Home » » ထိုင်း ရွှေ့ပြောင်း မြန်မာကလေးများတွက် ကျောင်းအဆောက်အအုံသစ် အုတ်မြစ်ချပွဲကျင်းပ ...

ထိုင်း ရွှေ့ပြောင်း မြန်မာကလေးများတွက် ကျောင်းအဆောက်အအုံသစ် အုတ်မြစ်ချပွဲကျင်းပ ...

Written By မောင်စေတနာ on Friday, July 15, 2011 | 4:42:00 AM

http://www.ghre.org/mm/shared_media/images/20110621a.jpg
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကျောင်းသား (၅၀၀)ကျော် ပညာ သင်ကြားနိုင်မည့် ကျောင်းသစ် ဆောက်လုပ်ရေး အုတ်မြစ်ချပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ တကွန်ပါမြို့နယ်၊ ခီးခပ်ကျေးရွာတွင် (၁၄၊၀၆၊၂၀၁၁) ရက်နေ့က ပြုလုပ်ခဲ့သည်။
http://www.ghre.org/mm/shared_media/images/20110621b.jpg
အဆိုပါ ကျောင်းသစ် အုတ်မြစ်ချပွဲ အခမ်းအနားသို့ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၏ ကော်မတီ ဥက္ကဌ မစ်စတာ ခရိုင်ဆပ် ချွန်နဝန်ကိုယ်စား ကော်မတီဝင် တစ်ဦးဖြစ်သူ မြန်မာ့အရေး တက်ကြွစွာ ကူညီဆောင် ရွက်ပေးနေသည့် ထိုင်းနိုင်ငံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စချလီဒါ တကျရွန်ဆတ်က အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့သည်။

“ဒီအခမ်းအနားကို ဥက္ကဌဖြစ်သူ ခရိုင်ဆတ် ချွန်နဝန် ကျန်းမာရေး မကောင်းလို့ ကိုယ်တိုင်မလာ ရောက်နိုင်တာကြောင့် ကျမက သူ့ကိုယ်စား လာရောက်ရခြင်း ဖြစ်ပါတယ်။ အခုလို တက်ရောက်ခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ အာကျန် ခရိုင်ဆတ်ရဲ့ စိတ်ထားဟာဆိုရင် လူမျိုးရေး ခွဲခြားတာ မဟုတ်ပဲနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ သူတွေ ဘယ်နေရာမှာပဲနေနေ၊ လူတွေရဲ့ ရပိုင်ခွင့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရရှိပြီး နေထိုင်နေကြတာကို သူ့အနေနဲ့ လိုလားတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း မြန်မာ ကလေးတွေအတွက် ကျောင်းဆောက်လုပ်ခွင့်ရတဲ့ အတွက်လည်း သူ့အနေနဲ့ အရမ်းဝမ်းသာပါတယ်တဲ့။
http://www.ghre.org/mm/shared_media/images/20110621c.jpg
ဒီကျောင်းကြီး ဖြစ်ပေါ်လာဖို့အတွက် ၀န်ထမ်းတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေသာ ကူညီမှု မရှိဘူးဆိုရင် ဒီကျောင်းကြီးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ၀န်ထမ်းတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အလှူရှင်တွေကို ကျမအနေနဲ့ အထူး ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ကျမအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကိုလည်း မေတ္တာရပ်ခံချင်တာက ဒီကျောင်းကြီးကို ပြီးဆုံးတဲ့အထိ ကူညီပေးဖို့နဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ပေးပါ”ဟု ခွန်ချလိဒါ တကျရွန်ဆတ်က ပြောသည်။

ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်စိန်မှ ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်များအတွက် ကျောင်းသစ်ဆောက် လုပ်ခြင်းနှင့် ပတ်သက်၍ သူ့အမြင်ကို ယခုလို ပြောပြခဲ့သည်။
http://www.ghre.org/mm/shared_media/images/20110621d.jpg
“အခုလို ကျောင်းအသစ် ဆောက်တယ် သိရတော့ ကျမအနေနဲ့ အရမ်းဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ အခုတက်နေတဲ့ ကျောင်းက သေးတယ်လေ။ ကြပ်သိပ်ပြီး တက်နေရတယ်။ အခုကျောင်းကြီး ဆောက်ပြီးရင်တော့ ကလေးတွေ ချောင်ချောင်ချိချိနဲ့ ကျောင်းတက်ရမယ်။ နောက်တစ်ခုက ကစားကွင်းလည်း အကျယ်ကြီး ဖြစ်လာမယ်။ ကလေးတွေအတွက် အန္တရာယ် ကင်းတာပေါ့။ စဉ်းစားလိုက်ရင် အရမ်းကို ကောင်းပါတယ်။ ဟိုအရင်တုန်းက ကျောင်းတွေ မရှိခင်တုန်းက၊ ကလေးတွေက ရာဘာခြစ်တာတို့၊ ပန်းရံ လုပ်တာတို့၊ လှေလိုက်တာတို့၊ အဲဒါတွေပဲ လုပ်ကြရတယ်။ အခုလို ကျောင်းတွေ ဖွင့်လာတဲ့အခါမှ ကလေးတွေ ကျောင်းနေရတယ်။ ကျောင်းသစ်ကြီး ဆောက်ပေးတဲ့ အဖွဲ့အစည်း တွေကော၊ ကျောင်းပညာရေးကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းကိုပါ အရမ်းကို ကျေးဇူးတင်ပါတယ်”

ကျောင်းသစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ဖောင်ဒေးရှင်းကို စတင် တည်ထောင်ခဲ့သူ ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က အခုလို ရှင်းပြသည်။
http://www.ghre.org/mm/shared_media/images/20110621f.jpg
“ကျနော်တို့ ကိုယ်ပိုင် ကျောင်းဆောက်ဖို့ ကြိုးစားခဲ့တာ တော်တော်ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ကတော့ ကျနော်တို့အနေနဲ့ ကျောင်းဆောက်ဖို့ မြေ(၅)ရိုင် ဝယ်နိုင်ခဲ့တယ်။ အားလုံး သိတဲ့အတိုင်းပဲ ဗမာပြည် ပညာရေးက အဖတ်ဆယ်လို့ မရသလို ဖြစ်နေပြီ။ အထူးသဖြင့် ဆင်းရဲသား အခြေခံ လူထု လူတန်းစားတွေရဲ့ ကလေးတွေ ပညာသင်ဖို့ အခွင့်အလမ်း တော်တော် နဲနေပြီ။ ဗမာပြည်မှာ ကျောင်းကောင်းကောင်းမှာ စာသင်နိုင်တဲ့လူ အများစုက စစ်အစိုးရနဲ့ ပတ်သက်ပြီး စီးပွားရှာနေတဲ့ လူတွေ၊ စစ်အစိုးရနဲ့ ပတ်သက်တဲ့ မိသားစုတွေလောက်ပဲ ဖြစ်နေတယ်။ မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်မယ့်လူငယ်တွေ ပညာတတ်ဖို့လိုမယ်။ ကျနော်တို့ အနေနဲ့ ရှေ့နှစ်တွေကစပြီး အဆင့်မြင့် ပညာရေးအထိ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်”ဟု ပြောသည်။

“အခုလို ကျောင်းဆောက်နိုင်တာ ကျနော်တို့ရဲ့ ဝန်ထမ်းတွေ တက်ညီလက်ညီနဲ့ ကြိုးစား ဆောင်ရွက်ခဲ့ကြလို့ ဖြစ်ပြီး ထိုင်းလူမျိုးတွေရဲ့ အကူအညီအပြင် ကျနော်တို့ကို စေတနာအရင်းခံနဲ့ ကူညီပေးနေတဲ့ ကျနော်တို့ရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးတွေရဲ့ အားပေး ကူညီမှုကြောင့် ဖြစ်တယ်”ဟု ဦးထူးချစ်က ဆက်လက် ပြောကြားခဲ့သည်။

ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော လူငယ့်သိပ္ပံကျောင်းတွင် ပညာသင်ယူနေသည့် ကျောင်းသူ မအိအိမိုးက “သမီးကတော့ အရမ်းဝမ်းသာတယ်၊ သမီး ဒီပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဖွင့်တဲ့ ကျောင်းမှာ တက်လာတာ (၅)နှစ် ရှိပြီ။ အခု ကျောင်းသစ်ကြီး ဆောက်တော့မယ်ဆိုတော့ သမီးတို့ ကျောင်းတွေမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေ ကျောင်းအတူတူ တက်ရတော့မယ်။ သမီးတို့တွေ ဆရာ၊ ဆရာမအားလုံးနဲ့ ပညာ သင်ကြားခွင့်တွေ ရတော့မယ်။ အဲဒါကြောင့် ပျော်တယ်။ နောက်ပြီး သမီးက ကျောင်းအသစ်ကြီး ဆောက်ပြီးရင် ပန်းပင်လေးတွေ စိုက်ပြီး ကျောင်းကြီးကို အလှဆင်မယ်။ ထိုင်းကျောင်းတွေလို ကျောင်းကြီး ဖြစ်လာတော့မယ်ဆိုတော့ သမီးအရမ်းကို ၀မ်းသာတယ်”ဟု သူမ၏ ခံစားချက်ကို ပြောပြခဲ့သည်။

အဆိုပါ ကျောင်းသစ် အုတ်မြစ်ချ အခမ်းအနားသို့ ဒေသခံ ကျေးရွာ အာဏာပိုင် လူကြီးများ၊ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရုံးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။
http://www.ghre.org/mm/shared_media/images/20110621e.jpg
ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းသည် ၂၀၀၅ ခုနှစ် ဇွန်လမှ စတင်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်တွင် ရွှေ့ပြောင်း မြန်မာ ကလေးငယ်များအတွက် ကျောင်းများဖွင့်၍ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခု (၂၀၁၁ ۔၂၀၁၂) ပညာသင်နှစ်တွင် မူကြိုကျောင်း (၂)ကျောင်း၊ မူလတန်း၊ အလယ်တန်းကျောင်း (၆)ကျောင်းနှင့် လူငယ့်သိပ္ပံကျောင်း တစ်ကျောင်းကို ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၆၀၀) ကျော်ကို ပညာ သင်ပေးလျက်ရှိသည်။

ထို့ပြင် ရွှေ့ပြောင်း မြန်မာ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ကျော်ကိုလည်း ထိုင်းအစိုးရ ကျောင်းများသို့ ပို့ဆောင်၍ ပညာသင်ပေး နိုင်ခဲ့သည်။

Source by :http://www.ghre.org/
Share this article :

1 comments:

ဖိုးခွား(ဘိတ်သားလေး)။ said...

အားပေးသွားပါတယ် အကို ရေ။ဝမ်းသာတယ်ဗျာ။ကျွန်တော် ပြောထားပြီးနော်။ဒီ ပို့ စ်ဆောင်းပါး ကိုတခြားဆိုဒ်တခုမှာ တင်ထားတယ်။ကျွန်တော် တို့ အကိုကြီး နေဇော်လင်း တစ်ယောက် ပျော်ရွှင်မှုအပေါင်းနှင့် ပြည့်စုံပါစေဗျာ။(မှတ်ချက် ။ ။ ကောင်မလေး ချောချော နှင့် ညားပါစေ ဗျာ)။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။