Home » , , » စင်္ကာပူကိုရောက်ရင် သွားရောက် လည်ပတ် သင့်တဲ့ နေရာလေးတွေ

စင်္ကာပူကိုရောက်ရင် သွားရောက် လည်ပတ် သင့်တဲ့ နေရာလေးတွေ

Written By မောင်စေတနာ on Thursday, December 8, 2011 | 7:20:00 PM

*Sentosa*
Sentosa ကျွန်းဟာ
စင်ကာပူရဲ့ တောင်ဘက်စွန်းကျတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး စင်ကာပူသင်္ကေတ ဧရာမခြင်္သေ့ရုပ်ကြီး (Merlion)၊ ကောင်းကင်ရထား (Cable Car)၊ ရေအောက်ငါးပြတိုက် (Under Water World) စတာတွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်များကတည်းက ထင်ရှားတဲ့ အပန်းဖြေစခန်းကြီး ဖြစ်ပါတယ်။ Sentosa ကျွန်းရဲ့ အခြားထင်ရှားတဲ့ တင်ဆက်မှုတွေကတော့ လင်းပိုင်လိမ္မာလေးတွေရဲ့ ဖျော်ဖြေမှု နဲ့ Sound of the Sea ကမ်းခြေပြဇာတ်တို့ပဲ ဖြစ်ပါတယ်။ Sentosa ကို အလည်သွားမယ်ဆိုရင် မဖြစ်မနေကြည့်သင့်တဲ့ တင်ဆက်မှုတွေဖြစ်ပါတယ်။ စင်ကာပူ ကျွန်းမကြီးဘက်မဟုတ်ဘဲ ပင်လယ်ဘက်ကျတဲ့အခြမ်းမှာတော့ Palawan Beach နဲ့ Siloso Beach ဆိုပြီး အနောက်တိုင်းဆန်ဆန် တည်ဆောက်ထားတဲ့ ကမ်းခြေ အပန်းဖြေစခန်းလေး ၂ ခုရှိပါတယ်။ Sentosa ကျွန်းအနှံ့ လည်ပတ်ဖို့ မှန်းထားရင်တော့ တစ်ရက်လုံးလုံး အချိန်ပေးမှ တော်ရုံလောက်ရှိမှာပါ။

*Universal Studio*

Sentosa ကျွန်းရဲ့ ကျော်ကြားမှုကို ထပ်မံဖြည့်စွက်လိုက်တာကတော့ ကမ္ဘာကျော် Universal Studio ပဲဖြစ်ပါတယ်။ စင်ကာပူက Universal Studio ဟာ ဟောလီးဝုဒ်၊ ဂျပန် နဲ့ စပိန် (ယခုပိတ်သိမ်းပြီး) တို့နောက်မှာ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး Theme Park အပန်းဖြေ စခန်းတစ်ခု ဖြစ်ပါတယ်။

မူပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ Universal Parks & Resorts ရဲ့ လာမယ့် နှစ်၃၀အတွင်း အရှေ့တောင်အာရှမှာ နောက်ထပ် Universal Studio ထပ်မဆောက်ပါဘူးဆိုတဲ့ အာမခံချက်နဲ့အတူ မလေးရှားကုမ္ပဏီကြီး Genting Group က တည်ထောင်ဖွင့်လှစ်ခဲ့တာပါ။ စင်ကာပူ Universal Studio ဟာ ပထမ ၉ လအတွင်းမှာပဲ လာရောက်လည်ပတ်သူ ၂ သန်းကျော်ကို စွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီကိုသွားကြမယ်ဆိုရင်တော့ Hollywood, New York, Sci-Fi City, Ancient Egypt, The Lost World, Far Far Away နဲ့ Madagascar စတဲ့ Theme တွေကို လည်ပတ်နိုင်ကြမှာဖြစ်ပါတယ်။ ဝင်ခွင့်လက်မှတ်ကတော့ ဈေးကြီးတယ်လို့ ဆိုရမှာပါ။

အရွယ်ရောက်သူ တစ်ယောက်အတွက် အနည်းဆုံး ၆၆ ကနေ ၇၂ စင်ကာပူဒေါ်လာ ပေးရပါတယ်။ လက်မှတ်ဝယ်ပြီးရင်တော့ အတွင်းမှာ Roller-coaster စီးတာ၊ ရုပ်ရှင်ကြည့်တာ စတာတွေကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်။ ပေးရတာနဲ့တန်အောင် တနေကုန် လည်ပတ်တာတောင်မှာ Studio တစ်ခုလုံးနှံ့အောင် ခပ်သွက်သွက်သွားကာမှ တော်ရုံကျမယ့် နေရာဖြစ်ပါတယ်။

*တိရစ္ဆာန်ရုံ*

စင်ကာပူ တိရစ္ဆာန်ရုံဟာ ရှားပါးတဲ့ တိရစ္ဆာန်တွေကို စုစည်းပြသထားနိုင်မှုနဲ့ Open Zoo လို့ခေါ်တဲ့ တိရစ္ဆာန်တွေကို လှောင်အိမ်နဲ့ မဟုတ်ဘဲ သဘာဝအတိုင်း အပြင်မှာ သွားလာနေတာကို ခံစားနိုင်အောင် တင်ဆက်ထားနိုင်မှုတို့ကြောင့် နာမည်ကျော်ပါတယ်။ ထွားကျိုင်းတဲ့ လူဝံကြီးတွေ၊ ကျားဖြူတွေ၊ ပိုလာဝက်ဝံကြီး၊ ကမ္ဘာလိပ်ကြီးတွေ၊ ကျားသစ်မျိုးနွယ်မျိုးစုံ၊ ကြံ့၊ ဆင်၊ သစ်ကုလားအုပ်၊ တွားသွားသတ္တဝါမျိုးစုံ၊ အထူးလေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေ၊ ပင်လယ်ဖျံကြီးတွေနဲ့ လေ့လာကြည့်ရှုစရာများလှပါတယ်။ တိရစ္ဆာန်လိမ္မာတွေရဲ့ ပြကွက်တွေကို ကြည့်ချင်တယ်ဆိုရင်တော့ မသွားခင်ကတည်းက သူတို့ရဲ့ အင်တာနက် စာမျက်နှာ www.zoo.com.sg မှာ အရင်ကြည့်ရှုသွားသင့်ပါတယ်။ တိရစ္ဆာန်ရုံကို သွားကြမယ်ဆိုရင်တော့ Ang Mo Kio MRT ကနေ ဘတ်စ်နံပတ် 138 ကို စီးနိုင်သလို Choa Chu Kang MRT ကနေလည်း ဘတ်စ် 927 စီးနိုင်ပါတယ်။

*Jurong Bird Park*

ဒီငှက်ဥယျာဉ်ကြီးဟာ အာရှမှာသာမက ကမ္ဘာမှာပါ အကောင်းဆုံးလို့,နာမည်ကျော်ပါတယ်။ ငှက်မျိုးပေါင်း ၃၈၀ ကျော်ကို ငှက်ကောင်ရေ ၄၆၀၀ ကျော်နဲ့ ပြသထားပြီး အရေအတွက်အားဖြင့် ကမ္ဘာမှာ အများဆုံးဖြစ်ပြီး ဧရိယာအားဖြင့်ဆိုရင်တော့ ဂျာမနီက Vogelpark Walsrode ပြီးရင် အကျယ်ဆုံးပါ။

ကုန်ကျငွေ စင်ကာပူဒေါ်လာ ၁၀ သန်းကျော် အသုံးပြုထားတဲ့ ငှက်ဥယျာဉ်ကြီးမှာ လေ့ကျင့်ပေးထားတဲ့ ငှက်လိမ္မာတွေရဲ့ အံ့မခန်းပြကွက်တွေကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဝင်ကြေး ၁၈ဒေါ်လာလောက်ပေးရတဲ့ ဒီငှက်ဥယျာဉ်ကြီးကို သွားချင်တယ်ဆိုရင်တော့ Boon Lay MRT ကနေ ဘတ်စ် 194 နဲ့ 251 ကို စီးနိုင်ပါတယ်။

*Science Centre*

သိပ္ပံပညာဖွံ့ဖြိုးမှုတွေအတွက် လေ့လာကြည့်ရှုသင့်တဲ့ နေရာဖြစ်ပါတယ်။ အဆောင်ဆောင် အခန်းခန်းနဲ့ ထူးခြားတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပြကွက်တွေကို တနေကုန် လေ့လာနိုင်ပါတယ်။ ဒါတွေအပြင် Snow City ၊ 4D ရုပ်ရှင် ၊ CSI ရုပ်ရှင်စီးရီးရဲ့ ပြခန်း စတာတွေကိုလည်း လည်ပတ်နိုင်ပါတယ်။ နှင်းအတုတွေနဲ့ အရမ်းအေးနေအောင်လုပ်ထားတဲ့ Snow City ကို အလည်ဝင်မယ်ဆိုရင်တော့ ဘာတွေယူသွားရမယ်၊ ဝတ်သွားရမယ်ဆိုတာတွေကို အရင်လေ့လာသွားစေချင်ပါတယ်။ နေရာကတော့ Jurong East MRT ကနေ လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးမှာပါ။

*Singapore Botanic Gardens နဲ့ National Orchid Garden*

စင်ကာပူမြို့လယ်မှာရှိတဲ့ Singapore Botanic Gardens ဟာ ရုက္ခဗေဒနဲ့ သစ်ပင်ပန်းမန်တွေကို လေ့လာချင်သူတွေအတွက် မဖြစ်မနေ သွားရမယ့်နေရာဖြစ်ပါတယ်။ ကမ္ဘာမှာ မနက် ၅ နာရီကနေ ည ၁၂ နာရီအထိဖွင့်တဲ့ တစ်ခုတည်းသော ရုက္ခဗေဒဥယျာဉ်ဖြစ်ပါတယ်။ စင်ကာပူသုံးငွေ ၅ ဒေါ်လာတန်ရဲ့ အနောက်ဘက်မှာ ပုံနှိပ်ထားတဲ့ သက်တမ်းရှည်သစ်ပင်ကြီးဟာ အဲဒီမှာ ရှိပါတယ်။

ဒီအထဲမှာမှ National Orchid Garden ၊ Rainforest ၊ Evolution Garden ၊ Ginger Garden စသည်ဖြင့် ရှိကြပြီး National Orchid Garden ကတော့ နာမည်အကြီးဆုံးပါပဲ။ ဒီသစ်ခွဥယျာဉ်မှာ သစ်ခွမျိုးပေါင်း ၁၀၀၀ ကျော်နဲ့ မျိုးစိတ်ပေါင်း ၂၀၀၀ကျော်ကို စိုက်ပျိုးပြသထားပါတယ်။ စင်ကာပူကို အလည်အပတ်လာရောက်တဲ့ နိုင်ငံခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ တချို့မျိုးစိတ်တွေကို သူတို့နာမည်တွေ ပြောင်းပေးလေ့ ရှိပါတယ်။ ၂၀၀၉ ခုနှစ် မတ်လမှာမြန်မာဝန်ကြီးချုပ်ရာထူးယူထားတဲ့ ဗိုလ်ချုပ်သိန်းစိန် စင်ကာပူကိုလာလည်တဲ့အခါ သစ်ခွတစ်မျိုးကို Dendrobium Thein Sein ဆိုပြီး ပြောင်းပေးခဲ့ပါတယ်။

*Esplande နဲ့ Merlion Park*

မြန်မာတွေ ဒူးရင်းသီးကြီးလို့ ခေါ်ကြတဲ့ Esplande အဆောက်အဦးကြီးဟာမြန်မာတွေဆုံကြတဲ့ စီးတီးဟောအနားမှာ ရှိပါတယ်။ Espanlde ဟာ အနုပညာ ပြပွဲတွေ၊ ကပွဲတွေနဲ့ အစည်းအဝေးတွေကို လက်ခံ ကျင်းပပေးလေ့ရှိတဲ့ နေရာပါ။

Merlion Park ကတော့ Esplande နဲ့ မလှမ်းမကမ်းမှာ ရှိပြီး နာမည်ကျော် Fullerton ဟိုတယ်ရှေ့မှာပါ။ ရေတွေ တရစပ်ပန်းထုတ်ပေးနေတဲ့ စင်ကာပူအထိမ်းအမှတ် ခြင်္သေ့ရုပ်ကြီးဟာ Merlion Park မှာပါ။ ဒီ Esplande နဲ့ Merlion ဟာ အထွေအထူး လှည့်လည်ကြည့်ရှုစရာ မရှိလှပေမယ့် စင်ကာပူရောက်သူတိုင်း အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

စင်ကာပူမြစ်၊ မိုးမျှော်အဆောက်အဦးကြီးတွေ၊ ခြင်္သေ့ရုပ်ကြီး စတာတွေကို နောက်ခံပြုပြီး အလှရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ တကယ့်ကိုပဲ စင်ကာပူမြို့ရဲ့ အလှအပနဲ့ ဗိသုကာပညာကို ဖော်ကျူးနိုင်ပါတယ်။

*Clarke Quay နဲ့ Boat Quay*

မီးထွန်းချိန် စင်ကာပူကို ခံစားချင်သူတွေအတွက် ဒီနှစ်နေရာဟာ သွားသင့်တဲ့နေရာတွေပါပဲ။ စီးတီးဟောကနေ လမ်းလျှောက်သွားလို့ ရတဲ့ အကွာအဝေးမှာ ရှိတဲ့ Clarke Quay နဲ့ Boat Quay မှာ ညစာကောင်းကောင်းစားနိုင်တဲ့ စားသောက်ဆိုင်တွေ၊ ပင်လယ်စာဆိုင်တွေ၊ ဘားနဲ့ နိုက်ကလပ်တွေ ပေါပေါများများ ရှိပါတယ်။ အနောက်တိုင်းသားတွေနဲ့ ညဘက်ပျော်တဲ့ ဒေသခံတွေ ခြေရှုပ်တဲ့ နေရာလည်းဖြစ်ပါတယ်။


*Orchard လမ်းမကြီး*

Orchard လမ်းမကြီးရဲ့ အစည်ကားဆုံး အစိတ်အပိုင်းဟာ Orchard MRT ကနေ Dhoby Ghaut MRT အထိ ရထား ၂ ဘူတာခရီးလောက် ရှိပါတယ်။ စင်ကာပူမြို့လယ်မှာ ရှိတဲ့ ဒီလမ်းမကြီးရဲ့ ဘေး ၂\ ဘက်မှာ ဈေးဝယ်ထွက်နိုင်တဲ့ Shopping Center ပေါင်း ၂၀ ကျော်ရှိပါတယ်။ ကမ္ဘာကျော် နာမည်ရော ဈေးပါကြီးတဲ့ Branded အသုံးအဆောင်တွေကို လက်မရွံ့တမ်း ဈေးဝယ်ထွက်ချင်ရင်တော့ Orchard လမ်းမကြီးဟာ ပြည့်စုံတဲ့နေရာပဲဖြစ်ပါတယ်။ မကြာသေးမီကမှ ဖွင့်လှစ်လိုက်တဲ့ ION Orchard , 313 @ Somerset စတဲ့ Shopping Center ကြီးတွေဟာ မူလရှိပြီးသားတွေကို ယှဉ်ပြိုင်ပြီး ဈေးဝယ်သူတွေကို ပိုမိုဆွဲဆောင်နိုင်ကြပါတယ်။ Shopping Center တွေနဲ့အတူ စားသောက်ဆိုင် ကောင်းကောင်းတွေနဲ့ ရုပ်ရှင်ရုံတွေလည်း ရှိပါတယ်။

နေ့ရောညပါ လှပတဲ့ Orchard လမ်းမကြီးကို စင်ကာပူရောက်ရင်တော့ တခေါက်လောက် လျှောက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ စင်ကာပူရောက်သူတိုင်း အကုန်လုံးမဟုတ်တောင် တတ်နိုင်သလောက် များများ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီအထဲမှာ မပါသလို မရောက်လည်းဖြစ်တဲ့ တချို့နေရာတွေကို အောက်မှာ ထပ်မံဖြည့်စွက်ဖော်ပြရင်း ဒီတပတ်အတွက် သိထားသင့်တဲ့ စင်ကာပူကို အဆုံးသတ်လိုက်ပါတယ်။

- Marina Bay Sands (သင်္ဘောကြီးကို ထောက်တိုင် ၃ ခု ထောက်ထားသလို
တည်ဆောက်ထားတဲ့ မိုးမျှော်အဆောက်အဦးကြီးပါ)

- Casino (Sentosa နဲ့ Marina Bay မှာ Casino လောင်းကစားဝိုင်း ၂ ခု တရားဝင်
ဖွင့်လှစ်ထားပါတယ်)

- Singapore Flyer (လန်ဒန်မြို့က London Eye ထက်ကြီးတဲ့ ကမ္ဘာ့အကြီးဆုံး
ရဟတ်ကြီးဖြစ်ပါတယ်)

- East Coast (စက်ဘီး၊ စကိတ်စီးရင်း ညစာကောင်းကောင်း စားနိုင်တဲ့ စင်ကာပူကမ်းခြေပါ)

- Funan Digital Mall (IT နဲ့ လျှပ်စစ်ပစ္စည်း စိတ်ဝင်စားသူတွေ မဖြစ်မနေသွားသင့်ပါတယ်။ စီးတီးဟောမှာပါ)


- Bugis ဘုရားကျောင်းတော် (Bugis MRT အနားမှာရှိတဲ့ Kwan Im Tong Hood Cho
ဗုဒ္ဓဘာသာဘုရားကျောင်းတော်ဟာ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးပါတယ်)

- Wild Wild Wet (Pasir Ris ကမ်းခြေအနီးမှာရှိတဲ့ ကစားကွင်းပါ)

- Mustafa (၂၄ နာရီဖွင့်တဲ့ ကုန်တိုက်ကြီးပါ။ တခြား Shopping Center တွေနဲ့ မတူဘဲ လိုအပ်သမျှ ပစ္စည်း တော်တော်များများကို တနေရာတည်းမှာ ရနိုင်ပါတယ်။ ဈေးနှုန်းသက်သာပေမယ့် ဝန်ဆောင်မှုကတော့ အတော်လေးညံ့ပါတယ်)

Source by :from my mail:
http://www.mmbloggers-malay.co.cc/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။