00 PM



ဘန်ကောက်မြို့၊ စန္ဒမလုံစောင်၊ ထ၀ီဝတ်ဌနာ (၁၉/၁)၊ မူဘန်း ခွန်ထ၀ီ အလုပ်ရုံ အိမ်အမှတ် (၁၆)ရှိ ဥဒုံဆတ် အထည်ချုပ် စက်ချုပ်ရုံမှ အလုပ်သမား (၁၂၇)ဦး ရရန်ရှိသော စက်တင်ဘာလ လုပ်အားခများ အနက်မှ ထက်ဝက်တိတိ ဘတ်ငွေ နှစ်ဆယ့် ကိုးသိန်းကျော်အား ယမန်နေ့က ရရှိခဲ့ပြီဖြစ်သည်။

အောက်တိုဘာလ (၁၂)ရက်နေ့က အလုပ်သမားများ အထဲမှ ဦးဆောင်သူ ဖြစ်သော ကိုဝင်းနိုင်က ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT)ရုံးသို့ အကူအညီ တောင်းခံခဲ့သည်။

BAT က ထိုင်းအန်ဂျီအို နှစ်ဖွဲ့နှင့်အတူ မြန်မာသံရုံးမှ “မြန်မာနိုင်သားများ ကူညီ စောင့်ရှောက်ရေးအသင်း’’ သို့ သတင်းပို့ခဲ့ပြီး အလုပ်သမားများ ရှိရာသို့ သွားရောက်ခဲ့ကြသည်။ လုပ်ငန်းရှင်မှ အလုပ်မဆင်းပါက အလုပ်ဖြုတ်ပစ်မည် ဖြစ်ကြောင်း စာကပ်ထားသဖြင့် BAT အဖွဲ့က ထိုင်းအန်ဂျီအိုများနှင့် တိုင်ပင်ကာ အလုပ်သမားများ အလုပ်ဆင်းကြရန် မေတ္တာရပ်ခံခဲ့ပြီး ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

အလုပ်သမားများ အထဲမှ ဦးဆောင်သူ ကိုဝင်းနိုင်က “ဘန်ကောက်မှာ ရေကြီးမယ်လို့ ထိုင်းအစိုးရက ကြေညာနေတော့ မြန်မာအလုပ်သမားတွေ စိုးရိမ် နေကြတယ်လေ။ လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိဘူး။ အရေးအကြောင်းဆိုရင် ကျနော်တို့ ဘာနဲ့စားမလဲ၊ ဘာနဲ့ ပြေးမလဲ။ အချို့ မိဘတွေက ပြန်ခေါ်နေကြတယ်။ အဲဒါကို လုပ်ငန်းရှင်က ဒီလကုန်မှ ထုတ်ပေးမယ်ပဲ ပြောနေတော့ BAT အဖွဲ့ကို အကူအညီ တောင်းခဲ့တယ်။ စက်တင်ဘာလ အတွက် လုပ်အားခထဲက ထက်ဝက်တိတိကို မနေ့က အလုပ်သမား တစ်ယောက်ကို ဘတ်တစ်သောင်းခွဲစီ ထုတ်ပေးပါတယ်။ ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်’’ ဟုပြောသည်။

စက်တင်ဘာလ လုပ်အားခ ကျန်ငွေ ထက်ဝက်ကို အောက်တိုဘာလ (၂၇)ရက်နေ့တွင် ထုတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါ အလုပ်ရုံတွင် တစ်လစာ ရက်ပေါင်း ထားရသည်။ လုပ်အားခ ငွေအချို့ ရရှိသွားခဲ့ ကြသဖြင့် အလုပ်သမား (၇၀)ဦး ထက်မနည်း မိဘများ နေရပ်ရင်း မြန်မာနိုင်ငံသို့ ယနေ့ နံနက်က ခေတ္တ ပြန်သွားနိုင်ခဲ့ကြပြီး ဖြစ်သည်။

BAT တာဝန်ခံ ဦးကျော်သောင်းက “အလုပ်သမားတွေဆီကို သွားပြီးတော့ အချက်အလက်တွေကို ယူတယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် ထိုင်းအဖွဲ့ နှစ်ခုကို အီးမေလ်းပို့တယ်။ တပြိုင်တည်းမှာပဲ မြန်မာသံရုံးမှာ ဖွဲ့စည်းထား ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ကူညီစောင့် ရှောက်ရေးအသင်းကို အကြောင်းကြားခဲ့တယ်။ ဘာဖြစ်ဖြစ် မြန်မာအစိုးရက ထိုင်းမှာရှိတဲ့ အလုပ်သမားတွေ အတွက် ကူညီဖို့ လုပ်တာကိုတော့ ကြိုဆိုပါတယ်။ ကျနော်တို့အတွက် အားလည်း ရှိတာပေါ့” ဟုပြောသည်။

လုပ်ငန်းရှင်က အထည်များ ပျက်သည်ဟု အကြောင်းပြပြီး ဘတ်ငွေ နှစ်သောင်းကျော်စီ ဖြတ်တောက်ခံထားရသည့် အလုပ်သမား (၆)ဦးနှင့် အခြားသော အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများစွာ ရှိသေးသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၁)ရက်နေ့ ညနေပိုင်းက ဘန်ကောက်မြို့ မြန်မာသံရုံးတွင် မြန်မာအစိုးရ အလုပ်သမား ဒုဝန်ကြီးနှင့် ဘန်ကောက် မြန်မာသံရုံး သံမှူးတို့ ဦးဆောင်းဖွဲ့ စည်းခဲ့သော “မြန်မာနိုင်ငံသားများ ကူညီစောင့်ရေး အသင်း” ဖွဲ့စည်းခြင်း အစည်းဝေးသို့ နိုင်ငံတကာအင်ဂျီအိုများနှင့် အတူ BAT အဖွဲ့လည်း တက်ရောက်ခွင့် ရရှိခဲ့သည်။

ယခု အောင်မြင်မှုမှာ ထိုင်းအန်ဂျီအို၊ မြန်မာသံရုံးနှင့် BAT အဖွဲ့တို့၏ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ခြင်း၏ အောင်မြင်မှုရလဒ် ဖြစ်ကြောင်း မြန်မာသံရုံးမှ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အသင်း တာဝန်ရှိသူက ပြောသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။