Home » , » ရန်ကုန်ဆိပ်ကမ်း ကားခိုးသွင်းမှု ဆက်လက်ဖြစ်ပွား

ရန်ကုန်ဆိပ်ကမ်း ကားခိုးသွင်းမှု ဆက်လက်ဖြစ်ပွား

Written By မောင်စေတနာ on Friday, June 1, 2012 | 8:33:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKrt1aUR2jc8Ybh3qEmT9Qj4U_SXpLVSL4Xlk4wZo55unuAw2bPFEfFbFyDkA9YMJeZyB9P1qI13Nt1WON5bBdcmJORzXVSjC7EaOJMojaK8FdSVXMxcndoK_pmJlboWoE9DpuF0hEN8Sf/s400/_MG_49100.jpg

လိုင်စင်မဲ့ကား တင်သွင်းမှုများတွင် ပါဝင်ပတ်သက်သူ ရန်ကုန်ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ အရေးယူခံရခြင်း မရှိသေးဘဲ တရားမ၀င် ကားတင်သွင်းမှု ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ကား ထောင်နှင့်ချီ တင်သွင်းမှုများအတွက် အကောက်ခွန် ဦးစီးဌာန အပါအ၀င် ဆိပ်ကမ်း တာဝန်ကျ အစိုးရ ၀န်ထမ်းများအကြား အချင်းချင်း အဝေမတည့်ဖြစ်ပွားပြီး အပြန်အလှန် တိုင်ကြားမှုရှိခဲ့ကြောင်း၊
ထိုကြောင့် ယမန်နှစ် ဇူလိုင်လနောက်ပိုင်း လိုင်စင်မဲ့ကားတင်သွင်းမှု မကြာခဏ ဖမ်းဆီးမိခဲ့ကြောင်း၊
မီဒီယာများက ဖော်ထုတ်ရေးသားခဲ့ပြီး နောက်ပိုင်း အကောက်ခွန်ဝန်ထမ်း ၆၀ ကျော် စစ်ဆေးခဲ့ရကြောင်း သိရှိရသည်။

“လိုင်စင်မဲ့ကား ဆိပ်ကမ်းက တင်သွင်းမှုနဲ့ပတ်သက်လို့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခံခဲ့ရ တဲ့အရာရှိတွေအားလုံးက ဘာမှ အရေးမယူခံရတဲ့အပြင် အရေးပါတဲ့ဌာနတွေမှာ နဂိုပုံစံအတိုင်း တရားမ၀င် ကားတင်သွင်းမှုတွေကို ဆက်လက် ကျူးလွန်နေကြတယ်။ ပိုင်တဲ့သူတွေက ကွန်တိန်နာလိုက်ကို လိုင်စင်မဲ့ကားတွေ သွင်းတယ်၊ထုတ်သွားကြတယ်” ဟု နေပြည်တော်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခင်က ဆိပ်ကမ်းမှ လိုင်စင်မဲ့ကားများ တင်သွင်းခဲ့ကြရာတွင် လိုင်စင်မဲ့Super Custom ကားများ တင်သွင်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ လိုင်စင်မဲ့Light Truck ကုန်တင်ယာဉ်ငယ်များကို တင်သွင်းကြခြင်းဖြစ်ကြောင်း၊ ယင်းကုန်တင်ယာဉ်ငယ်များကို စက်မှုဇုန်ထုတ် ကားကုမ္ပဏီများအတွက် တရားမ၀င် တင်သွင်းကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

“တရားမ၀င်Super Custom ကားတွေက ပြသနာတွေ တအားတက်သွားတော့ ဘယ်သူမှ မသွင်းကြဘူး။ အခု စက်မှုဝန်ကြီးဌာနက စက်မှုဇုန်တွေကို Light Truck ကားထုတ်လုပ်ခွင့်တွေ ရာနဲ့ချီထပ်ပေးတယ်။ အဲဒီတော့ဇုန်တွေက Light Truck ကားတွေကိုပဲ ဆိပ်ကမ်းတွေကနေ ကွန်တိန်နာလိုက်တရားမ၀င် သွင်းကြတာ” ဟု ရန်ကုန်အကောက်ခွန်ဦးစီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ရှင်းပြသည်။

လတ်တလော အေးရှားဝေါလ်ဆိပ်ကမ်းတွင် တရားမ၀င် တင်သွင်းလာသော မော်တော်ကားအစိတ်အပိုင်းများ တင်ဆောင်ထားသည့် ကွန်တိန်နာ များစွာကို အကောက်ခွန်ဦးစီးဌာနမှ အရာရှိအချို့နှင့် သက်ဆိုင်ရာ တင်သွင်းလာသည့် ကုမ္ပဏီအချို့က ထုတ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

“အစစ်အဆေးတွေက အခုအချိန်မှာ နည်းနည်းပြန်ပျော့သွားပြီ။ ဟိုတလောက အွန်လိုင်းမှာ တောက်လျှောက် လိုင်စင်မဲ့ကားတွေမိတဲ့သတင်းပါတော့ တရားမ၀င် ပစ္စည်းသွင်းထားတဲ့သူတွေက ကွန်တိန်နာတွေ မထုတ်ဘဲနဲ့ ပြေးနေကြတာ။ အခု နည်းနည်းပြန်ငြိမ်တော့ ပြန်ပြီး ထုတ်ဖို့ လုပ်ကြတာ။ အချို့လုပ်ငန်းရှင် တွေက သူတို့ တရားမ၀င်သွင်းတာတွေတော့ သက်ဆိုင်ရာက ဖမ်းပြီး အခုကျမှ မဖမ်းဘဲ ဌာနဆိုင်ရာနဲ့ပေါင်းပြီး ထုတ်မယ်ဆိုတာမျိုး သတင်းထွက်လာတော့ သက်ဆိုင်ရာတိုင်မယ်၊ တောမယ်ဖြစ် ကုန်ကြတယ်။ လောလောဆယ်သိထားတဲ့အချက်အလက်တွေအရ “စံချိန်” ကုမ္ပဏီက တင်လာတဲ့ ကွန်တိန်နာတွေမှာ သွင်းကုန်လိုင်စင်ထဲမှာ မဖော်ပြထားတဲ့ ကားတွေ၊ ကားအစိတ်အပိုင်းတွေ ပါနေတယ်။ အဲဒီကွန်တိနာတွေကို ထုတ်ဖို့ လုပ်နေကြတယ်” ဟု အကောက်ခွန်ဦးစီးဌာနရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အပါအ၀င် အရာရှိအများစုမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးလှထွန်း၏ တပည့်ရင်းများဖြစ်ပြီး လိုင်စင်မဲ့ ကားတင်သွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် လုပ်ဆောင်မည်ဟု ၀န်ကြီးဦးလှထွန်းက အစိုးရအကြီးအကဲများ ထံ ကတိပြုတင်ပြခဲ့သည့်အတွက် အကောက်ခွန်အရာရှိ အများစု အရေးယူမှု မခံရဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန် အေးဂျင့်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။