Home » » မူးယစ်ဆေးအတွက် ထိုင်းမြန်မာ တွေ့မည် ...

မူးယစ်ဆေးအတွက် ထိုင်းမြန်မာ တွေ့မည် ...

Written By မောင်စေတနာ on Thursday, August 4, 2011 | 6:11:00 PM




နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးအတွက် ရန်ကုန်မြို့တွင် ယခုလ ၁၃ ရက်နေ့က စတင်ပြီး ၂ ရက်ကြာ ဆွေးနွေးကြမည်ဟု ထိုင်း အာဏာပိုင်များက ယနေ့ ပြောကြား လိုက်သည်။

အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် နှိမ်နင်းရန် လိုအပ်သည်ဟု ဘန်ကောက်မြို့ ပြည်ထဲရေး ၀န်ကြီးဌာနရုံး သတင်းစာ ရှင်လင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။

“စိတ်ကြွဆေးပြားတွေကို ထိုင်းနယ်မြေကို ဖြတ်ပြီး မှောင်ခိုထုတ်နေကြတယ်၊ ဘိန်းဖြူလည်း ပါတယ်။ မြန်မာနိုင်ငံကနေ ၀င်လာကြတာ အခုဆိုရင် ထိုင်းနိုင်ငံအနှံ့ ရောက်နေပြီ” ဟု ရဲအရာရှိကြီးတဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော လူကုန်ကူးမှု၊ ရွှေတြိဂံဒေသတွင် သွားလာနေသော လှေ၊ သင်္ဘောများ ဓားပြတိုက်ခံရမှု တို့ကို နှိပ်နင်းရန်အတွက် မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု သိရသည်။

ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။

ထိုမူးယစ်ဆေး သယ်ဆောင်လာသူ ၆ ဦးသည် တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ ချောင်းအနီး ကင်းလှည့်နေသော ထိုင်း စစ် သားများနှင့် ရင်ဆိုင်တိုးစဉ် ၎င်း မူးယစ်ဆေးများကို စွန့်ပစ်ပြီး တာချီလိတ်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

ဖမ်းမိသည့် မူးယစ်ဆေးများ၏ တန်ဖိုးမှာ ဘတ် သန်း ၁၅၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ် နေကြပြီး ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချနေကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိရသည်။

ဒေသတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် အာရှတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို အကြီးအကျယ် ထုတ်လုပ်နေသည့်အဖွဲ့ တဖွဲ့ ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း နာမည်ကျော် မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးနေသူ နော်ခမ်းကို တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေကြောင်း သိရသည်။

ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်းအများဆုံး ထွက်ရှိရာ ဒေသဖြစ်နေကြောင်း၊ ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။