Home » » စင်္ကာပူနိုင်ငံ အလုပ်အကိုင် အခြေ အနေ များ ....

စင်္ကာပူနိုင်ငံ အလုပ်အကိုင် အခြေ အနေ များ ....

Written By မောင်စေတနာ on Sunday, November 7, 2010 | 8:49:00 PM


"စင်္ကာပူမှာ အလုပ်သမားတွေ လျှော့တယ်ဆို၊"

"ဘယ်လို အလုပ်မျိုးတွေ လျှော့တာလဲ၊ ဘယ်နှစ်ယောက် လျှော့ခံရတာလဲ။"

"စင်္ကာပူက အလုပ်သမားတွေကို ပြန်လွှတ်နေတယ် ပြောတယ်၊ အဲဒါ ဟုတ်သလား။"

"စင်္ကာပူကို အခုနေ အလုပ်လာရှာရင် ဘယ်လို နေမလဲ။ အလုပ်အကိုင်တွေ ကောင်းရဲ့လား။"

Gtalk ပေါ်မှာ တွေ့လိုက်တဲ့ ရန်ကုန်က သူငယ်ချင်းတွေ အခုတလော အရမ်း အမေးများတဲ့
မေးခွန်း တွေပါ။

ကမ္ဘာမှာ အမေရိကန်နိုင်ငံ ကနေ စတဲ့ စီးပွားရေး အကျပ်အတည်း ဖြစ်နေတယ် ဆိုတာ လူတော်တော် များများ သိထားပြီး ကိစ္စ တစ်ခုပါ။ ကမ္ဘာရဲ့ ဘူဇွာ နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံ ကိုယ်တိုင်ကိုက စီးပွားရေး ဂယက်ကြားထဲမှာ နလန်ထူနိုင်အောင် သူတို့ နိုင်ငံရဲ့ ဗဟိုဘဏ်ကနေ ငွေပမာဏ အမြောက်အမြား ထုတ်ချေး၊ ကျန်တဲ့ နိုင်ငံ တော်တော် များများ ကလည်း ရင်းနှီး မြှုပ်နှံသူတွေရဲ့စိုးရိမ်စိတ်ကို ကာကွယ်နိုင်စေဖို့ သူတို့ရဲ့ နိုင်ငံတော် ဗဟိုဘဏ်တွေကနေပိုက်ဆံတွေ ထုတ်ကြ။ လုပ်နေကြတဲ့ အချိန်….

စင်္ကာပူကရော ဘာလဲဗျာ… အတိုင်းအတာ တစ်ခု အထိ ထိခိုက်မှုတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ စင်္ကာပူကအတိုင်းအတာ တစ်ခုထိ ပါးနပ်တဲ့ နိုင်ငံ တစ်ခု၊ သူတို့နိုင်ငံမထိခိုက်အောင်တော့ နည်းမျိုးစုံနဲ့ ကာကွယ် ဆောင်ရွက် နေကြတယ်။ ဆိုတော့ အလုပ်သမားလျှော့တယ်ဆိုတဲ့ ကိစ္စ။အလုပ်သမားတွေ လျှော့တယ်ဆိုတဲ့ ကိစ္စ ဟုတ်ပါသလားလို့ မေးရင် ဟုတ်ပါတယ်လို့ ဖြေရမှာပါ။

အချို့ အချို့သော ကုမ္ပဏီတွေက အလုပ်သမားတွေ လျှော့ချပါတယ်။ အချို့ကုမ္ပဏီတွေက ကုမ္ပဏီ တစ်ခုလုံးရဲ့ ၀န်ထမ်း လစာတွေကိုရာခိုင်နှုံးတချို့လျှော့ချပါတယ်။ အချို့ ကုမ္ပဏီတွေက ၀န်ထမ်းတွေကို အိုဗာတိုင် လုပ်ချိန်လျှော့ ချပါတယ်။ အလုပ်သမား လျှော့ချတဲ့ ကုမ္ပဏီတွေက အများစုက အမေရိကန်နိုင်ငံနဲ့ ဆက်နွယ်တဲ့ တခုခုသော စီးပွားရေး လုပ်ငန်း ရှိနေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။



အဲဒီတော့ ရန်ကုန်ကနေ စင်္ကာပူကို အလုပ်လာလုပ်မယ် ဆိုတဲ့ သူတွေအတွက်…
တကယ်တမ်း ဒီပို့စ်က စင်္ကာပူမှာ လက်ရှိ အလုပ်လုပ် နေကြသူတွေ ထက် ရန်ကုန်ကနေ နောက်ထပ်လာကြဖို့ စိုင်းပြင်း နေကြသူတွေ အတွက် ရည်ရွယ်ပါတယ်။

ပုံမှန်အားဖြင့်လည်း စင်္ကာပူမှာ အခု အချိန်ဟာ အလုပ် အပြောင်းအရွှေ့ အင်မတန်မှ နည်းတဲ့ အချိန်ဖြစ်ပါတယ်။ ဒီနှစ်မှာမှ မဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်း တရုတ် နှစ်သစ်ကူးအချိန် ဖေဖော်ဝါရီလ ကျရင် ကုမ္ပဏီ တော်တော်များများက တစ်နှစ်အပြည့်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကို နောက်ထပ် တစ်လစာ ဆောင်းပေးပါတယ်။ ခေါ်တာတော့၁၃ လမြောက် လစာ (13th Month Salary) လို့ ခေါ်ပါတယ်။

အဲဒါက တစ်နှစ်အပြည့်လုပ်မှပဲ ရတာ ဖြစ်ပါတယ်။ အချို့ ကုမ္ပဏီတွေက Bonus ကိုအဲဒီအချိန်မှာပဲပေးပါတယ်။ အဲဒီတော့နှစ်တစ်နှစ်ရဲ့နှစ်ကုန်ပိုင်းကျရင်ဝန်ထမ်းတွေဟာ အလုပ် အပြောင်းအရွှေ့အတော်နည်းပါတယ်။အဲဒီတော့အလုပ်အကိုင်အခွင့်အလမ်းနည်းတယ်ဒီကြားထဲမှာအခုငွေကြေးဂယက်ဖြစ်တဲ့ခါကျတော့
ကုမ္ပဏီတွေကအလုပ်သမား အသစ်ခန့်ဖို့ကို ဆိုင်းငံ့ကုန်ပါတယ်။ အဲဒီတော့အလုပ်အကိုင် အခွင့်အလမ်း အင်မတန်မှ နည်းတဲ့အချိန် ဖြစ်ပါတယ်။

အဲဒီတော့ အခုနေ စင်္ကာပူလာပြီး အလုပ်လာရှာကြမဲ့ သူငယ်ချင်းများ အတွက်
အင်မတန်မှ စဉ်းစားကြရမဲ့ အချိန် ဖြစ်ပါတယ်ဗျာ။

နောက်တစ်ချက်။
ဒါက စင်္ကာပူမှာ ရောက်နှင့်နေကြတဲ့ တကယ် လက်ရှိ အလုပ်လုပ် နေကြတဲ့အင်ဂျင်နီယာများ ထံကတိုက်ရိုက်စကားများပဲဖြစ်ပါတယ်ဖတ်တဲ့သူတွေအဆင်ပြေအောင်စကား အစီအစဉ် ချတာက လွဲလို့ ကျန်တာ သူတို့ရဲ့ တိုက်ရိုက်ပြောစကားများ ဖြစ်ပါတယ်။

"အစ်ကိုရယ်… စင်္ကာပူ လာချင်တဲ့ သူတွေက များနေတယ်။ ဒီမှာ ဘာဖြစ်နေလဲ ဆိုတာတကယ် မသိကြဘူး။ အော်တိုကတ်နဲ့ စင်္ကာပူမှာ အလုပ်ပေါတယ် ပေါတယ်။ လာလိုက်ကြတဲ့အော်တိုကတ်တွေ။ ဘာတဲ့ ရန်ကုန်မှာ အော်တိုကတ် လုပ်ငန်းခွင်ဝင် သင်တန်း တစ်လပြတ် ဆိုတာ တောင်ရှိတယ်ဆိုပဲ။ အော်တိုကတ် ဆိုတာ တစ်လ သင်ရုံနဲ့ တတ်ရောလား။ လက်မှတ်တော့ရလာမှာပေါ့။လက်မှတ်ရလာပြီး ဒီရောက်တော့ အလုပ်ထဲလည်း ၀င်ရော အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ရော။

အဲဒီတော့ မလာခင် တုံးက လာသင့်မလာသင့် ပြောပြတဲ့သူတွေကိုလည်း နားမလည် ကြဘူး။ စင်္ကာပူလာမယ် ဆိုတော့မေးတယ်။ ဘာတွေလုပ်သင့်လည်း။ ဒီက လူက ပြောပြတယ်။ နားမလည်ကြဘူး။

သူတို့ အမြင်မှာနိုင်ငံခြား ဆိုတာကို နတ်ပြည်လို့များ ထင်နေကြတယ် ထင်တယ်။ ဒီမှာ လုပ်နေရတဲ့သူတွေ လွယ်တယ် မှတ်နေကြတယ်။ မေးတဲ့သူက မေးတယ်။ တစ်ခါတခါ ညီမ အီးမေးလ်ထဲပို့ပြီး မေးတယ်။ သူတို့ မေးခွန်းကို ညီမ ချက်ချင်း ဖြေနိုင်တဲ့ အခါလည်းရှိတယ်။ တခါတလေ အချက်အလက် ရှာရတာတွေ ရှိတယ်။ အဲဒီ အချိန်ကျရင် သူတို့ကတစ်စောင်ပြီး တစ်စောင်ပို့ရော ... ညီမပြောချင်တာက အခုနေ စင်္ကာပူ လာမယ်ဆိုတဲ့ သူတွေကို မလာပါနဲ့ဦးပဲ ပြောချင်တယ်။"

ဒါက အော်တိုကတ်နဲ့ အလုပ်လုပ်နေတဲ့ ညီမတစ်ယောက်က ပြောပြတာပါ။

"ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဗျာ။ အယင်တစ်ခါ စင်္ကာပူကို လာတယ်ဗျာ။ အိုင်တီ အလုပ်နဲ့အလုပ် လာရှာတယ်။ နှစ်လလောက် နေသွားတယ်။ အလုပ်မရဘူး။ ပြန်သွားရတယ်။ ပြန်ခါနီး ကျွန်တော် သူ့ကို ပြောလိုက်တယ်။ မင်း နောက်တစ်ခါ ပြန်လာရင် အော်တိုကတ် ဖြစ်ဖြစ် တစ်ခုခု ထပ်သင်လာခဲ့။

အခု နောက်တစ်ခေါက်ထပ်ရောက်လာတယ်။ အယင်တစ်ခါ လာတဲ့ အတိုင်းပဲ။ အလုပ်ထပ်ရှာတယ်။ အခုတစ်လကျော်နေပြီ။ ဒီလ ကုန်ရင် Stay က ကုန်ပြီ။ အခန့်မသင့်ရင် ပြန်ရဦးမယ်။အခု အချိန် အလုပ်ပါး ပုံမျိုးနဲ့ ကျွန်တော်တော့ မထင်ဘူး။"


"ကျွန်မ အသိထဲက တစ်ယောက်ပဲ။ သူက ရန်ကုန်မှာကတည်းက Spass Approve ဖြစ်လာတာ။ ရန်ကုန်မှာ တုံးက သူသိတာက Accountant Post နဲ့ ပေါ့။ ဒီရောက်တော့ လုပ်ရတာက Cashier ဖြစ်နေတယ်။စားသောက်ဆိုင်မှာ စားသောက်သူတွေ စားပြီးတာနဲ့ ဘယ်လောက် ကျတယ်။ တွက်ပေးရတယ်။
စာရင်း သွင်းရတယ်။ အရမ်းပင်ပန်းတယ်။ ထားဦး။ ပင်ပန်းတာသူ လုပ်နိုင်သေးတယ်။ ရောက်ပြီး ဆယ်ရက်လောက်ပဲ ရှိသေးတယ်။

ကုမ္ပဏီကနေအလုပ်ဖြုတ် လိုက်တယ်ရှင်။ ကဲ အခု Stay က ၂ ပတ်ပဲ ရတယ်။ ဘာလုပ်မလဲ။ ဒီ ၁၄ရက်အတွင်း အလုပ်သစ် တစ်ခု ရနိုင်ဖို့။ ဘယ်လွယ်မလဲ။" ဒါက ရန်ကုန်ကနေ Spass Approval နဲ့ ထွက်လာပြီးမှ ဒီရောက်မှ အခက်အခဲ ကြုံရတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ဇာတ်ထုပ်ပေါ့။

သူငယ်ချင်း တစ်ယောက်ကလည်း သူ့ရဲ့ အမြင်ကို အခုလို ကရုဏာ ဒေါသလေးနဲ့ ပြောပါတယ်။

"ခက်တာက ရန်ကုန်ကနေ မလာခင်တုံးက ဒီက လူတွေ ပြောပြတာကို နားမလည် ကြဘူး။ သူတို့ကို သူတို့ဟုတ်လှပြီ အောင့်မေ့နေတာ။ ဒီကလူတွေ ပြောပြတာ လောက်က သူတို့ကလုပ်နိုင်ပါတယ်။ ဖြစ်ပါတယ် ဆိုပြီး စွတ်ရွတ် ထွက်လာကြတာ။ ဒီရောက်လို့အဆင်မပြေ ဖြစ်ရင် ဘယ်သူ့ကို သွား ဘာလုပ်မလဲ။ အဲဒီ အချိန်ကျရင်ရန်ကုန်မှာပိုက်ဆံမယူခင်တုံးကအကုန်တာဝန်ယူပါတယ်ဆိုတဲ့Agentတွေကဘယ်တွေရောက်
ကုန်မှန်း မသိဘူး။"


"အခု စင်္ကာပူမှာ ကြားကြားနေတာ။ အော်တိုကတ်ကို ၂ ပတ်အပြတ် သင်တန်းတဲ့ဗျာ။ သင်တန်းကြေးက စင်္ကာပူဒေါ်လာ ၂၀၀ တဲ့။ ၂ ပတ်ဆိုတဲ့ အချိန်နဲ့ ဘာ တတ်မှာလည်း။ အများဆုံး စက်ဝိုင်း ဆွဲတာနဲ့ လိုင်း ဆွဲတာပဲ တတ်မှာပေါ့။ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခုရထားတဲ့ ပုံဆွဲ အယူအဆ အခေါ်အဝေါ်တွေ၊ အတိုင်းအထွာ အတွက်အချက်တွေ နားလည် ပြီးသား လူတွေတောင် အနည်းလေး တစ်ပတ်ကို ၁၅ နာရီ အနည်းဆုံး နဲ့ ၂ လလောက် အချိန်ယူပြီး သင်ယူမှ နည်းနည်းလေး အရည် လည်သလောက် ရှိတာ၊သင်တန်းကြေးတွေ တနင့် တပိုး ပေးပြီးတော့ နောက်ဆုံး သုံးမရရင် မကောင်းဘူးဗျာ။ မလုပ်သင့်ဘူးပေါ့ဗျာ။"

ခေတ်ကာလ တောင်းဆိုချက် အရ ပေါ်ပေါက်လာတဲ့ သင်တန်းတွေရဲ့ နောက်ကို လိုက်သွားမိတဲ့
သူငယ်ချင်း တချို့ရဲ့ ဖြစ်ရပ်မှန်လေးတွေပါ။

တစ်ခါကအင်းစိန်GTIမှာဖွင့်တဲ့CNCသင်တန်းတစ်ခုမှာကျောင်းအုပ်ကြီးကအမှာစကားပြောပါတယ်ဒီသင်တန်း
တက်ရောက်ပြီးအောင်မြင်လို့ကျွမ်းကျင်သွားမယ်ဆိုရင်စင်္ကာပူနိုင်ငံလိုနေရာမှာအနည်းဆုံးလစာစင်္ကာပူဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ အထိ ရနိုင်တယ်လို့ ထည့်ပြောပါတယ်။ နားထောင်နေတဲ့ကျောင်းသားတွေက ဒါဆို အဲဒီ ပညာကို ကျွမ်းကျင်ပြီးသား ဆရာတွေ ဘာလို့အဲဒီကို မထွက်လည်း ဆိုတဲ့ အတွေး ၀င်ဖြစ်ပါတယ်။ တကယ်တော့ ဆရာကြီး ပြောတာလည်းမမှားပါဘူး။ ပညာရပ်ရဲ့ တန်ကြေးအားဖြင့် အဲဒီလောက် ရှိနေတာ အမှန်ပါ။

သို့ပေမဲ့ CNC Programmer ဆိုတာ ရုံးဝန်ထမ်း ရာထူးလို တပုံတပင်ကြီးခန့်ထားစရာ မလိုတဲ့ရာထူးပါ။ ကျွမ်းကျင် ပညာရှင် တစ်ယောက် နှစ်ယောက်ရှိနေရင်ကို စက်ရုံ တစ်ရုံ ကောင်းကောင်း အလုပ်လုပ်လို့ ရတဲ့ ပညာရပ်ဖြစ်တော့ကာ ပညာရှင် အနေနဲ့ လခ ကောင်းကောင်း ရနိုင်ပါတယ်။ သို့ပေမဲ့တစ်ယောက်ကောင်း ပညာရပ်ဖြစ်တဲ့ အတွက် လူတွေ အများကြီး မလိုတဲ့ အတွက်အလုပ်အခွင့် အလမ်း အနေနဲ့ ကြည့်ရင် အင်မတန် နည်းပါတယ်။ ဒီအတွက် မိမိသင်ယူမဲ့ ပညာရပ်ဟာလစာကောင်းကောင်း ရတယ်ဆိုတာလေး တစ်ခုတည်းနဲ့ ရမ်းသမ်းတက်လို့ မရပါဘူး။

တက်ပြီးတဲ့နောက် အလုပ်အကိုင် အခွင့်အလမ်း ကရော ဘယ်လိုရှိသလဲ ဆိုတာကိုပါ ထည့်သွင်း တွက်ချက်ပြီးမှ သင်ယူ သင့်ပါတယ်။ "ကျွန်တော်တို့ အေးဂျင့်ခ ၃၈၀၀ နဲ့ လေယာဉ် လက်မှတ်ခ ပေးခဲ့ ရတယ်ဗျာ။ ဒီကို ရောက်တော့ ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ် လုပ်ရပါတယ်။ ပြောခဲ့စဉ် တုံးက တစ်လကိစင်္ကာပူ ဒေါ်လာ ၆၀၀နဲ့ အိုဗာတိုင် ရမယ်လို့ ပြောပါတယ်။ ရောက်ပြီးပြီးချင်း အလုပ်စမဆင်းခင်မှာ စင်္ကာပူဒေါ်လာ ၁၅၀ စီ လိုအပ်တာ သုံးဖို့ ထုတ်ပေးမယ်လို့ ရန်ကုန်က ကုမ္ပဏီက ပြောလိုက်တယ်။

ပိုက်ဆံ ယူလာဖို့လိုမလား မေးတော့အေးဂျင့်က ယူလာစရာ မလိုဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရံအတားလေးတစ်ယောက် စင်္ကာပူဒေါ်လာ ၅၀ စီ ပါလာတယ်။ အခု ရောက်တာ ၁ လပြည့်တော့မယ်။ အလုပ်စမဆင်းရသေးဘူး။ ပိုက်ဆံ ထုတ်ပေးမယ် ပြောတာ အခုထိ ဘာမှ ပေါ်မလာဘူး။ အရံအတားယူလာတဲ့ ပိုက်ဆံသာ မပါရင် ငတ်ပြီ။"

"အလုပ်စဆင်းရတော့ ကုမ္ပဏီက အလုပ်သမားတွေကို တပုံတပင်ကြီး ခေါ်ထားပြီးတော့ အိုဗာတိုင် မဆင်းခိုင်း ဘူးဗျာ။ လစာကလည်း ၄၅၀ ပဲ ရတယ်။ အဲဒီထဲက တစ်လ ထမင်းစားစရိတ် ၁၅၀ ဖြတ်တယ်ဗျာ။ အဆောင်ခက ၇၅ ကျပ် ဖြတ်တယ်ဗျာ။ ၂၂၅ ကုန်ပြီ။ နောက်ထပ်လိုတာလေး ၀ယ်ခြမ်းတာနဲ့ဆိုတော့တစ်လ
အိမ်ကို တစ်သိန်း ပို့နိုင်အောင် မနည်းလုပ်နေကြရတယ်။ အဲဒီထဲက ကျွန်တော်တို့က သူများ ဆီကနေ ချေးငှား လာရတာဆိုတော့ ရန်ကုန်မှာ အတိုး ပေးတာနဲ့ဆို အစ်ကို စဉ်းစားသာ ကြည့်တော့။ အခုရောက်နေနှင့်ြ့ပီးသား သူတွေကလည်း ရင်းထားတဲ့ ပိုက်ဆံ ကျေအောင်သာကျိတ်မှိတ်ပြီး လုပ်နေကြရတာ။ ဘယ်သူမှ စိတ် မချမ်းသာဘူး။ အကြွေးကျေရင်တော့ အားလုံး ပြန်မယ် ဆိုတာ ချည်းပဲ။"


အေးဂျင့်အားကိုးနဲ့ လာရောက်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်သား တစ်ဦးရဲ့ ရင်ထဲက ထွက်လာတဲ့
စကားစု တချို့ပါ။

ဆိုတော့ ဒီလို အကြောင်းအရာတွေ ကြောင့် စင်္ကာပူမှာ အလုပ်လာလုပ်မဲ့သူများ ဘာတွေ သိထား သတိထားဖို့လိုမလဲ။ အပြည့်စုံဆုံး မဟုတ်သည့်တိုင် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အနေအထားလေးတွေ သူငယ်ချင်းတွေ သိအောင် ပြောပြချင်တဲ့ ဆန္ဒ ရှိလာပါတယ်။ ရန်ကုန်ကနေ ထွက်မလာခင်၊ စင်္ကာပူဆိုတာ နိုင်ငံခြားပါနိုင်ငံခြားဆိုတဲ့ အတိုင်းကျွန်တော်တို့အပါအ၀င် အများစု သိထား ကြတာက ရုပ်ရှင်တွေ ဗီဒီယိုတွေထဲကဇိမ်ခံကားကြီးတွေနဲ့ မိုးမျှော် တိုက်ကြီးတွေနဲ့ မြေအောက် ရထားတွေနဲ့တိုးတက် စည်ကားနေတဲ့နေချင့်စဖွယ် နေရာ တစ်ခု။

အဲလို တကယ် မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ ပိုက်ဆံသုံးဖို့ ဖြုန်းဖို့လာမဲ့ သူတွေအတွက်နိုင်ငံခြားက ပျော်စရာ အလွန်ကောင်းတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့က ပိုက်ဆံလာဖြုန်းတာ မဟုတ်ပါဘူး။ ပိုက်ဆံ လာရှာကြတာ ဖြစ်ပါတယ်။ သူများ နိုင်ငံမှာလာနေပြီး ပိုက်ဆံ လာရှာတာ ထင်သလောက် မလွယ်
ပါဘူး။ မလွယ်ပါဘူး ဆိုတာကိုသိသိနဲ့ ဟိုရောက်တော့မှ အဆင်မပြေရင် ကြည့်ကြက် လုပ်တာပေါ့ ဆိုတဲ့အတွေးနဲ့ ဆိုရင်တော့ မလာတာ ပိုကောင်းပါတယ်။

နောက်တစ်ချက်။
အေးဂျင့်တွေရဲ့ စကားတွေ။ သူတို့အတွက် နိုင်ငံခြားကို လူပို့နိုင်ရေးသည် သူတို့ အလုပ်ဖြစ်ပါတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောချင်ရင်လည်း သူတို့ ပါးစပ်ထဲမှာပဲ ရှိပါတယ်။ လိပ်ကို ကြမ်းပိုး ဖြစ်အောင် ပြောချင်ရင်လည်းသူတို့စကားပဲဖြစ်ပါတယ်။သူတို့အလုပ်ဖြစ်စေဖို့အတွက်လိုတဲ့အချက်ကိုလိုသလိုလျှောက်ပြောဖို့ အဆင်သင့်ပါ။

ဥပမာ တစ်ခုပြောရရင်မောင်လူအေးရထားတဲ့AGTIဆိုတဲ့ဒီပလိုမာနဲ့စင်္ကာပူမှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတဲ့ကိစ္စကိုဆိပ်ကမ်းသာလမ်းမှာရှိတဲ့အများစုသောအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဘယ်လိုမှမ လွယ်ဘူးဆိုတဲ့ တစ်လေသံတည်း ထွက်ပြီး ဖြေပါတယ်။

သူတို့ရဲ့ အပြောအရဆိုရင် စင်္ကာပူမှာ Spass နဲ့ အလုပ် လုပ်ခွင့် ရရေးဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ကျင့်ကြံ အားထုတ်ရမဲ့ သဘောမျိုး သက်ရောက်ပါတယ်။ တကယ်တမ်းမိမိကိုယ်တိုင် ထွက်လာပြီး အလုပ် လျှောက်တဲ့ခါ ကျတော့ အလုပ်ရပါတယ်။ အမှန်အကန် ၀န်ဆောင်မှု ပေးနေတဲ့ အေးဂျင့်တွေ မရှိဘူးလား။ ရှိနိုင်ပါတယ်။ သို့ငြားလည်းမဟုတ်မမှန် လုပ်စားသူ တချို့ကြောင့် အေးဂျင့်ဆိုတဲ့ လုပ်ငန်းဟာနိုင်ငံခြားကို လူပို့ပြီး ရိုက်စား လုပ်နေတဲ့ လုပ်ငန်းလို့ထင်ရအောင်ကို နာမည် ပျက်နေတဲ့ အနေအထား ရောက်သွားပါတယ်။ ဆိုတော့ အကောင်းဆုံး အကြံပေးလိုတာက အကယ်၍များ မည်သည့် နိုင်ငံကို မဆို အလုပ်လုပ်ဖို့ထွက်မယ် ဆိုရင်ယင်းနိုင်ငံမှာ ယခင် ကတည်းက ရောက်နှင့်နေပြီး မိမိ ရှာဖွေ လုပ်ကိုင်လိုတဲ့လုပ်ငန်းမျိုး တကယ် အလုပ် လုပ်နေတဲ့သူ တစ်ဦးဦးနဲ့ ဆက်သွယ် မေးမြန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်မှာပါ။

ဆိုတော့ အကျဉ်းပြန်ချုံ့ရမယ်ဆိုရင်

* စင်္ကာပူမှာ အလုပ်သမားတွေ လျှော့တယ်ဆိုတာ ဟုတ်ပါတယ်။ သို့ပေမဲ့ ကုမ္ပဏီတိုင်း လုပ်ငန်းတိုင်း လျှော့တာမဟုတ်ပါဘူး။ အလျှော့ခံရတဲ့ အထဲမှာ မြန်မာ အလုပ်သမား တွေလည်း တချို့ ပါပါတယ်။ သို့ပေမဲ့ အလုပ်သမားတွေ အကုန် ပြန်လွှတ် နေတယ်ဆိုတာ မဟုတ်ပါဘူး။ *

* စင်္ကာပူနိုင်ငံ အနေနဲ့ အလုပ်အကိုင် အပြောင်းအရွှေ့ အများဆုံး အချိန်သည် တရုတ်နှစ်သစ်ကူး ပတ်ဝန်းကျင် အချိန်ဖြစ်ပြီးတော့ တစ်နှစ်လုံး အလုပ်အကိုင် အခွင့်အလမ်းသည် ပုံမှန်ပဲရှိတတ်ပြီး၊ အခုနေ အချိန်မှာတော့ ကမ္ဘာ့ငွေကြေးဂယက်ရဲ့ အရှိန် ရိုက်ခတ်မှုကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်း အင်မတန် ပါးလျားတဲ့အနေအထားကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ *

* အလုပ် လာလုပ်ကြမဲ့ သူများ အနေနဲ့ ထွက်မလာခင်မှာ မိမိ လာရှာမဲ့ အလုပ်အကိုင်မျိုး လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေနဲ့ဆက်သွယ် မေးမြန်း ပြီးတော့မှသာလျှင် ဆက်လက် ကြိုးပမ်း သင့်ပါတယ်။ *

* အထူးသဖြင့် အေးဂျင့်တွေနဲ့ ဆက်သွယ်လုပ်ကိုင်ပြီး ထွက်လာမယ် စဉ်းစားရင်တော့ ပိုပြီး သတိထား စုံစမ်းလေ့လာပြီးမှ သာလျှင် ထွက်လာသင့်ပါကြောင်း။

ရေးသားသူ - မောင်လူအေး
http://myanmarinsingapore.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။