Home » , , » Gmail ရောင်းရန် ရှိသည်

Gmail ရောင်းရန် ရှိသည်

Written By မောင်စေတနာ on Tuesday, September 13, 2011 | 6:55:00 AM



“Verify Gmail Gtalk အကောင့်ခ်အသစ်ဖွင့်ခြင်း ၉,ဝဝဝ ကျပ်၊ Gmail အကောင့်ခ်အား 7GB, Storage မှ 27 GB Storage Update လုပ်ခြင်း ၉,ဝဝဝ ကျပ်။ မိမိ Gmail အကောင့်ခ်အတွင်း Verification ဖြစ်ခြင်း၊ Lock ကျခြင်းဖြစ်ကာ အကောင့်ခ်ထဲသို့ ဝင်မရသူများအား အထူး ဝန်ဆောင်မှုပေးသည်။”

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အိုင်တီဂျာနယ်တခုတွင် ပါရှိသည့် ကြော်ငြာကြောင့် ဂျီမေးလ်ကို အခမဲ့ အသုံးပြုခွင့် ရနေသူများကို အံအားသင့်စေမှာ ဖြစ်သည်။

“ကိုးထောင်ပါပဲ အကို။ နိုင်ငံခြားက အသိတွေက လုပ်ပေးတာပါ။ ကျနော်တို့က တဆင့်ပြန်လုပ် ပေးတာ ဆိုတော့လေ။ ကျနော်တို့က အကောင့်ခ်တခုကို ဘယ်လောက်ပေါ့” ဟု ဝန်ဆောင်မှု လုပ်ငန်း တခုမှ တာဝန်ရှိသူ တဦးက ပြောပြသည်။

sellgmail1 ယင်းကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ ထွက်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ဂျီမေးလ်ကို အခမဲ့ ဝန်ဆောင်မှု ပေးနေရာမှ လုံခြုံရေးအတွက် Verification Code ထည့်သွင်း ရသည့် စနစ် ကျင့်သုံးလာခြင်းမှ အခြေခံ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။

ဂူဂဲလ်က မိမိထံတွင် အကောင့်ခ်အသစ် ပြုလုပ်လိုလျှင် ဖြစ်စေ၊ Code မထည့်သွင်းနိုင်သဖြင့် ဖွင့်မရ ဖြစ်နေသည့်မေးလ်အဟောင်းအား ပြန်ဖွင့်လိုလျှင်ဖြစ်စေ သုံးစွဲသူ မှန်ကန်ကြောင်း အတည်ပြုချက် အနေဖြင့် Verification Code တောင်းယူလေ့ရှိပြီး ယင်းကုတ် ရယူရန် အတွက် မိမိ၏ လက်ကိုင်ဖုန်းနံပါတ်ကို ပေးရလေ့ ရှိသည်။

ယင်းနောက် Verify Code ကို ဖုန်းသို့ SMS ဖြစ်သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း ပြန်လည်ပေးပို့ကာ ထိုကုတ်ရမှ သာလျှင်နောက်ဆုံး အဆင့် အဖြစ် မေးလ်ကို ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

အခြားနိုင်ငံများတွင် Verify Code ရယူရန် အတွက် လက်ကိုင်ဖုန်း ရှိရုံဖြင့် အဆင်ပြေ နေကြသော်လည်း မြန်မာပြည်မှ ဖုန်းနံပါတ်များ ထည့်သွင်းသော်လည်း “Sorry, the selected country is not supported for verification” ဟု သာ အကြောင်းပြန်လာပြီး မေးလ်အကောင့်ခ်သစ်များ ပြုလုပ်မရခြင်း ဖြစ်သည်။

ရှိပြီးသား အကောင့်ခ်ဟောင်းများအတွက်လည်း လုံခြုံရေးအတွက် လွန်ခဲ့သည့်နှစ် စက်တင်ဘာလလောက်ကမှ စတင် တောင်းယူမှုရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိ အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

“အရင်တုန်းကတော့ ရတယ်။ အရင်တုန်းက ဖုန်းနံပါတ်တွေ ဘာတွေ မတောင်းဘူးပေါ့။ နောက်ပိုင်းကျတော့ Gmailက ကျနော်တို့လို အကောင့်ခ် ဖွင့်မယ်ဆို ဖုန်းနံပါတ်တွေ တောင်းလာတာပေါ့။ Verify လုပ်ပါဆိုပြီးတော့။
တောင်းလာတော့ ကျနော်တို့က ရိုက်မယ်ဆိုရင် မရဘူး” ဟု ရန်ကုန်မြို့ခံ အင်တာနက်သုံးစွဲသူ တဦးက ဆိုသည်။

အင်တာနက်သုံးစွဲသူများအကြား အခက်အခဲတွေ့နေရခြင်းမှာ ဂူဂဲလ်မှ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများတွင် SMS စာပို့စနစ် ဖွင့်ပေးမထားခြင်းက အဓိကကျသည်ဟု အင်တာနက် သုံးစွဲသူများက သုံးသပ်သည်။

“အဓိက ကတော့ အကိုရာ။ SMS အဝင် မရတာပေါ့နော် ဒါပါပဲ။ မြန်မာပြည်မှာ SMS အဝင်မရတဲ့ အတွက်ကြောင့် မို့လို့ Verify လုပ်လို့ရှိရင် နိုင်ငံခြား SIM ကတ်ကနေ လုပ်ရတာပေါ့။ တခြားတော့ ဘာမှ မရှိပါဘူး။ အဓိက Point ကတော့ ဒီသဘောပါပဲ” ဟု ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့ နည်းပညာ အခက်အခဲများကြောင့် ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တချို့တွင်လည်း ယခုကဲ့သို့ ဝန်ဆောင်မှု ပေးမှုများ ရှိလာပြီး အချို့ဆိုင်များတွင်မူ အကောင့်ခ်သစ် ဖြစ်လိုပါက ၃,ဝဝဝနှင့် ဖွင့်မရဘဲ
ဖြစ်နေသည့် မေးလ်များ ပြန်လည်ဖွင့်လိုပါက ၈,ဝဝဝ ကျပ်အဖြစ် သတ်မှတ် ကောက်ခံမှုများ ရှိနေသည်။

“သမီးတို့ လမ်းထိပ်မှာ အင်တာနက်ဆိုင် ရှိတယ်။ ၅ဝဝ ပေးရတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် မနန္ဒာက ဆိုသည်။ ဝန်ဆောင်ခနှုန်းကောက်ခံသည့် ဆိုင်များမှာ တဆိုင်နှင့် တဆိုင် မတူညီကြပေ။



sellgmailဂျီမေးလ်အပြင် အခြားသော အခမဲ့ရနိုင်သည့် မေးလ်များရှိနေသော်လည်း လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ မြန်မာစာ ရိုက်နိုင်ခြင်း၊ အသံဖြင့်ဖြစ်စေ ရုပ်ဖြင့်ဖြစ်စေ အမျိုးမျိုး အသုံးပြုနိုင်ခြင်းကြောင့် ဂျီမေးလ်ကို လူသုံးများသည်။

ဂျီမေးလ်အတွင်း မေးလ်လိပ်စာတခု ထပ်ပေါင်းထည့်ခြင်း Add မည်ဆိုပါက မြန်မာဘာသာမှ အင်္ဂလိပ်၊ ပါဋ္ဌိ အပြင် အခြားသော ဘာသာစကားများသို့ ဘာသာပြန်ဆိုပေးနိုင်သည့် ဆော့ဖ်ဝဲလ်များ တီထွင်နေကြခြင်းက သက်သေ တခုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း ၅ သိန်း ဝန်းကျင်ခန့်ရှိနေပြီး တရားဝင် အများပြည်သူသုံး အင်တာနက် ဆိုင်ပေါင်း ၈ဝ၂ ခုရှိကြောင်း မြန်မာအင်ဖိုတက်ခ်က ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ စာရင်းများအရ သိရသည်။

ယခုပြုလုပ်လိုက်သည့် Verify စနစ်ကြောင့် အကောင့်ခ်သစ် ဖြစ်လိုသူများအတွက် ပြဿနာ မရှိသော်လည်း အကောင့်ခ်ဟောင်း Lock ဖြစ်နေသူများမှာမူ ဒုက္ခရောက်နေကြသည်။ မိမိမေးလ်အတွင်း သိမ်းဆည်းထားသည့် အချက်အလက်များ အပြင် အခြားသော အဆက်အသွယ်များ ပြတ်တောက် ကုန်သည့်အတွက် အခက်တွေ့နေရသည်။

ကိုမင်းမင်းသည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်မှစ၍ ဂျီမေးလ်ကို မိမိနာမည်အရင်းဖြင့် အသုံးပြုခဲ့သူဖြစ်ကာ ယခု စနစ်သစ်ကြောင့် Verify Code မထည့်နိုင်သည့် အတွက် ဖွင့်မရဘဲ အခြားမေးလ်တခုဖြင့် အသုံးပြုနေရသူ ဖြစ်သည်။

သို့သော် ဝန်ဆောင်မှုလုပ်ငန်းများမှ ပြုလုပ်ပေးသည့် မေးလ်အကောင့်ခ်များမှာ လုံခြုံစိတ်ချရမှု နည်းပါးပြီး ပြုလုပ် ပေးသူမှ ပြန်လည်ခိုးယူမှုတွေလည်း ရှိကြောင်း အင်တာနက် လုံခြုံရေး ဘာသာရပ် ကျောင်းသားများက သတိပေးထားသည်။

“အဲဒီလိုဖွင့်ပေး၊ ပြီးလဲပြီးရော ပိုင်ရှင်မသိအောင် Hack လို့ ရသွားရော။ ပိုင်ရှင်က သုံးလို့ ခြောက်လ၊ တနှစ်နေရင် စကားဝှက်မှားလို့ ဘာညာဆိုပြီး လုပ်ထားတဲ့ ဖုံးနံပတ်နဲ့ စကားဝှက် ပြန်တောင်းပြီး ယူလိုက် ရုံပဲလေ။

အဲဒီလိုနဲ့ပြည်တွင်းက ဂျီမေလ်းတွေ ပါကုန်တာ မနည်း။ အဲဒီလိုပါသွားရင် မေးလ်ထဲက အချက်အလက်တွေ ကုန်ပြီလေ။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအစ ပါကုန်ပြီလေ” ဟု အင်တာနက် လုံခြုံရေးဘာသာ အဓိကဖြင့် ကျောင်းတက် နေသူ ကိုမောင်မောင်က ပြောဆိုသည်။

ဝန်ဆောင်မှုကို မကျေနပ်သော်လည်း အရေးကြီးသည့် အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို မေးလ်အတွင်း သိမ်းဆည်းထားသူများကတော့ ဝန်ဆောင်မှု လုပ်ငန်းများကို အားကိုး နေရသည်။ ယင်းသို့ အားမကိုးလိုသူများမှာမူ ပြည်ပရှိ မိမိအသိမိတ်ဆွေများကို အကူအညီတောင်း ဖွင့်လှစ်ခိုင်းနေရတော့သည်။

Source by :http://www.mizzimaburmese.com/news/business/8298-gmail-.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။