ထိုင်းငွေ (ဘတ်)ဈေးကျဆင်း လာသဖြင့် မြဝတီ နယ်စပ်တွင် အလုပ် လုပ်ကိုင်လျက် ရှိသော ရွှေ့ပြောင်းလုပ်သား အချို့ ဇွန်လမှ စတင်ပြီး မိမိတို့နေထိုင်ရာ အရပ်ဒေသ များသို့ ပြန်သွား ကြကြောင်း မြဝတီမြို့ တွင် ငွေကြေး လဲလှယ်ရေး ဝန်ဆောင်မှု ပေးနေသူ အချို့က ပြောသည်။
"ငွေဈေး ကျလာတော့ အိမ်ပြန် ပို့ဖို့ ငွေလဲတဲ့ အခါ ရတဲ့ငွေက နည်းသွားတော့ ကိုယ့်အရပ်ကို ပြန်တဲ့ အလုပ် သမားတွေ များလာတယ်" ဟု မြဝတီ နယ်စပ်တံတား အနီးတွင် ငွေလဲလှယ်မှု လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးက ပြောသည်။
မြဝတီနယ်စပ်တွင် အလုပ် လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်း လုပ်သား အများစုမှာ ကရင်၊ မွန်၊ ပဲခူးဒေသများမှ လာရောက်သူများ၊ ဟိန္ဒူနှင့် မွတ်စလင် လူမျိုးများ အများဆုံး ဖြစ်သည်ဟု မြဝတီ မြို့တွင် အလုပ်သွားရောက် လုပ်ကိုင်ခဲ့သူ တစ်ဦး က ပြောသည်။ ၄င်းက ဆက်လက်၍ "မိန်းကလေးတွေ လည်း မြဝတီမှာ အလုပ် လာလုပ်တာ များတယ်။ အများဆုံးက အထည်ချုပ် စက်ရုံ တွေမှာ လုပ်ကြတာ။ စက်ရုံတွေ နားလိုက်တော့ အလုပ်လက်မဲ့ ဖြစ်ကြတယ်။ အညာ ဒေသဘက်က လာတာတွေကတော့ ရှားတယ်" ဟု ပြောသည်။
ယခုနှစ် မေလမှစ၍ အမေရိကန် ဒေါ်လာဈေး သိသိသာသာ ကျဆင်းလာသည့် အချိန်မှ စတင်ကာ ဘတ်ငွေဈေး သည်လည်း ကျဆင်းလာခြင်း ဖြစ်ပြီး ယခုအခါတွင် တစ်ဘတ်လျှင် မြန်မာငွေ ၂၅ ကျပ် (သို့မဟုတ်) ၂၆ ကျပ် ဝန်းကျင်ခန့်သာ ရှိတော့သည်။
ယခင်က ထိုင်းဘတ်ငွေ ဈေးသည် တစ်ဘတ်လျှင် မြန်မာငွေ ၃၅ ကျပ် ဈေးပေါက် ခဲ့သည်။ ဘတ်ငွေဈေး ကျဆင်း လာသည့်အတွက် တစ်ဖက်နိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မဲဆောက် နယ်စပ်တွင် အလုပ် လုပ်ကိုင်နေသူ များ၏ ရရှိသည့် လစာသည် စားသောက် နေထိုင်နိုင်ရုံသာ ရှိပြီး မိမိတို့ မိသားစုများ သို့ ငွေပြန်ပို့နိုင်ခြင်း မရှိကြောင်း မဲဆောက်မြို့ စတိုးဆိုင်များ၊ ဈေးဆိုင်များတွင် အလုပ် လုပ်ကိုင်နေသူများ မှ ပြောသည်။
"ရတဲ့လစာက စားဖို့နဲ့နေဖို့ အတွက်ပဲရတယ်။ အိမ်ကို ပြန်မပို့ နိုင်ဘူး။ ဒီမှာနေသားကျ နေတော့လည်း ရတာလေး နဲ့ ရောင့်ရဲပြီး မပြန်ဖြစ်တော့ဘူး" ဟု မဲဆောက်ရှိ နိုင်ငံခြားဖြစ် အဝတ်အထည်များ ရောင်းချသည့် စတိုးဆိုင်တွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ အမျိုးသမီးတစ်ဦးက ပြောသည်။ မြဝတီ - မဲဆောက် နှစ်နိုင်ငံ နယ်စပ် တွင် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်သန်းခန့်ရှိပြီး ထိုင်း တစ်နိုင်ငံလုံးတွင် မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်သန်းခန့် ရှိကြောင်း၊ မြန်မာ ရွှေ့ပြောင်း လုပ်သား အများစုက မဲဆောက်တွင် အခြေစိုက် နေထိုင် လုပ်ကိုင်ကြကြောင်း၊ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၏ စာရင်းများတွင် ဖော်ပြထားသည်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment