
အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီရဲ့ လုပ်ကိုင်ပုံမဟုတ်တာကြောင့် ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် အေဂျင်စီက စတင်ခေါ်ယူကတည်းက ပါဝင်ခဲ့တဲ့ ပထမအသုတ် ကိုရီးယားသွား အလုပ်လုပ်ရမယ့်သူ ၉၂ ဦး အခက်တွေ့ နစ်နာနေကြပါတယ်။
နစ်နာနေတဲ့ ထဲပါတဲ့ ကိုရဲဇာမြင့်က “ပထမအကြိမ်မှာ လက်ရှိ ကျန်နေတဲ့သူတွေ သတင်းအချက်အလက် မပြည့်စုံဘူးဆိုပြီး ကိုရီးယားကနေ ပြန်လာတယ်။ ပြန်လာတာကို သူတို့က ဘာမှမပို့ဘဲနဲ့ ဒုတိယအကြိမ်မှာ ဖြစ်တဲ့ဟာတွေကိုပဲ ဆက်လက်ဆောင်ရွက်နေတယ်။
ကျနော်တို့ဟာတွေ ပြန်လာရင် အစအဆုံး ပြန်လုပ်ပေးရမှာဆိုတော့ သူတို့က ဒီတိုင်းပဲထားပြီး အသစ်တွေပဲ တင်ပေးတယ်။ ကိုရီးယားတွေကလည်း အဟောင်းတွေ ပြန်မလာတော့ဘူး။ သူတို့မလုပ်တော့ဘူးဆိုပြီး အသစ်တွေထဲကပဲ ရွေးတော့ ကျနော်တို့ ကျန်နေတယ်” လို့ ပြောပါတယ်။
အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီက ကိုရီးယားအလုပ်သမားကိစ္စ တာဝန်ယူဆောင်ရွက်ခဲ့တဲ့နောက် ကိုရီးယားမှာ အလုပ်လုပ်ဖို့ မှတ်ပုံတင်ထားပြီးသူ ၁၇၀၀ ကျော် ရှိပါတယ်။
အဲ့ဒီထဲက အခုကျန်နေသူ ၉၂ ဦး ကလွဲပြီး ကျန်တဲ့သူတွေအားလုံး ကိုရီးယားမှာ အလုပ်လုပ်နေကြပြီဖြစ်ပါတယ်။
ကိုရီးယားဘက်က အလုပ်ထပ်ခေါ်တဲ့အခါ အဲ့ဒီ ပထမအသုတ် ၉၂ ဦးမပါဘဲ နောက်အသုတ်က လူတွေ ကိုရီးယား ပါသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သွားရောက်စုံစမ်းတဲ့အခါ အစိုးရအေဂျင်စီက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ခင်နွယ်ဦးက ကိုရီးယားဘက်က မကြိုက်လို့ မရွေးတာဆိုပြီး မချေမငံ ပြောတယ်လို့လည်း ကိုရဲဇာမြင့်က ပြောပါတယ်။
ဒေါ်ခင်နွယ်ဦးကို ဆက်သွယ်မေးမြန်းကြည့်တော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ထုတ် ဗွိုင့်စ်သတင်းဂျာနယ်မှာတော့ တောင်ကိုရီးယားဘက်က သူတို့စိတ်ကြိုက် ရွေးခေါ်တာဖြစ်ပြီး အစိုးရအေဂျင်စီအနေနဲ့ အလုပ်ရမယ်လို့ အသေအချာ အာမခံထားခြင်းမရှိဘူးလို့ တာဝန်ရှိသူတဦးက ပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရဲဇာမြင့်က “စာချုပ်ထဲမှာ ကျနော်တို့ချုပ်တုန်းက အဲဒီအကြောင်းအချက်ကို ပါတယ်။ အဲဒါကို အကုန်လုံးကလည်း နားလည်တယ်။ အဲလိုမျိုး စာချုပ်ထဲမှာပါတဲ့ အကြောင်းအချက်ကြောင့်မို့လို့ ကျနော်တို့က အရွေးမခံရတာ မဟုတ်ဘူး။ သူတို့ရဲ့ ကျန်သေးတယ်ဆိုတဲ့ အချက်အလက်တွေကို မပို့လို့ ကျနော်တို့က ကျန်ခဲ့တာ။ လုပ်သားလိုအပ်ချက်က ဟိုမှာ ၈၀၀၀ ကျော်လောက် လိုအပ်နေတယ်။ အဲလို ၈၀၀၀ ကျော်လိုအပ်တာကို ကျနော်တို့ ခွဲတမ်းပါတဲ့ ၉၂ ယောက်ကို အချက်အလက် မပြည့်စုံလို့ မပို့ဘဲနဲ့ ဟိုကနေ ပို့ခိုင်းတာကို မပို့ဘဲနဲ့ ဒီကနေ အသစ်တွေပဲ ထပ်တင်ပေးလို့ ကျနော်တို့က ကျန်ခဲ့တာ။”
ကိုရီး ယားမှာ အလုပ်သွားလုပ်ရဖို့ လိုအပ်တဲ့ သင်တန်းတွေ တက်ရ၊ စာမေးပွဲတွေ ဖြေရနဲ့ တဦးကို အချိန် ကာလအနေနဲ့ ၅ နှစ်လောက်၊ ငွေကြေးအနေနဲ့ ကျပ်သိန်း ၂၀ လောက် ကုန်ကျထားကြပြီး ဖြစ်ပါတယ်။
ကိုရီး ယားမှာ အလုပ်သွားလုပ်ဖို့ ဖြေဆိုထားတဲ့ ကိုရီးယားဘာသာစကားအောင် လက်မှတ် သက်တမ်းကလည်း လာမယ့်အောက်တိုဘာလမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဒီတလနှစ်လအတွင်း ကျန်နေတဲ့ ၉၂ ဦးကို ကိုရီးယားက အလုပ်မခေါ်တော့ရင် သူတို့ရင်းနှီးထားရတဲ့ အချိန်နဲ့ ငွေကြေးတွေလည်း နစ်နာ ဆုံးရှုံးကြရတော့မှာ ဖြစ်ပါတယ်။
၉၂ ဦးရဲ့နစ်နာမှုကို သက်ဆိုင်ရာအလုပ်သမားဝန်ကြီးနဲ့သမ္မတထံ တင်ပြဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Source by :http://burmese.dvb.no
0 comments:
Post a Comment