Home » » မိုးယုစံ နှင့် တွေ့ဆုံခြင်း ....

မိုးယုစံ နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Saturday, May 21, 2011 | 1:04:00 PM

e467
‘ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုသာ မရှိရင် အနုပညာရှင် ဆိုတာ ရပ်တည်လို့ မရနိုင်ပါဘူး’၊ မိုးယုစံ နှင့် တွေ့ဆုံခြင်း ....

ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် ပရိသတ်နှင့် တွေ့ဆုံပေးချင်သူက အနုပညာ မိုးကောင်းကင်ထက်တွင် လှပသော ကြယ်တစ်ပွင့်အဖြစ် တောက်ပနေသူလေး တစ်ဦး။ လှပရိုးရှင်းသည့် ချစ်စဖွယ်မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ဇာတ်ကားများတွင် ဆက်တိုက် ပါဝင်ခွင့်ရလာသူ သရုပ်ဆောင် မိုးယုစံပင် ဖြစ်သည်။ မကြာသေးမီက ရုံတင်ပြသသွားသည့် ‘မနက်ဖြန်အစီအစဉ်’ ဒီဗီဒီဇာတ်ကားတွင် သေဆုံးရတော့မည့်အချိန်ကို ကြိုသိနေခဲ့သည့် ကောင်မလေးတစ်ဦး အဖြစ် ပရိသတ်လက်ခံ အားပေးခဲ့ပြီး မေလအတွင်း ထိုင်းနိုင်ငံဖူး ခက်ကမ်းခြေတွင် သွားရောက်ရိုက်ကူးမည့် ‘အလန်းဇယား၂’ ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိရာ မိုးယုစံ၏လတ်တလော အနုပညာခြေလှမ်းနှင့် အနုပညာရေးရာ အထွေထွေတို့ကို မေးမြန်းဖြစ်ခဲ့ ပါသည်။

မေး ။ လတ်တလော လုပ်ဖို့ရှိတဲ့ အနုပညာ လှုပ်ရှားမှုအကြောင်းကနေ စပြီးပြောပြပေးပါလား။

ဖြေ ။ လတ်တလောက ဗီဒီယိုတွေ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဟိန်းဝေယံနဲ့ ဒီဗီဒီတစ်ကား ရိုက်ဖို့ရှိတယ်။ မေလထဲမှာပဲ ဖူးခက်ကို ရုပ်ရှင်ကားကြီးရိုက်ဖို့ သွားဖို့ရှိပါတယ်။

မေး ။ ဖူးခက်မှာ သွားရိုက်မယ့် ဇာတ်ကားအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ ။ အဓိကတော့ အ၀တ်အစားတွေ ပါပဲ။ ကမ်းခြေနဲ့ လိုက်ဖက်မယ့်ပုံစံလေးတွေ ပြင်ဆင်ဖြစ်မှာပါ။ အဓိက တော့ ဒီဇိုင်နာနဲ့ပဲ တိုင်ပင်ပြီးဝတ်ဖြစ်ပါမယ်။ ရုပ်ရှင်ကားကြီးကျတော့ ရိုက်ပြီး တစ်နှစ်လောက်ကြာမှ ရုံတင် တာမျိုးဆိုတော့ အဲဒီအချိန်ထိလည်း ပရိသတ်လက်ခံနိုင်တဲ့၊ အရမ်း ခေတ်ဆန်လွန်းတာလည်း မဟုတ်၊ ရိုးလွန်း တာမျိုးလည်း မဟုတ်တဲ့ ၀တ်စုံလေးတွေ ၀တ်ဖြစ်ပါမယ်။ ကမ်းခြေနဲ့ လိုက်တာမျိုးလေးဖြစ်အောင် အရောင် လွင်တာမျိုးလေးလည်း ၀တ်ဖြစ်မယ်။

မေး ။ မနက်ဖြန် အစီအစဉ် ဇာတ်ကားမှာရော ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့ အခါကျေနပ်လား။

ဖြေ ။ ရိုက်တုန်းက ကိုယ့်ဘာသာကြိုးစားပြီး သရုပ်ဆောင်ခဲ့ပေမယ့် တကယ်တမ်း ပြန်ကြည့်ရတဲ့ အချိန်မှာ လိုအပ်ချက်တွေက အများကြီးပါပဲ။ ဒါပေမယ့် ပရိသတ်တွေကတော့ အားပေးကြပါတယ်။ ကိုယ်တတ်နိုင်သလောက်လေး ကြိုးစားတဲ့အပေါ် အသိအမှတ် ပြုကြတာဆိုတော့ မိုးယု ကျေနပ်ပါတယ်။

မေး ။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက် ကို ပြန်သုံးသပ်ဖြစ်လား။

ဖြေ ။ ပညာဆိုတာကတော့ ရှာလို့မဆုံးနိုင်ပါဘူး။ အားနည်းချက်တွေ လည်း မိုးယုမှာ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကိုတော့ တတ်ကျွမ်းတဲ့သူတွေ ဆီကရော၊ မြင်တွေ့သမျှ တွေထဲကရော လေ့လာသင်ယူနေရဆဲပါ။

မေး ။ အခုလက်ရှိရထားတဲ့ အားပေးမှု အပေါ်မှာ ကျေနပ်မှုရှိရဲ့လား။

ဖြေ ။ ပရိသတ်က အတိုင်းအတာ တစ်ခုထိ အားပေးတဲ့အပေါ်မှာ မိုးယု ကျေနပ်ပါတယ်။ အနုပညာရှင် ဆိုတာကလည်း ပရိသတ်ရဲ့အားပေးမှု နဲ့ရပ်တည်ရတာပါ။ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုသာမရှိရင် အနုပညာရှင် ဆိုတာရပ်တည်လို့ မရနိုင်ပါဘူး။ ဒါကြောင့် မိုးယုကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

မေး ။ လူငယ် သရုပ်ဆောင်တွေကလည်း အများကြီးဖြစ်နေတဲ့အခါကျတော့ ကြိုးစားရတဲ့ အပိုင်းမှာရော ပိုပြီးအားထည့်ရလား။

ဖြေ ။ မိုးယုတို့လို လူငယ်သရုပ်ဆောင်တွေ အများကြီးရှိသလို အသစ် အသစ်သော သရုပ်ဆောင်တွေ ဆိုတာလည်း အမြဲတမ်း ပေါ်ထွက်နေတာပဲလေ။ ဒါကြောင့် မိုးယုဘက်ကတော့ ကြိုးစားအားထုတ်မှုကို အမြဲ အပြည့်အ၀ အားထုတ်ပါတယ်။ သူများတွေ ကို လိုက်ကြည့်နေတာထက် ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုချင်းစီမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြစ်နေ ပါတယ်။

မေး ။ အောင်မြင်မှုရဲ့ နောက်မှာ ပရိသတ် အာရုံစိုက်ခံရတာ မျိုးတွေလည်း ရှိလာတယ်လေ။ အဲဒီ အပေါ်မှာရော ဘယ်လိုခံယူထားလဲ။

ဖြေ ။ ပရိသတ် အာရုံစိုက်ခံရတဲ့သူ တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ အနေ နဲ့ တစ်ခါတလေ စိတ်ရှုပ်ရတာမျိုးတွေတော့ ရှိတာပေါ့လေ။ ကိုယ့်ကိုကောင်းတာ ပြောတာမျိုးရှိသလို မကောင်း ပြောတာမျိုးလည်း ရှိနိုင်တာပဲလေ။ အတတ်နိုင်ဆုံးတော့ စိတ်ထဲမှာ ဘာမှ မထားပါဘူး။

မေး ။ အနုပညာရှင် တစ်ယောက်ရဲ့ ဘ၀ကို ပိုင်ဆိုင်ရတာက လွတ်လပ်မှု ဆုံးရှုံးတယ်လို့ရော ထင်လား။

ဖြေ ။ လွတ်လပ်မှုဆိုတာက မိုးယု ဘ၀အတွက် ငယ်ငယ်ကတည်းက မရခဲ့ပါဘူး။ ဒါကြောင့် လွတ်လပ်မှုကို ဆုံးရှုံးတယ်လို့တော့ မထင်မိဘူး။ အနုပညာအလုပ်ကို လုပ်ခွင့်ရတာ မိုးယုအတွက် လွတ်လပ်မှုကို ရခဲ့တယ်လို့ ထင်မိတယ်။ ငယ်ငယ်ကတည်းကလည်း မိဘနှစ်ပါးရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေခဲ့ရတာဆိုတော့ လွတ်လပ်မှု ကို သီးခြားဆုံးရှုံးတယ်လို့ မခံစားမိပါဘူး။

မေး ။ လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်သွားဖို့ ဘာတွေ လိုအပ်မယ်လို့ ထင်လဲ။

ဖြေ ။ အဓိကတော့ ရိုးသားမှုနဲ့ ကြိုးစားမှု လိုအပ်မယ် ထင်ပါတယ်။ အဲဒီ နှစ်ခုသာရှိမယ်ဆိုရင် ဘယ်အလုပ်မဆို အဆင်ပြေမှာပါ။ မိုးယုရောက်ချင်တဲ့ ပန်းတိုင်ဆီကိုလည်း ရိုးသားမှုနဲ့ ကြိုးစားမှုကို ဆုပ်ကိုင်ပြီး ရောက်အောင်သွားမှာပါ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။