Home » » မဲဆောက်တွင် အထည်စက်ရုံ မီးလောင်

မဲဆောက်တွင် အထည်စက်ရုံ မီးလောင်

Written By မောင်စေတနာ on Monday, September 13, 2010 | 7:56:00 PM


မီးလောင်ကျွမ်းပြီးနောက် အိုမီဂါ စက်ရုံတွင်း မြင်ကွင်း။ မီးလောင်မှုကြောင့် ထိုင်း ဘတ်ငွေ ၂၅
သန်းဖိုး ဆုံးရှုံးသည်ဟု သိရသည်။ (ဓာတ်ပုံ - ဧရာဝတီ)
ဘစောတင်
Monday, September 13, 2010

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပ အရပ်ရှိ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ ထောင်ကျော် အလုပ်လုပ်နေသော အိုမီဂါ အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းခဲ့သဖြင့် ထိုင်းဘတ်ငွေ ၂၅ သန်းဖိုးခန့် ဆုံးရှုံးမှုရှိပြီး အလုပ်သမားများ တပတ် အလုပ်ရပ်နားရမည်ဟု သိရှိရသည်။

ယမန်နေ့နံနက် ၃ နာရီခန့်က စက်ရုံအတွင်းရှိ ပိတ်ဖြတ်ရုံတွင် လျှပ်စစ် ဝါယာရှော့ဖြစ်ပြီး ပိတ်စပုံကို စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စက်ရုံမှ မြန်မာအလုပ်သမားတဦးက ပြောသည်။

“ကျနော်ရောက်သွားတဲ့ အချိန်မှာ အလုပ်သမား ၁၀ ယောက်၊ ၁၅ ယောက်လောက်က ရေတွေနဲ့ ပက်ကြတယ်။ ဒါပေမယ့် မနိုင်တော့ဘူးလေ။ ရတဲ့ပစ္စည်းတွေ ဆွဲထုတ်မယ်ဆိုတော့လည်း ပိတ်တွေက နိုင်လွန်ပိတ်တွေ ဖြစ်နေတယ်။ နိုင်လွန်ပိတ်တွေဆိုတော့ မီးအား ကောင်းတယ်၊ သတ်လို့ မနိုင်ဘူး” ဟု အလုပ်သမားတဦးဖြစ်သူ ကိုနောင်နောင်က ဧရာဝတီသို့ ပြောသည်။




မြန်မာ အလုပ်သမား ၁ ထောင်ကျော်ရှိပြီး တီရှပ်များ အဓိက ချုပ်လုပ်သည့် အိုမီဂါ အထည်စက်ရုံသည် လုပ်ခ မှန်ကန်စွာ ရှင်းပေးခြင်း၊ အလုပ်သမားများကို ကောင်းမွန်စွာ ဆက်ဆံခြင်းတို့ကြောင့် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများ အကြားတွင် နာမည်ကောင်းရှိသော စက်ချုပ်ရုံတခု ဖြစ်သည်ဟု သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက “အိုမီဂါစက်ရုံကတော့ မဲဆောက်မှာ ကောင်းတဲ့စက်ရုံလို့ သတ်မှတ်ခံရတဲ့ စက်ရုံတခုပါ။ ကျန် စက်ရုံ တော်တော်များများက နာမည်ဆိုးကြတယ်” ဟု ပြောသည်။

မီးလောင်မှုကြောင့် ရုံးခန်းနှင့် ပိတ်ဖြတ်စက်ခုံ ၁၅လုံး၊ ကွန်ပျူတာ အလုံး ၂၀၊ ကာလာခွဲစက် စသော အဖိုးတန် စက်ပစ္စည်းများ မီးလောင်ကျွမ်းသွားကြောင်း၊ ထို့အပြင် ကွန်တိန်နာ ကားကြီး ၄ စီးစာရှိ ပိတ်စပုံကြီးတခုလုံး ပြာကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံမှ အလုပ်သမ မမြင့်မြင့်ရီက “သူဌေးက ကျမတို့ကို အစည်းအဝေးလုပ်ပြီး ပြောတာကတော့ တပတ်လောက် နားရမယ်တဲ့။ ဟင်းဖိုး ဘတ် ၄၀ ပေးမယ်။ ကျမတို့ စက်ရုံမှာက အစကတည်းက ထမင်းပေးတယ်” ဟု ပြောသည်။

မဲဆောက် မီးသတ်စခန်းမှ မီးသတ်ကားများ လာရောက် ငြှိမ်းသတ်ပေးခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယခု မီးလောင်သည့် စက်ရုံမှာ အိုမီဂါ ပင်မစက်ရုံဖြစ်ပြီး မဲဆောက်မြို့တွင် အိုမီဂါ စက်ရုံခွဲများလည်း ရှိကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက် လာရောက် အလုပ် လုပ်ကိုင်နေကြသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းကြသည်။

မဲဆောက်တမြို့ တည်းတွင်ပင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သိန်းခွဲခန့်ရှိကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံမှ သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။