Home » » တက္ကသိုလ်၊ ဆေးရုံ၊ ဘူတာရုံနှင့် လေယာဉ်ကွင်း ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးရာ၌ အခက်တွေ့နေဆဲဟုဆို

တက္ကသိုလ်၊ ဆေးရုံ၊ ဘူတာရုံနှင့် လေယာဉ်ကွင်း ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးရာ၌ အခက်တွေ့နေဆဲဟုဆို

Written By မောင်စေတနာ on Friday, December 16, 2011 | 2:30:00 AM



ရန်ကုန်တက္ကသိုလ် ၀င်ပေါက်တစ်နေရာ၌ ဇာတ်ဝင်ခန်း ရိုက်ကူးနေစဉ်

မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် တက္ကသိုလ်၊ ဆေးရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်း စသည့် ဇာတ်ဝင်ခန်းများကို ထည့်သွင်းရိုက်ကူးရာ၌ အခက်အခဲများစွာ ကြုံတွေ့နေဆဲဖြစ်ကြောင်း သိရပါသည်။

ယင်းသို့အခက်အခဲများစွာ ကြုံတွေ့နေရခြင်းမှာ ရိုက်ကူးခွင့်လျှောက်ထားရာ၌ အချိန်ကာလကြာမြင့်ခြင်း၊ ရန်ကုန်တက္ကသိုလ် ၀င်းအတွင်းကဲ့သို့ နေရာများတွင်မူ လုံးဝရိုက်ကူးခွင့်မပြု ခြင်း၊ တချို့သော နေရာများတွင် ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လုပ်ငန်း ၏ ထောက်ခံစာလိုအပ်ခြင်း စသည်တို့ကြောင့်ဟု သိရှိရသည်။

“ဇာတ်ဝင်ခန်းအတွက် အမှန်တကယ် လိုအပ်တဲ့ တချို့နေရာတွေမှာ ရိုက်ကူးဖို့က အင်မတန်ကို ခက်ခဲနေပါပြီ။ ရိုက်ကူးလိုတဲ့နေရာကို ကြိုတင် လျှောက်ထားရတာမျိုး၊ လိုအပ်တဲ့ ထောက်ခံစာတွေ မရတာမျိုး၊ တချို့ နေရာတွေကျတော့လည်း လုံးဝကို ရိုက်ကူးခွင့် မပြုတာမျိုးတွေနဲ့ ကြုံတွေ့ ရပါတယ်။ ဒီအတွက် မြန်မာဇာတ်ကားတွေမှာ အဓိကလိုအပ်ပေမယ့် ထည့်သွင်းရိုက်ကူးခြင်း မပြုနိုင်တဲ့ နေရာတွေရှိနေတာပါ”ဟု ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်ခဲ့သော ဆင်ဆာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထိုသို့ရိုက်ကွင်း အခက်အခဲတွေ့မှုအပေါ် အနုပညာရှင်များက တင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းအခက်အခဲများ ကြုံတွေ့နေရမှုနှင့် ပတ်သက်၍ တင်ပြလာခြင်း အပေါ် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က “ကျွန်တော်တို့ ရုပ်ရှင်လုပ်ငန်းအနေနဲ့ တော့ ဒီလိုနေရာတွေမှာ ရိုက်ကူးနိုင်ဖို့ သီးခြားထောက်ခံပေးတယ် ဆိုတာမျိုး လုပ်မှာမဟုတ်ပါဘူး။ တကယ် ရိုက်ကူးလိုတဲ့သူက ရိုက်ကူးလိုတဲ့ စိတ်ဆန္ဒပြင်းပြတယ်ဆိုရင် မဖြစ်မနေ ရိုက်ကူးခွင့်ရအောင် ဆောင်ရွက်မှာပါပဲ။ ဒီလိုမဖြစ်မနေ ဆောင်ရွက်ပြီးတော့ တချို့နေရာတွေမှာ ရိုက်ကူးခွင့် ရသွားတဲ့သူတွေလည်း အများကြီးပါပဲ။ နောက်တစ်ချက်ကတော့ ရုပ်ရှင် အနုပညာရှင်တွေရဲ့ တာဝန်ယူမှုနဲ့ ဆိုင်မယ်ထင်ပါတယ်”ဟု ရှင်းပြခဲ့ကြောင်း သိရသည်။

တက္ကသိုလ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ဘူတာရုံ စသည့်နေရာများ၌ ရိုက်ကူးရန်အတွက် ခွင့်ပြုချက်မှာ တချို့နေရာတွင် လုံးဝခွင့်ပြုခြင်းမရှိဘဲ တချို့သော နေရာများတွင်မူ တစ်လခန့် ကြိုတင်လျှောက်ထား၍ ရိုက်ကူးခွင့်ပြုသည်များ ရှိသည်ဟု သိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။