Home » » လေးစား အတုယူ စရာ ဆောင်းပါးလေး ....

လေးစား အတုယူ စရာ ဆောင်းပါးလေး ....

Written By မောင်စေတနာ on Saturday, November 28, 2009 | 4:29:00 PM

[image: helping] ပညာကိုအလင်းဖြင့် ခိုင်းနှိုင်းတတ်ကြသည်။ အချို့က လည်း
မျက်စိဟုဆိုတတ်ကြသည်။ မည်သို့ဆိုစေ ပညာရဲ့ ဂုဏ်ကျေးဇူးကို ဖော်ပြရာ၌
သိသာထင်ရှား သော ဥပမာများပင်ဖြစ်သည်။

ထိုကဲ့သို့ ပညာကိုအဖိုးတန်ရတနာအဖြစ် အမျိုးမျိုးခိုင်း နှိုင်းကာ
မြတ်နိုးတန်ဖိုးထားကြသည်။ သို့သော် ပညာ နှင့်ပတ်သက်ပြီး
လူအများတစ်ဦးနှင့်တစ်ဦး ခံယူချက် မတူတတ်ကြပါ။ အချို့သည် မိမိသိသော အသိပညာ၊
အတတ်ပညာတစ်ခုကို သိစေတတ်စေလိုသော စိတ်ထားဖြင့် မျှဝေလိုကြသည်။ အချို့ကား
အဘယ်အကြောင်းကြောင့်ဟု သေချာမသိသော်လည်း မိမိသိသော တတ်သော အသိပညာကို
ဝေမျှဖို့ရန် ၀န်လေး တတ်ကြသည်။ တွန့်တိုတတ်ကြသည်။

ကျနော်ကျောင်းပြီးလို့ အလုပ်ဝင်စက အကြောင်းလေးကို သတိရမိသည်။ ကျောင်းပြီးခါစ
လုပ်ငန်းအတွေ့ အကြုံ ဘာမှမရှိသေးသဖြင့် အူလည်လည်အခြေအနေပါ။
အလုပ်နှင့်ပတ်သတ်ပြီး နားလည်ချင်၊ သိချင် တတ်ချင်သည်။ အဲဒီတော့ အလုပ်ထဲမှာ
မေးစရာမြန်းစရာမေးခွန်းတွေက အစီအရီ။ မသိတာမတတ်တာ တွေက တောင်လိုပုံနေသည်။
ဒီကြားထဲ ကိုယ်ကကျောင်းတတ်တုန်းကလည်း အီးယောင်ဝါးလုပ်နေပြီး
စာလည်းဟုတ်တိပတ်တိမလေ့လာ မသိမမှတ်တော့ ပိုပြီးအခက်တွေ့တော့တာပေါ့။
ဆိုက်ထဲရောက်ပြီး တစ်ရက်နှစ်ရက်လောက်နေတော့ လုပ်ငန်းအတွေ့အကြုံရှိတဲ့
အကိုတစ်ယောက်နှင့် အတူလုပ်ရတယ်။

အဲဒီတော့ အင်း… ငါမေးမြန်းလို့ရနိုင်မှာပါလို့ တွေးထားတာပေါ့လေ။ လုပ်နေရင်း
ဆိုက်ထဲမှာ မသိတာ တစ်ခုတွေ့တော့ အကိုအဲဒါဘယ်လိုဖြစ်တာလဲ လို့မေးလိုက်တယ်။
သူကကျနော့်ကိုသေချာကြည့်နေတယ်။ နောက် အထင်သေးသလို လှောင်သလိုလို အကြည့်နဲ့
“ငါကပြောပြရမှာလား”…တဲ့….။ အဲသလိုအမေးခံ လိုက်ရတော့ စိတ်ထဲမှာ
အံ့အားသင့်သွားတယ်။ နောက်… သူ့မျက်နှာကို သေချာစိုက်ကြည့်ပြီး “ရတယ်အကို
ကျနော်ဘာသာသိအောင်လုပ်ပါ့မယ်” လို့ပဲပြောခဲ့လိုက်တယ်။ နောက် တစ်ရက်မှာလည်း
အလုပ်မှာ လိုအပ်တဲ့ ပစ္စည်းတွေမရှိလို့ ဆိုပြီး “မင်းအလုပ်ကကြိုမှာထားရမှာလေကွာ၊
ဒါလေးတောင် မသိဘူးလား” ဆိုပြီး မျက်နှာတင်းတင်းနဲ့ အပြောခံရပြန်တယ်။ နောက်တော့
အတူလုပ်နေတဲ့ အခြားတစ်ယောက်ကို ပြောတယ်။ “ဟေ့ကောင်ရေ ငါဟိုကောင်လေးကို
ပညာပေးခဲ့တယ်ကွာ”တဲ့..။ အဲဒီတစ်ယောက်က စိတ်မကောင်းစွာ လာပြောတယ်။

အဲဒီတုန်းက ကျနော်တွေးနေမိခဲ့တယ် “ဘာကြောင့်များ နောက်တတ်လာမယ့်
အသစ်တစ်ယောက်ကို လက်တွဲမခေါ်ချင်တာလဲ။ ဖေးဖေးမမစောင့်ရှောက်ဖို့ စိတ်ထားသူ့မှာ
ဘာကြောင့်များမရှိတာလဲ။”

နောက်… ရက်အတော်များများကြာတော့ အသက်အနည်းငယ်ပိုကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့တယ်။
သူကတော့ အစစအရာရာ မေးမြန်းသမျှကို သူသိသမျှပြောပြတယ်။

ကျနော်မှတ်မိနေတဲ့ သူပြောတဲ့စကားကတော့ “ကောင်လေး အင်ဂျင်နီယာလုပ်မယ့်
သူတစ်ယောက်ဟာ မျက်လုံးထဲမှာ ပေတံတွေ၊ ရေချိန်တွေ ထည့်ထားရမယ်ကွ။ နောက်မင်းရဲ့
ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်း တွေရဲ့ အတိုင်းအထွာတွေ ကိုမှတ်ထားရမယ်။
ခြေလှမ်းတစ်လှမ်းကို ဘယ်လောက်ရှိသလဲဆိုတာလည်း အကြမ်ဖျင်းသိနေရမယ်။
မင်းလက်တစ်ထွာ တစ်တောင် အဲဒါတွေဟာ ဘယ်နှစ်လက်မရှိသလဲ တိုင်းတာပြီး မှတ်ထားရမယ်။
ဒါမှမင်းအနေနဲ့ လက်တွေ့တိုင်းတာဖို့ တခြားအကူကိရိယာအလွယ်တကူ ရှာမရတဲ့အခါ
အနီးစပ်ဆုံးခန့်မှန်း နိုင်မယ်ကွ”…တဲ့။

အဲဒီစကားပြောနေချိန်က သူ့ရဲ့မျက်နှာမှာ ကျနော်ကိုသိစေတတ်စေချင်တဲ့ စေတနာတွေနဲ့
လေးနက်တည် ကြည်နေတာကို ကျနော်ပြန်မြင်ယောင်နေမိပါတယ်။ အဲဒီလိုလူမျိုးတွေလည်း
ရှိပါသေးတယ်ဆိုတာ တွေးမိတော့ ကျနော်အလုပ်လုပ်ရတာမှာ စိတ်ညစ်စရာတွေနဲ့အတူ
ကျေနပ်မှုတွေလည်းရှိခဲ့ပါတယ်။

ကျနော် အခြားအလုပ်တစ်ခုပြောင်းတော့ အခြားသူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။
သူ့ရဲ့ကူညီ သင်ပြပေးမှုကြောင့် ကျနော်ရဲ့ လုပ်ငန်းခွင်အခက်အခဲတွေ အတော်များများ
ပြေလည်ခဲ့ပါတယ်။ သူနဲ့ပတ် သက်ပြီး လုပ်ငန်းခွင်စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့
တစ်သတ်တာလက်စွဲစကားလေး ပြောထားတာ အမြဲအမှတ် ရနေမိတယ်။

“သူငယ်ချင်း… မင်း ကိစ္စတစ်ခုကို စီမံခန့်ခွဲရရင်…အဓိက အခြေခံအချက်(၃) ချက်ကို
စဉ်းစားရမယ်…”
၁) ဒါမလုပ် ခင်ဘာလုပ်ရမလဲ…
၂) ဒါနှင့်အတူ ဘာလုပ်မလဲ…
၃) ဒါပြီးရင် ဘာလုပ်မလဲ…
အဲဒါအရေးအကြီးဆုံး အခြေခံ စဉ်းစားရမဲ့ အချက်တွေပဲကွ….တဲ့။

ကျနော့်စိတ်ထဲ အတော်လေးကို မှတ်မှတ်သားသား ဖြစ်နေမိတယ်။ တကယ့်
စီမံခန့်ခွဲမှုတွေမှာ အရမ်းရှုပ် ထွေးတယ်ဆိုတာ လူတိုင်းသိမှာပါ…။ သို့သော်လည်း
ဒီအခြေခံ အချက်ကလေးတွေက ဘယ်အလုပ်ကို လုပ်လုပ် အသုံးဝင်နေတဲ့ ခန့်ခွဲမှုလေးလို့
ကျနော်ယူဆမိတယ်…။

နောက်ပိုင်း အလုပ်တွေမှာ ထဲထဲဝင်ဝင် အတွေ့အကြုံတွေများလာတော့
လူအမျိုးမျိုးတွေ့လာတယ်။ နိုင်ငံခြားကို ကံလေးလည်းသင့်ပြီး
အထိုက်အလျှောက်ကြိုးစားမှုလေးလည်းရှိတာကြောင့် ရောက်လာဖြစ် တော့
အတွေ့အကြုံတွေပို များလာပါတယ်၊ အဲဒီမှာ လူအတော်များများ ပြောတတ်ကြတဲ့
စကားတွေကို လည်း ကြားလာရပါတယ်။ “တို့ဗမာတွေက ဗမာအချင်းချင်း
ယိုင်းပင်းဖို့နည်းတယ်ကွာ၊ အလုပ်ထဲ စရောက်တာနဲ့ အချင်းနှိပ်ကွပ်ချင်တာနဲ့၊
လက်စင်ပေးချင်တာနဲ့ပဲ ကြုံနေရတတ်တယ်”တဲ့….။

အဲဒီစကားကြားတိုင်း ကျနော်အလုပ်စ၀င်စကအဖြစ်ကို ပြေးမြင်ယောင်မိတတ်တယ်။
အဲလိုကြုံတဲ့ သူတွေကိုလည်း ကိုယ်ချင်းစာမိတယ်။ သူတပါးကို အသိပညာအတတ်ပညာ
ဝေမျှလိုက်လို့ ဘာများ လျှော့သွားမှာပါလိမ့် ဆိုတာလည်း တွေးမိပါတယ်။ ဟိုတလောက
အသိတစ်ယောက်နဲ့ စကားပြော ဖြစ်တော့ သူ့ရဲ့အသိဝေမျှတဲ့ အယူအဆလေး
သဘောကျမိပါတယ်။ “ကိုယ်က
*၁*တွေ *၂*တွေသိလို့ သူများကို *၁*တွေ*၂*တွေ ပြောပြလိုက်တာဟာ
ကိုယ့်ဆီမှာလျော့မသွားပါဘူး။ သူ့ဆီမှာ *၃*တွေ*၄*တွေ မရှိတောင်
*၅*ဖြစ်ဖြစ်*၆*ဖြစ်ဖြစ်
ရှိချင်ရှိနေမှာ။ သူ့ဆီကပြန်မရလဲ တခြားနေရာကနေ ရနိုင်တာပါပဲ။ ဒါပေမယ့်
သူသိသွားတဲ့အတွက် အသိရှိတဲ့သူတစ်ယောက်တိုးသွားတာပေါ့..”။

သူပြောတဲ့စကားကြားတော့ ပညာဆိုတာကို ဆီမီးခွက်နှင့် ခိုင်းနှိုင်းတာလေး
သတိရမိပါတယ်။ ဆီမီးဆိုတာ ကိုယ့်ဆီကအလင်းကို ပတ်ဝန်းကျင်ကိုလွှင့်ထုတ်ပြီး
အကျိုးပြုတာပဲမဟုတ်လား။ အဲဒီတော့ တခြားဆီမီး တစ်ခွက်က မီးညှိုချင်တဲ့အခါ
မီးတောက်မျှဝေ ပေးလိုက်တာဟာ ကိုယ့်မီးတောက်အရှိန် လျော့မသွားပါဘူး။ နောက်ပြီး
သူ့ဆီကအလင်းကြောင့်လည်း ပတ်ဝန်းကျင်မှာ အလင်းရောင်ပိုပြီးလင်းစေမယ် မဟုတ်ပါလား
… ဆိုတာလေး အတွေးပေါက်မိတယ်။

အဲ… နောက်ညီမတစ်ယောက်ကတော့ ညည်းပါတယ်။ “အကိုရာ တခါတလေ ကိုယ်ကပေးပြီး ကိုယ့်အပေါ်
မှာ အသိအမှတ်အပြု မခံရာတာမျိုး၊ တချို့တွေဆို
ကိုယ့်ကိုကျော်သွားချင်တာမျိုးတွေကြ အတော်ဆိုး တယ်။ နောက်… လိုတုန်းကတော့
မျက်နှာငယ်လေးနဲ့လာပြီး အဆင်ပြေပြီဆိုတော့ လမ်းတွေ့တောင်
မခေါ်ချင်တဲ့သူမျိုးတွေလည်း ရှိတယ်။ အဲဒါမျိုးကြ စိတ်ထဲမှာ အတော်လေး
ကသိကအောင့်ဖြစ်ရတယ်…”။ ဟုတ်တော့လည်းဟုတ်ပါတယ်။ တချို့တွေမှာ
အဲဒီစိတ်မျိုးရှိနေတော့ အဲဒါအပေါ်မှာ ကိုယ်က စိတ်တိုနေရင် ပိုဆိုးမှာပေါ့
ပေးလည်းပေးရသေးတယ် စိတ်တိုတဲ့အတွက် အကုသိုလ်ဖြစ်သေးဆိုတော့ ပိုနစ်နာတယ်။
အဲလိုလူမျိုးတွေကို ခဏခဏကြုံလို့လည်း တချို့တွေပညာကိုဝေမျှဖို့
တွန့်တိုစေးနှဲသွား သလား ဆိုတာကိုလည်း တဖက်က စဉ်းစားမိတယ်ဗျာ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ လူတစ်ယောက်ကို အခြားသူတစ်ယောက်က ကူညီနိုင်ခြင်း၊ မသိသူကို
အသိအလင်း မျှဝေပေးခြင်း၊ အဲဒီလို မျှဝေပေးတဲ့သူတွေ အပေါ်မှာ အားပေးကူညီခြင်းစတဲ့
အဲဒီလို စိတ်ထားမျိုးတွေ ကျနော်တို့ လူငယ်မျိုးဆက်တွေမှာ
များများကိန်းအောင်းမှသာ နောင်မျိုးဆက်တွေဟာ အလင်းပြည့်တဲ့ သူတွေဖြစ်လာနိုင်မှာ
မဟုတ်ပါလား။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာလည်း မိမိရဲ့ကိုယ်ပိုင် အချိန်တွေ၊
ငွေကြေးတွေ၊ တခါတရံ ကျန်းမာခြင်းတွေကိုပါ အပွန်းခံပြီး လုပ်ဆောင်ကြရတာပါ။

ကျနော်တို့ငယ်စဉ်က နာသုံးနာ ဆိုတဲ့စကားကို ဆရာများထံမှာ
အမြဲလိုကြားဖြစ်ခဲ့ပါတယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာတဲ့။ မိမိသိသမျှကို
ဖြန်ဝေပေးချင်တဲ့စိတ်ဓါတ်ဟာ စာသင်ခြင်းကို အသက်မွေး ၀မ်းကြောင်းပြုနေတဲ့
ဆရာမဟုတ်ပေမဲ့ နာသုံးနာ လက်ကိုင်ထားတဲ့ ဆရာလိုစိတ်ဓါတ်မျိုး ကိန်းအောင်းနေမှသာ
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကျနော်အနေဖြင့် အဲဒီစိတ်ဓါတ်မျိုးရှိတဲ့
သူအားလုံးကို အထူးပဲ လေးစားအားကျပါတယ်ခင်ဗျာ။ ကျနော်ငယ်စဉ်ကနေ ယခုအချိန်အထိ
သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ ကြားဆရာများအားလုံးကိုလည်း ဒီစာလေးဖြင့်
ညွှတ်တွားကန်တော့ပါတယ်။

*ပညာစေးနှဲခြင်း* ဆိုတဲ့စကားကို မတွေ့မမြင်မကြားရဘဲ လူတိုင်းအချင်းချင်း
အသိပညာ၊ အတတ်ပညာများ ဝေမျှခြင်းဖြင့် လောကကောင်းကျိုးပြုနိုင်စေဖို့
ဆန္ဒပြုလိုက်ရပါကြောင်း…။ ။

*ဖိုးမောင်*
ခင်မင်မှုများစွာဖြင့်
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။