Home » » ခိုးမှုဖြင့် စွပ်စွဲခံရသူ မြန်မာအိမ်ဖော် တစ်ဦးအား FED ကူညီရန် ပြင်ဆင်

ခိုးမှုဖြင့် စွပ်စွဲခံရသူ မြန်မာအိမ်ဖော် တစ်ဦးအား FED ကူညီရန် ပြင်ဆင်

Written By မောင်စေတနာ on Tuesday, August 2, 2011 | 4:46:00 AM

http://www.ghre.org/mm/shared_media/images/20110729a.jpg
မချိုမာစိုး

လက်ဝတ်ရတနာ ခိုးယူမှုဖြင့် စွပ်စွဲချုပ်နှောင်ခြင်း ခံထားရသည့် မြန်မာအလုပ်သမ တစ်ဦးအား ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ဥပဒေကြောင်းအရ အကူအညီပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ၊ စူရတ်မြို့၊ BC ကုန်တိုက် အနီးရှိ နယ်မြေ(၄) ၀န်ကုမ့်ရပ်ကွက် ထိုင်းလုပ်ငန်းရှင် တစ်ဦး၏ နေအိမ်တွင် အချိန်ပိုင်း သန့်ရှင်းရေး လုပ်သည့် မြန်မာအလုပ်သမ မချိုမာစိုးမှာ ဇူလိုင်လ (၂၄)ရက်နေ့က အိမ်ရှင်၏ လက်ဝတ် ရတနာ တချို့ ခိုးယူသည်ဟု စွပ်စွဲခြင်းခံရပြီး ယခုအခါ ရဲစခန်းတွင် ချုပ်နှောင် ခံထားရသည်ဟု သူမ၏ အစ်ကို ဖြစ်သူက ပြောသည်။

သူမ၏ အစ်ကိုဖြစ်သူ ကိုညီထွေးက “အိမ်သာဆေးပြီး အထွက်မှာ အိမ်ရှင် အမျိုးသားက ညီမလေးလက်ကို ဖမ်းချုပ်ထား လိုက်တယ်။ သူ့ဇနီးက ညီမလေး အတွင်းခံ အင်္ကျီထဲကို လက်စွပ်တစ်ကွင်းနဲ့ အတွင်းခံ ဘောင်းဘီထဲကို တစ်ကွင်း ထည့်လိုက်တယ်။ ပြီးတော့ နားကပ်တစ်ခုကို သတင်းစာနဲ့ ထုပ်ပြီးတော့ ညီမလေးကို ဓါတ်ပုံရိုက်တယ်”ဟု ညီမ၏ အဖြစ်ကို ပြန်ပြောပြသည်။

မိသားစုများထံသို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၏ ဥပဒေရေးရာ အထောက်အကူပြုဌာနမှ ထိုင်းရှေ့နေ တစ်ဦးနှင့် ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ခွန်သောမတ်စ်တို့ ယမန်နေ့က သွားရောက် တွေ့ဆုံခဲ့ကြသည်။ သူမတွင် နှလုံးရောဂါရှိသဖြင့် ပထမ အနေဖြင့် အာမခံ ရရှိနိုင်ရန် ကြိုးစားမည်ဟုလည်း သိရှိရသည်။

ခွန်သောမတ်စ်က “အခြေအနေက ပြောရခက်နေတယ်။ လုပ်အားခ မပေးချင်လို့ အိမ်ရှင် လုပ်ကြံတာလားလို့ စဉ်းစား ရအောင်လည်း လုပ်အားခက နည်းနည်းပဲ ရှိတယ်။ တခြား ရန်ဖြစ်တာတို့၊ မဖွယ်မရာ ကိစ္စရပ်တို့ ရှိနိုင်မလားလို့ မေးကြည့် တော့လည်း ဘာမှ မသိရဘူး ဖြစ်နေတယ်။ အိမ်ရှင် ဘယ်လို စိတ်ကူးနဲ့ ဒီလိုလုပ်တာလဲဆိုတာ မှန်းဆရ ခက်နေတယ်”ဟု ပြောသည်။

ထိုင်းလုပ်ငန်းရှင်က စိန်လက်စွပ်နှင့် ရွှေနားကပ်အား ခိုးယူမှု (ဖါးဖမ်း-၁၉/၅၄)အမှု ဖွင့်ထားပြီး လာမည့် သြဂုတ်လ (၅)ရက်နေသို့ ရုံးချိန်း ချိန်းဆိုထားသည်။

FED အနေဖြင့် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် အကာအကွယ် ရရှိနိုင်ရန် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။