Home » , » အသက် ၁၆ နှစ်နှင့် PhD ဘွဲ့ရသည့် တရုတ်ကျောင်းသား

အသက် ၁၆ နှစ်နှင့် PhD ဘွဲ့ရသည့် တရုတ်ကျောင်းသား

Written By မောင်စေတနာ on Monday, December 5, 2011 | 4:30:00 AM



ကျန်ရှီယန်း မှာ အသက် ၁၀နှစ်နှင့် တက္ကသိုလ် တက်ခွင့်ရသူမို့ တရုတ်မှာရော ပြင်ပမှာပါ ပညာပါရမီပါသူ အဖြစ် ထင်ရှားသည်။

အသက် ၁၃ နှစ်မှာ ပေကျင်း နည်းပညာတက္ကသိုလ်မှာ မာစတာဘွဲ့အတွက် စတင်လေ့လာခဲ့သည်။ အခု အသက် ၁၆ နှစ် မှာ ပေကျင်း တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ PhD ဘွဲ့ ရရှိခဲ့သူမို့ ပိုမိုကျော်ကြားလာသည်။

ကျန်ရှီယန်း ရဲ့ ထူးခြားမှုကြောင့် နောက်ဆက်တွဲအဖြစ် တရုတ်ပညာရေးစနစ်ကိုပါ ဒီဘိတ်လုပ်စရာတွေ ဖြစ်လာသည်။ ငယ်ရွယ် ကလေးတွေကို အတန်းတွေ ခုံပျံတက်အောင်လုပ်တဲ့ တရုတ်ပညာရေးစနစ်က မှန်ကန်ရဲ့လား၊ အဲဒီ စာတော်တဲ့ ကလေးတွေကကော တကယ် အသိပညာ ရင့်ကျက်ပြည့်စုံမှု ရှိရဲ့လား။

မကြာခင်က ကျန်ရှီယန်း ကို တရုတ်အစိုးရ ရုပ်သံ CCTV က အင်တာဗျူးလုပ်တော့ သူ့ရဲ့ ကလေးဆန်မှု၊ စိတ်ကောက်မှုတွေ မြင်ကြရသည်။ သူ့အတွက် မိဘတွေက ပေကျင်းမြို့လယ်မှာ တိုက်ခန်းတစ်ခန်း ၀ယ်မပေးရင်၊ သူ ကျောင်းဆက်မတက်တော့ဘူးဆိုပြီး မိဘတွေကို အကျပ်ကိုင်ခဲ့သည်ဟု ပြောပြသည်။

အဲဒီလို မိဘတွေအပေါ် အကျပ်ကိုင် စိတ်ကောက်တဲ့အကြောင်း သူပြောလိုက်တော့ တရုတ် အွန်လိုင်း ပရိတ်သတ်တွေကြား ပွဲဆူသွားသည်။ ချို့ချို့တဲ့တဲ့ ရုန်းကန်နေရတဲ့ မိဘတွေကို သူ ဒီလို မညှဉ်းဆဲသင့်ဘူး ဆိုပြီး၊ ပြောချင်ဆိုချင်နေကြတဲ့ 'အက်တာနက် နိုင်ငံသား' (netizens) တွေအတွက် လက်တို့လိုက်သလို ဖြစ်သွားသည်။

ဘွဲ့ရမှ ကိုယ့်ဟာကိုယ် အလုပ်လုပ်ပြီး ငွေစု တိုက်ခန်းဝယ်သင့်တာပေါ့၊ သိပ် အတ္တကြီးတဲ့ကောင်လေးပဲ၊ သူ့ပညာက ဘာသုံးစားရမှာလဲ၊ စိတ်ကော ပုံမှန်ဟုတ်သေးရဲ့လား စသဖြင့်..။

တချို့ကတော့ သက်သက်ညှာညှာပြောသည်။ ဒီအရွယ်ဆိုတာ ဒီလိုပဲ မိဘကို ပူဆာမယ်၊ စိတ်ကောက်မယ်၊ ပုန်ကန်ချင်မယ်၊ ဒါဖြစ်လေ့ဖြစ်ထပဲ။ သူရဲ့ ဒေါက်တာဘွဲ့ကြီးကြောင့် သတင်းစာတွေထဲပါပြီး ရေးကြီးခွင်ကျယ် ပြောနေကြတာပဲ၊ သနားစရာလေးပါ။

ကျန်ရှီယန်း ကို လယောင်နင်ပြည်နယ်မှ ၀င်ငွေအလယ်အလတ်ရှိ မိသားစုကနေ မွေးဖွားခဲ့သည်။ အစိုးရ ၀န်ထမ်း ဖြစ်တဲ့ သူ့အဖေက သူ့သား ပညာပါရမီပါတာကို အစကတည်းက သိရှိခဲ့သည်။ ငယ်ငယ်ကတည်းက မေးခွန်းတွေ မေးခိုင်း၊ တွေးခိုင်းပြီး လေ့ကျင့်ပေးခဲ့သည်။ ကလေးအရွယ်မှာ တရုတ်ပြည်သမိုင်းကနေ အီရတ်စစ်ပွဲ အကြောင်းအထိ ကြီးကြီးကျယ်ကျယ်တွေ အာဘောင်အာရင်းသန်သန် ပြောတတ်သည်။ သူ့အဖေနဲ့ အပြန်အလှန်ငြင်းခုန်ကြသည်။



ဒါပေမဲ့ သူ့ပညာရေးခရီးမှာ အခက်အခဲကာလတွေ ဖြတ်ခဲ့ရသည်ဟု CCTV အင်တာဗျူးမှာ ပြောပြသည်။ ကျောင်းစာမလုပ်ဘဲ ကွန်ပျူတာဂိမ်းစွဲသွားတော့ အဖေရဲ့ အကြိမ်းအမောင်းခံရသည်။ ကျောင်းအဆောင်မှာ ဂိမ်းဆော့နေတာ သူ့အဖေ လိုက်ချောင်းတာ မြင်သွားတော့ သားအဖတွေ ပြဿနာအကြီးအကျယ် တက်ကြသည်။ အဲဒီနောက်ပိုင်း သူ့အဖေက သူ့ကျောင်းစာလုပ်တာကို အမြဲစောင့်ကြည့်နေတတ်သည်။

သူ့မိဘတွေရဲ့ မောင်းနှင်မှုက သူ့အတွက် ပြင်းထန်လွန်းသည်။ အဲဒီ မိဘတွေရဲ့ ဖိအားကပဲ သူ့အတွက် ရည်မှန်းချက် ဖြစ်လာရသည်။ မာစတာဘွဲ့ လုပ်နေစဉ်မှာ ဘာသာရပ်အချို့ ကျခဲ့ပြီး၊ ဘွဲ့ကို လက်လျှော့ဖို့အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံး သတ်သေဖို့အထိပါ တွေးခဲ့သေးသည်ဟု ပြန်ပြောပြသည်။

CCTV က သူ့အဖေ ဟူရှီယန် ကိုပါ အင်တာဗျူးသည်။ သူက သူ့သား အနာဂတ်လှပဖို့အတွက် ပျိုးထောင်ခဲ့တာ ဖြစ်ကြောင်း၊ သူတို့ဇနီးမောင်နှံက သူ့သားကို ဘယ်လို ပျိုးထောင်ခဲ့သလဲဆိုတဲ့ အကြောင်း 'ပဉ္စလက်ဆန်တဲ့ ပညာသင်ကြားရေး' အမည်နဲ့ စာအုပ်တစ်အုပ်ပင် ရေးဦးမယ်ဆိုတဲ့အကြောင်း ပြောပြသည်။

သူ့သား မာစတာတန်း တက်နေစဉ်မှာ တိုက်ခန်းဝယ်ပေးရမယ်၊ ၀ယ်မပေးရင် စာမလုပ်တော့ဘူးလို့ ပြဿနာ ရှာတော့၊ သူတို့ လင်မယားမှာ ရွေးချယ်စရာ မရှိကြောင်း၊ ပေကျင်းမှာ တိုက်ခန်းတစ်ခန်း သီးသန့် သူ့အတွက် ငှားပေးခဲ့ရကြောင်း ပြောသည်။ သူ့သားက ပေကျင်းမြို့ကြီးမှာ ကျောင်းသွားတက်ကတည်းက ရုပ်ဝတ္ထုဩဇာ လွှမ်းမိုးခံရကြောင်း ပြောသည်။

၁၆ နှစ်သား ကျန်ရှီယန်း ကတော့ သူ့မိဘတွေရဲ့ အိပ်မက်က သူ့ရဲ့ အိပ်မက် ဖြစ်လာကြောင်း၊ မိဘတွေက သူ့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသလို၊ သူလည်း အပြင်းအထန် ကြိုးစားရကြောင်း ပြောသည်။ နောက် သူ့အဖေက ငွေမရှိရင် ဘ၀မှာ ဒုက္ခရောက်မယ်လို့ တဖွဖွပြောပြီး ကြိုးစားခိုင်းသည်ဟု ဆိုသည်။

အခု ကျန်ရှီယန်း က မီဒီယာတွေနဲ့ အွန်လိုင်းပေါ်တွေမှာ သူ့အကြောင်း ဘာပြောပြော အပြုသဘော မြင်ကြောင်းနဲ့ နိုင်ငံရပ်ခြားမှာ ဆက်ပြီး ဒေါက်တာဘွဲ့ ထပ်ယူဦးမယ့်အကြောင်း CCTV ကို ပြောခဲ့သည်။

ဝင့်ထန်း

Source by :Source: Beijing Review & the Nation
http://www.maukkha.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။