Home » » အလုပ်သမား ၄ ထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်

အလုပ်သမား ၄ ထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်

Written By မောင်စေတနာ on Friday, July 15, 2011 | 12:09:00 PM

http://www.irrawaddy.org/bur/images/stories/Korea-worker-01.jpg
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)

အလုပ်သမား ၀န်ကြီးဌာနက ယခုနှစ်တွင် မြန်မာအလုပ်သမား ၄၁၀၉ ဦးကို EPS (Employment Permit System) စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ အရာရှိတဦးက “၄၁၀၉ ဦးဆိုတာက ကိုရီးယားအစိုးရက ရန်ကုန်မှာ စစ်ဆေးတဲ့ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (Korera Language Test) အောင်ထားပြီးသားသူတွေပါ။ ကိုရီးယား အလုပ်ရှင်တွေဆီကို အလုပ်သမားတွေရဲ့ ကိုယ်ရေးအကျဉ်းတွေပို့ပြီး အလုပ်ရှင်ကြိုက်လို့ခေါ်တာနဲ့ ချက်ချင်း ကိုရီးယားသွားလို့ရအောင် စီစဉ်ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကိုးရီးယားအစိုးရနှင့် မြန်မာအစိုးရအကြား ၂၀၀၈ ခုနှစ်က ချုပ်ဆိုခဲ့သော နားလည်မှု စာချွန်လွှာအရ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှု စနစ် (EPS) ဖြင့် စေလွှတ်ရန် သဘောတူညီခဲ့သည်။

မူလတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ဆောင်ရွက်လျက်ရှိသော ရွှေအင်းဝ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက အလုပ်သမားဝန်ကြီးဌာန ကိုယ်စား မြန်မာအလုပ်သမားများ စေလွှတ်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ရွှေအင်းဝကုမ္ပဏီနှင့် ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (Korea Human Resources Development) နှင့် ပြသနာများဖြစ်ပွားပြီးနောက် မြန်မာအလုပ်သမား ပို့ဆောင်မှု ရပ်ဆိုင်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အလုပ်သမားဝန်ကြီးဌာနက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီဆိုသော အမည်ဖြင့် ထူထောင်ကာ မြန်မာအလုပ်သမားများကို တောင်ကိုရီးယား စေလွှတ်ရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက “အလုပ်တွေက စက်မှုကုန်ထုတ်လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မျိုးစုံပဲ။ ၂ နှစ်စာချုပ်နဲ့ သွား အလုပ်လုပ်ရမယ်။ ၂ နှစ်ဆိုပေမယ့် ၁ နှစ်ပြည့်ပြီးရင် ပြန်ချင်ရင်ပြန်၊ မပြန်ချင်ရင်လည်း ဆက်ပြီး ကိုရီးယားမှာ အလုပ်လို့ရတယ်” ဟု ပြောသည်။

တောင်ကိုရီးယားသို့ သွားရောက်မည့် မြန်မာအလုပ်သမားတိုင်းသည် မသွားရောက်မီ သိန်း ၃၀ တန်ဖိုးရှိ အာမခံစာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး ကိုရီးယားရောက်ရှိချိန် လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တရားမ၀င် အလုပ်သမားဘ၀ဖြင့် တခြားအလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်လျှင်လည်းကောင်း၊ အလုပ်စာချုပ်သက်တမ်း မပြည့်မီ မြန်မာနိုင်ငံ ပြန်လာလျှင်သော်လည်းကောင်း မြန်မာ အလုပ်သမားဝန်ကြီးဌာနသို့ လျှော်ကြေးပေးရမည်ဟု ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရှိရသည်။

အလုပ်သမားတဦးလျှင် ကိုရီးယားနိုင်ငံသို့ သွားရောက်ရေး ဝန်ဆောင်ခအဖြစ် အလုပ်သမားဝန်ကြီးဌာနသို့ ကျပ် ၈ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး ရရှိလာသော ၀င်ငွေခွန်ကိုလည်း မြန်မာအစိုးရသို့ တရားဝင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လူငယ်အများအပြား စိတ်ဝင်စားကြကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီ ပိုင်ရှင်တဦးက “မလေးရှားလည်း ခေတ်မကောင်း၊ စင်ကာပူလည်း မကောင်း၊ ထိုင်းကလည်း တွက်ခြေမကိုက်ဘူး။ စင်ကာပူ သွားမယ်ဆိုရင် အနည်းဆုံး သိန်း ၂၀ တော့ ကုန်တယ်။ အဲဒီတော့ ၀န်ဆောင်ခ သက်သက်သာသာနဲ့ ကိုရီးယားနဲ့ မြန်မာအစိုးရ လုပ်တဲ့ EPS ကိုရီးယားအလုပ်အကိုင်ကိုပဲ လူငယ်တွေ စိတ်ဝင်စားကြတယ်။ အလုပ်သမားတယောက်မှ ၈ သိန်းပဲ ကုန်မှာဆိုတော့ အားလုံးလက်လှမ်းမီတယ်။ လူငယ်တွေက အခု ကိုရီးယားကားကြည့်၊ ကိုရီးယားစကားပြောကျင့်ပြီး ကိုရီးယားအလုပ်လုပ်သွားဖို့ပဲ စိတ်သန်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ အရှေ့ပိုင်းတက္ကသိုလ်တွင် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတွင် ၄၅၂၃ ဦးဖြေဆိုခဲ့ပြီး ၄၁၀၉ ဦး အောင်မြင်ခဲ့သည်။

ကိုရီးယား ဘာသာစကား အရည်အချင်းစစ် ဖြေဆိုရန် စာမေးပွဲကြေး ပေးသွင်းရမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၉ နှစ် အတွင်း၊ ထောင်မကျဖူးသူ၊ တောင်ကိုရီးယားမှ နှင်ထုတ်ထားခြင်းမခံရသူများ ဖြစ်ရမည်ဟု မြန်မာတိုင်းမ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းမှုများကြောင့် လူငယ်အများစုသည် မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး၊ ကိုရီးယား၊ ဂျပန် အပါအ၀င် စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင် ပေါများသော နိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။

ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၀၀ ကျော်ရှိသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။