Home » » မဟာချိုင်တွင် အလုပ်သမားများ ဆန္ဒပြ

မဟာချိုင်တွင် အလုပ်သမားများ ဆန္ဒပြ

Written By မောင်စေတနာ on Saturday, August 21, 2010 | 2:18:00 PM

ခင်ဦးသာ
Friday, August 20, 2010
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသရှိ Thai Asian Co.Ltd အမည်ရှိ ပင်လယ်စာထုတ်လုပ်သည့် စက်ရုံတွင် ယမန်နေ့နှင့် ယနေ့ နံနက် က မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ကြောင်း စက်ရုံဝန်ထမ်းများ ထံမှသိရသည်။


ဘန်ကောက် မဟာချိုင်ဒေသရှိ Thai Asian Co.Ltd အမည်ရှိ ပင်လယ်စာထုတ်လုပ်သည့် စက်ရုံရှေ့တွင်
အလုပ်သမားအခွင့်အရေး ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် စက်ရုံမန်နေဂျာတို့ ဆွေးနွေးနေစဉ်
်(ဓာတ်ပုံ - ဘစောတင်)


“ဆန္ဒပြရတာက အိုဗာတိုင်ကြေးကို နာရီအလိုက်ပေးတာကနေ ကီလိုနဲ့ပြောင်းပေးလို့ပြရတာပါ။ အရင်က အချိန်ပိုကြေး ၁ နာရီ ၃၈ ဘတ် (ကျပ် ၁၀၀၀ ကျော်) ပေးရာကနေ အခု ကီလိုနဲ့ပေးတော့ ၁ နာရီကို ၁၀ ဘတ်၊ ၁၅ ဘတ် (ကျပ် ၃၀၀ မှ ၄၅၀) လောက်ပဲ ရတော့မယ်” ဟု စက်ရုံမှ အမျိုးသမီးအလုပ်သမား တဦးကဧရာဝတီသို့ပြောသည်။


အလုပ်သမားတဦး၏ တနေ့လုပ်အားခမှာ ၂၀၅ ဘတ်ရှိပြီး အလုပ်ချိန်မှာမနက် ၇ နာရီမှစ၍အဆိုင်းလိုက် တနေ့လျင် ၈ နာရီ အလုပ်ဆင်းပေးရကြောင်း သိရသည်။

ဆန္ဒပြမှုသည် ဆက်လက်ဖြစ်ပေါ်နိုင်သေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျောပေးနိုင်ခြေ မရှိသေးကြောင်း အလုပ်သမားတဦးက ဆိုသည်။

ယခုအခါ မြန်မာအလုပ်သမားများထဲမှ အလုပ်သမား အုပ်ချုပ်သူတချို့နှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ သို့သော်စက်ရုံပိုင်ရှင်က ထိုင်းအာဏာပိုင်များ၊ ရဲများနှင့် ပူးပေါင်း၍လုပ်ဆောင်နေခြင်းကြောင့် စက်ရုံအလုပ်သမားများအတွက် အခက်တွေ့နိုင်သေးကြောင်းလည်း သူကပြောသည်။

“ဆန္ဒပြနေတဲ့အချိန်မှာတော့ ရဲတွေကလာပြီး အထဲဝင်ကြ အဆင်ပြေအောင် လုပ်ပေးမယ်ပြောပြီး အထဲကိုအတင်းမောင်း သွင်းတာ။ အထဲလည်းရောက်ရော ကီလိုနဲ့ပဲပေးမယ်၊ လုပ်ချင်လုပ် မလုပ်ချင်နေလို့ပြောတယ်လေ။ ဒီတော့ အလုပ်သမား တွေအကုန်လုံးက အချိန်ပိုမဆင်းဘဲ ပြန်ကြတယ်။ အခုလည်းစက်ရုံရှေ့မှာ အချုပ်ကားနဲ့ ရဲတွေစောင့်နေတယ်” ၎င်းက ဆက် ရှင်းပြသည်။

အဆိုပါစက်ရုံတွင် မြန်မာနိုင်ငံမှအလုပ်သမား ၁၇၀၀ ၀န်းကျင်နှင့် ထိုင်းအလုပ်သမား ၁၃၀၀ ခန့်ရှိပြီး မြန်မာ အလုပ်သမားများမှာ တန်းတူအခွင့်အရေးမရဘဲ အနှိမ်ခံရကြောင်းသိရသည်။

မဟာချိုင်ဒေသတွင် ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ အများအပြားရှိပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမား ၃ သိန်းဝန်းကျင် နေထိုင်ကြကြောင်း သိရသည်။

အဆိုပါဒေသတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးအလုပ်သမား အသုံးပြုမှုများ၊ အလုပ်ရှင်၏ အလုပ်သမား အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖြေရှင်းပေးသော်လည်း ပပျောက်သွားခြင်းမရှိကြောင်း သိရသည်။

သြဂုတ်လ ဒုတိယအပတ်တွင်လည်း အမေရိကန်နိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့၊ အလုပ်သမား ရေးရာစသည့်အဖွဲ့အစည်းများမှတာဝန်ရှိသူများလာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီလို အဖွဲ့တွေလာတော့မယ် ဆိုရင် ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေလုပ်ထားတယ်။ အလုပ်သမားတွေကို ဒီလိုပြောရမယ် ဆိုပြီးအတင်းအကျပ် ခိုင်းတာတွေရှိတယ်” ဟု ဒေသခံ အမျိုးသားတဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ သန်းကျော်မှ ၃ သန်းအထိရှိပြီး အများစုမှာ အလုပ်သမားမှတ်ပုံတင် မရှိသူများ၊ ပြုလုပ်ဆဲများသာ ဖြစ်ကြောင်းသိရသည်။ ထိုင်းရောက်မြန်မာအလုပ်သမားများ အရေးနှင့် ပတ်သက်၍ ထိုင်း - မြန်မာ အစိုးရတို့ညှိနှိုင်း၍ ယခင်နှစ်ထဲတွင် အလုပ်သမားကတ်ပြားများကို လုပ်ဆောင်ပေးခဲ့သည်။
http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။