ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့ကျိုတက္ကသိုလ်က ကျောင်းသူတဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုနဲ့ စွပ်စွဲချုပ်နှောင်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၂ ဦးထဲက ပြစ်မှုကျုးလွန်ခဲ့ခြင်း မရှိတဲ့ စိုင်းထွန်းကို ချင်းမိုင်တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး လွှတ်ပေးလိုက်ပါတယ်။
စိုင်းထွန်းကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး အမှုစစ်ဆေးခဲ့ရာမှာ အပြစ်မရှိတဲ့အတွက် အခုလ စောစောပိုင်းကပဲ လွှတ်ပေးလိုက်တာပါ။
ဒီအမှုကို MAP ခေါ် တိုင်းရင်းသား အလုပ်သမား ကျန်းမာရေးနဲ့ ပညာပေး ဖောင်ဒေးရှင်းက ထိုင်းရှေ့နေတဦးကို ငှားရမ်းပြီး လိုက်လံ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရှေ့နေက အမှုအကြောင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ခုဆို တရားရုံးက သူ့ အပေါ်စွပ်စွဲထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး စိုင်းထွန်းကို လွှတ်ပေးဖို့ အမိန့် ချမှတ်လိုက်ပြီဖြစ်တယ်။ နောက်တဆင့်မှာ ကျနော်တို့က သူ့ ရဲ့နစ်နာကြေးတွေရဖို့  တောင်းဆိုချက် တင်သွင်းပေးနေတယ်။ သူ ၂ နှစ်ကြာ အချုပ်ကျနေရတဲ့အတွက် တရက်ကို ဘတ် ၂၀၀ နှုန်းနဲ့ လျော်ကြေးရမှာဖြစ်ပါတယ်။ ဒါကို ရာဇ၀တ်မှုသံသယနဲ့ မှားယွင်းချုပ်နှောင်ခံရသူ အတွက် နစ်နာကြေးလို့ ခေါ်ပါတယ်။ တရားရေးဌာနကို တောင်းဆိုမှာ ဖြစ်ပါတယ်။”
ချုပ်နှောင်ခံရတဲ့ ကာလဟာ ရက်ပေါင်း ၇၀၀ ကျော် ဖြစ်တဲ့အတွက် ဘတ်ငွေ တသိန်းကျော် ရရှိမှာ ဖြစ်ပါတယ်။
အမှုကျူးလွန်ကြောင်း ထင်ရှားတဲ့ ချိုင်းခေါ် ကျိုင်ဘွတ်ကိုတော့ ထောင်အနှစ် ၂၅ နှစ် ၆ လ အပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
စိုင်းထွန်းဟာ အမှုစစ်ဆေးနေချိန်မှာ ပြစ်မှုကျူးလွန်သူလို့ မ၀န်ခံတဲ့အတွက် ရဲတွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရတယ်လို ရှေ့နေရဲ့ အဆိုအရ သိရပါတယ်။
ရဲတွေမှာ သံသယဖြစ်ခံရသူကိုဖြစ်စေ၊ တရားခံကိုဖြစ်စေ ခုလို တရားဥပဒေမဲ့ နှိပ်စက်ခွင့် မရှိဘူးလို့ သူကပြောပါတယ်။ ဒါပေမယ့် ကာယကံရှင်က ဒါကို အမှုမလုပ်တဲ့ အတွက် ဒီကိစ္စကို သူက မဆောင်ရွက်တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့ ၂၀၀၉ ခုနှစ်က သေဆုံးသူ တက္ကသိုလ်ကျောင်းသူရဲ့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဆန္ဒပြ တောင်းဆိုတဲ့အတွက် ချင်းမိုင်က အလုပ်သမားလက်မှတ် မရှိသူ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ရဲနဲ့ စစ်တပ်က လိုက်လံ ဖမ်းဆီးရှင်းလင်းခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ခန့်မှန်းခြေအရ ချင်းမိုင်ခရိုင်အတွင်းမှာ မြန်မာအလုပ်သမား ၈ သောင်းခန့်ရှိပြီး အများအားဖြင့် အလုပ်သမား မှတ်ပုံတင် မရှိကြဘူးလို့ သတင်းမှတ်တမ်းများအရ သိရပါတယ်။
Source by :http://burmese.dvb.no

0 comments:
Post a Comment