စင်ကာပူတွင် မေ ၇ ရက်၌ ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲများ၌ လက်ရှိ အာဏာရပါတီသည် ၁၉၆၅ ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ပိုင်း အဆိုးရွားဆုံး ရလဒ် ကြုံတွေ့ခဲ့ပြီးနောက် စင်ကာပူ တည်ထောင်သူ သက်တမ်းရှည် ခေါင်းဆောင် လီကွမ်ယူနှင့် ၎င်းနေရာကို ဆက်ခံခဲ့သူ ၀ါရင့် ၀န်ကြီး ဂိုချောက်တောင် တို့သည် အစိုးရအဖွဲ့မှ အနားယူကြောင်း မေ ၁၄ ရက်တွင် ပူးတွဲ ကြေညာချက်ကို အံ့အားသင့်ဖွယ် ထုတ်ပြန်ခဲ့သည်။
''အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲ အပြီးမှာ အစိုးရအဖွဲ့ကနေ အနားယူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ စင်ကာပူ အနာဂတ်ကို ပုံဖော်နိုင်ဖို့ လူငယ် မျိုးဆက်သစ်တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်မယ့် လူငယ် ခေါင်းဆောင်တွေ အတွက် လမ်းဖွင့်ပေးလိုက်တာပါ''ဟု ၎င်းတို့က ပြောကြားသည်။ မေ ၇ ရက် ရွေးကောက်ပွဲတွင် အသက် ၈၇ နှစ်ရှိ စင်ကာပူ နာယက၀န်ကြီး လီကွမ်ယူ နှင့်အသက် ၆၉ နှစ်ရှိ ၀ါရင့်ဝန်ကြီး ဂိုချောက်တောင် တို့သည် လွှတ်တော် အမတ်နေရာ အတွက် အနိုင်ရရှိထားပြီး အစိုးရအဖွဲ့မှ အနားယူသော်လည်း လွှတ်တော်အမတ်များ အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။
''ပိုမိုခက်ခဲပြီး ရှုပ်ထွေးလာတဲ့ အခြေအနေမှာ စင်ကာပူနိုင်ငံကို ရှေ့ဆက်တိုးနိုင်အောင် လူငယ်မျိုးဆက်သစ်တွေက ပခုံးပြောင်း ထမ်းရွက်ဖို့ အချိန်ရောက်လာပါပြီ''ဟု ဂိုချောက်တောင်က ပြောကြားသည်။ ၎င်းတို့၏ နုတ်ထွက်မှုကို အစိုးရအဖွဲ့ အနေဖြင့် လက်ခံရန် လီကွမ်ယူ၏သား လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်း က အတည်ပြုပြောကြားခြင်း မရှိသေးပေ။ ယင်းကိစ္စသည် စင်ကာပူ အတွက် ကြီးကျယ်သော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ဆုံးဖြတ်ချက်ချရန် ရက်အတန်ကြာ ယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရအဖွဲ့မှ နုတ်ထွက်ရန် ရုတ်တရက် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် စင်ကာပူသည် ခေတ်သစ်တစ်ခုသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်းကို မိမိနှင့်ဂိုချောက်တောင်က ပြသလို၍ ဖြစ်ကြောင်း လီကွမ်ယူက ပြောကြားသည်။ လီကွမ်ယူ တည်ထောင်ခဲ့သော လက်ရှိ အာဏာရပါတီ PAP မှာ ယခုနှစ် ရွေးကောက်ပွဲတွင် မဲရရှိမှု လျော့ကျခဲ့ကာ ၆၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မဲ ၆၇ ရာခိုင်နှုန်း၊ ၂၀၀၁ ခုနှစ်တွင် မဲ ၇၅ ရာခိုင်နှုန်း ရရှိထားသည်။ အတိုက်အခံ အလုပ်သမားပါတီမှာ အမတ်နေရာ ၈၇ နေရာ အနက် ၆ နေရာ အနိုင်ရရှိခဲ့ရာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ခဲ့သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် မြို့ပြနိုင်ငံ စင်ကာပူ၌ နေ့စဉ် သုံးကုန်ပစ္စည်းများနှင့် အိမ်ဈေးနှုန်း မြင့်တက်မှုအပေါ် စိုးရိမ်မှုများမှာ အဓိက လွှမ်းမိုးခဲ့သည်။
Fact Box
၁၉၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် မွေးဖွားခဲ့သော လီကွမ်ယူသည် စင်ကာပူနိုင်ငံကို စတင် ထူထောင်သူ၊ နိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး လက်ရှိ အာဏာရပါတီ People's Action Party (PAP) ကို ၁၉၅၄ ခုနှစ်တွင် ပူးတွဲ ထူထောင်ခဲ့သည်။ ပါတီ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့အထိ တာဝန်ယူခဲ့ကာ ရွေးကောက်ပွဲ ရှစ်ကြိမ် အနိုင်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၀န်ကြီးချုပ်အဖြစ် ၁၉၅၉ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက် အထိ၊ ၀ါရင့်ဝန်ကြီး အဖြစ် ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်မှ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၂ ရက်အထိ၊ နာယက၀န်ကြီး (ယင်းရာထူးကို သားဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်းက (ဖန်တီး ခန့်အပ်ခဲ့ခြင်းဖြစ်) အဖြစ် ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၂ ရက်မှ ၂၀၁၁ ခုနှစ်၊ မေ ၁၄ ရက် အထိ ထမ်းဆောင်ကာ အစိုးရအဖွဲ့တွင် နှစ်ပေါင်း ၅၂ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၄၁ ခုနှစ်၊ မေလ ၂၀ တွင် မွေးဖွားခဲ့သော ဂိုချောက်တောင်သည် စင်ကာပူနိုင်ငံ၏ ဒုတိယမြောက် ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်မှ ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်အထိ ထမ်းဆောင်ခဲ့သည်။ ၀ါရင့်ဝန်ကြီး အဖြစ် ၂၀၀၄ ခုနှစ်၊ သြဂုတ် ၁၂ ရက်မှ ၂၀၁၁ ခုနှစ် မေလ ၁၄ ရက်အထိ တာဝန်ယူခဲ့ကာ အစိုးရအဖွဲ့တွင် စုစုပေါင်း ၃၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။
Source by :http://www.weeklyeleven.com/
0 comments:
Post a Comment