Home » » လူငယ်ကစားသမားတို့ ခြေစွမ်းပြသည့်ပွဲ သို့မဟုတ် သရဲနီတို့၏ ဒုတိယအောင်ပွဲ [မန်ယူ ၃-၀ စပါး ပွဲစဉ်(၂)]

လူငယ်ကစားသမားတို့ ခြေစွမ်းပြသည့်ပွဲ သို့မဟုတ် သရဲနီတို့၏ ဒုတိယအောင်ပွဲ [မန်ယူ ၃-၀ စပါး ပွဲစဉ်(၂)]

Written By မောင်စေတနာ on Tuesday, August 23, 2011 | 4:52:00 PM



လူငယ်ကစားသမားတို့ ခြေစွမ်းပြသည့်ပွဲ သို့မဟုတ် သရဲနီတို့၏ ဒုတိယအောင်ပွဲ [မန်ယူ ၃-၀ စပါး ပွဲစဉ်(၂)]

သြဂုတ်လ(၂၂)ရက် ယနေ့ညတွင် ပရီးမီးယားလိဂ် ပွဲစဉ်(၂) နောက်ဆုံးပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းနှင့် တော့တင်ဟမ်ဟော့စ်ပါး အသင်းတို့သည် မန်ချက်စတာယူနိုက်တက်၏ အိမ်ကွင်းဖြစ်သော အိုးထရတ်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပါသည်။ ဤပွဲစဉ်တွင် သရဲနီတို့ဘက်မှ ဂိုးသမား ဒီဂီယာ၊ နောက်တန်း စမောလင်းဂ်၊ ဖီးလ်ဂျုံး၊ အီဗန်း၊ အီဗရာ၊ အလယ်တန်း နာနီ၊ ကလဲဗားလေး၊ အန်ဒါဆန်၊ အက်ရှ်လေယန်း နှင့် ရှေ့တန်းတွင် ရွန်းနေ၊ ဝဲလ်ဘက်ခ်တို့ဖြင့် မန်ယူအိမ်ကွင်း၏ ပွဲထွက်ပုံစံအတိုင်း (၄-၄-၂)ပုံစံဖြင့် ပွဲထွက်လာပါသည်။

စပါးတို့ကတာ့ ဂိုးသမား ဖရီဒဲလ်၊ နောက်တန်း ဝေါ့လ်ကာ၊ ကာဘောလ်၊ ဒေါ်ဆန်၊ အက်ဆူအက်ကိုတို၊ အလယ်တန်း လန်နွန်၊ လီဗာမိုး၊ ခရန်ချာ၊ ဘေးလ်၊ ဗန်ဒါဗတ်နှင့် ရှေ့တန်းတွင် ဒီဖိုးတစ်ဦးတည်း တိုက်စစ်ထားကစားကာ (၄-၅-၁) ပုံစံအခင်းအကျင်းနှင့် ပွဲထွက်လာပါသည်။ ပထမပိုင်းကစားကွက်ပုံစံတွင် သရဲနီတို့ စတင်တင်ကစားလာသော်လည်း အရင်ပွဲများထက် ခြေစွမ်းကျနေသော ရှေ့တန်းတိုက်စစ်မှူး ဝဲလ်ဘက်ခ်မှာ ဘောလုံးပျက်စီးမှုများပြားနေခဲ့ကာ အသင်းကိုထင်သလောက် အထောက်အပံ့မပြုနိုင်ဘဲ ရှိနေချေသည်။ အရင်ပွဲများထက် ကောင်းမွန်စွာ လက်စွမ်းပြလာသူမှာ ဂိုးသမား ဒီဂီယာဖြစ်၍ အသင်းနှင့် အံဝင်စပြုလာပြီဟုပြောနိုင်အောင် နောက်တန်းနှင့် အချိတ်အဆက်မိစွာ တွဲဖက်ကစားနိုင်လာသည်။ စပါးတို့မှာ တောင်ပံအသားပေးတိုက်စစ် ပုံစံနှင့် အလယ်တန်းအစွန်ကစားသမား ဘေးလ်အား အမီသဟဲပြု၍ ရံဖန်ရံခါတိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ကစားအားရှိ၍ တိုက်စစ်ကို ပံ့ပိုးနိုင်သော ကွင်းလယ်လူဗန်ဒါဗတ်နှင့် ခရန်ချာတို့မှာ တွဲလုံးမိ၍ သရဲနီတို့နောက်တန်းကို အကြိမ်ကြိမ်အလုပ်ရှုပ်စေခဲ့သည်။ သို့သော် ဂိုးပေါက်ကန်သွင်းမှု နည်းပါးခဲ့သည်။ တောင်ပံမှလန်နွန်၏ လျင်မြန်မှုအဟုန်ကိုလည်း နောက်ခံအစွန်လူ အီဗရာတစ်ယောက် ထိန်းရန်ခက်ခဲနေချေသည်။ အက်ရှ်လေယန်းမှာ ဘယ်ညာဇုန်နှစ်ခုစလုံးထိ လိုက်လံတွဲဖက်ကစားခဲ့သော်လည်း ဝဲလ်ဘက်ခ်နှင့် အတွဲမမိခဲ့ပေ။ ကန်သွင်းခွင့် အပိုင်ရရှိသော်လည်း ကလဲဗားလေး၏ ကန်ချက်ကို ဂိုးသမား ဖရီဒဲလ်က ကာကွယ်နိုင်ခဲ့သည်။ ခြုံငုံသုံးသပ်ရသော် ပထမပိုင်းပွဲပြီးသည်အထိ မန်ယူတို့ ရံဖန်ရံခါသာ တိုက်စစ်ဆင်နိုင်ပြီး ကွင်းလယ်နှင့် အစွန်လူများ အချိတ်အဆက်မိစွာ စပါးတို့ကစားကွက်ဖော် ကစားသွားနိုင်သည်။

ဒုတိယပိုင်းစသည်နှင့် သရဲနီတို့၏ အမှားများနေသော လူငယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ်တစ်ယောက် ပြန်လည်အချိတ်အဆက်မိစွာ ကစားလာနိုင်၍ အသင်းနှင့် အံဝင်ထိတွေ့မှု ပြန်လည်ရရှိခဲ့ပါသည်။ လူငယ်တိုက်စစ်အတွဲများ ပြန်လည်အသက်ဝင်လာပြီး ကွင်းလယ်ကစားသမား ကလဲဗားလေး၏ ဖြတ်တင်ဘောကို ဝဲလ်ဘက်ခ်က အဆုံးသတ်ခေါင်းတိုက်ကာ (၆၁)မိနစ်တွင် အဖွင့်ဂိုးစတင်သွင်းယူခဲ့ပါသည်။ ထို့နောက်မန်ယူတို့ ဆက်လက်ဖိကစားထားနိုင်ခဲ့ပြီး စပါးတို့တိုက်စစ်မြှင့်ကာ ကော်လူကာ၊ ဟဒ်လက်စတုန်းနှင့် ပေါ်လူချန်ကိုတို့ အစားထိုးဝင်ရောက်ပြီး ဖိအားပေးဖို့ပြင်ဆင်ခဲ့သော်လည်း တိုက်စစ်အဟုန်ကို မထိန်းနိုင်၍ ကောင်တာခဏခဏပေါက်ကာ ဘောလုံးပိုင်ဆိုင်မှု ဆိုးသည်ထက်ဆိုးဝါးလာပါသည်။

ထို့နောက် ဒုတိယပိုင်းတွင် ပြန်လည်ခြေစွမ်းပြလာသော တိုက်စစ်မှူးဝဲလ်ဘက်ခ်မှ နောက်ဖနောင့်နှင့် အသာအယာလှလှပပ ချပေးသည့်ဘောလုံးကို ကွင်းလယ်ကစားသမား အန်ဒါဆန်ဘယ်ခြေဖြင့် ကန်သွင်း၍ ဒုတိယမြောက်ဂိုးကို (၇၆)မိနစ်တွင် သွင်းယူခဲ့သည်။ သရဲနီတို့ ဆက်တိုက်ဖိကစားနိုင်ခဲ့၍ အပိုင်ကန်သွင်းခွင့်များ ဆက်တိုက်ဆိုသလိုရရှိခဲ့သည်။ ထို့နောက် လူငယ်ကစားသမားများကို အနားပေး၍ ပက်ဂျီဆန်၊ ရွိင်ယန်ဂစ်နှင့် ဟာနန်ဒက်ဇ်တို့ အစားဝင်ရောက် ကစားခဲ့သည်။

(၈၇)မိနစ်တွင် သက်တမ်းရှည် ဂန္ဓဝင်ကစားသမား ညာခြေဖြင့် ဖြန့်ပေးသည့် အဝေးဘောကို တိုက်စစ်မှူးရွန်းနေမှ အဆုံးသတ်သေချာစွာ စပါးဂိုးသမား ဖရီဒဲလ်၏ ဘယ်ဘက်သို့ သွင်းယူခဲ့ကာ တတိယဂိုးအဖြစ် အိုးထရတ်ဖို့ဒ်၏ မျက်နှာပန်းကို ပွင့်လန်းစေခဲ့ပါသည်။ သို့နှင့် ပွဲကိုထိန်းသိမ်းကစားရင်းနှင့် ကွင်းလယ်ဒိုင်ခရာသိမ်းချိန်တွင် မန်ချက်စတာယူနိုက်တက်တို့ သုံးဂိုးအပြတ်ဖြင့် တော့တင်ဟမ်ဟော့စ်ပါးအသင်းကို အနိုင်ရရှိခဲ့လေတော့သည်။

လူငယ်ကစားသမားများ ခြေစွမ်းပြနိုင်၍ ရှေ့ပိုင်းတွင် လက်ချော်နေခဲ့သော ဒီဂီယာလည်း အသင်းနှင့် အံဝင်လာပြီဟု သုံးသပ်ရမည့်ပွဲစဉ်ဖြစ်၍ တိုက်စစ်ဗဟိုပြုနှင့် ခံစစ်တွဲလုံးကို အချိတ်အဆက်မိမိ လူငယ်ကစားသမားများ၏ စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိစွာ အသုံးချပေးနိုင်သော မန်ယူ ဂရိတ်ဘော့စ် ဆာအဲလက်ခ်စ် ဖာဂူဆန်အားလည်း ထပ်လောင်းချီးမွမ်းသင့်သည့် ပွဲစဉ်(၂)ဟု တင်းပြရင်း...
ဘောလုံးပိုင်ဆိုင်မှု
မန်ချက်စတာယူနိုက်တက် ၆၀% - ၄၀% တော့တင်ဟမ်ဟော့စ်ပါး
ဂိုးပေါက်ချိန်းခြောက်မှု
မန်ချက်စတာယူနိုက်တက် ၂၁ - ၁၂ တော့တင်ဟမ်ဟော့စ်ပါး
ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား
ဝဲလ်ဘက်ခ်





Source by :http://www.mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။