Home » » ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရေလွှမ်း ၁၃ ပေအထိမြင့်သော ဒီရေတက်လာနိုင်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရေလွှမ်း ၁၃ ပေအထိမြင့်သော ဒီရေတက်လာနိုင်

Written By မောင်စေတနာ on Wednesday, November 2, 2011 | 1:30:00 AM


အောက်တိုဘာလ ၂၉ ရက်နေ့က ဘန်ကောက်မြို့အတွင်း ရေလွှမ်းမိုးမှုမြင်ကွင်းများ

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဘန်ကောက်မြို့ လယ်စီးပွားရေး ရပ်ဝန်းမှာဆိုးဆိုးရွားရွား ရေလွှမ်းမည့် အနေအထားမှ ရှောင်လွှဲနိုင်သေးသော်လည်း ဘန်ကောက်မြို့တစ်ဝန်းမှာ ရေလွှမ်းမိုးမှုဒဏ်ခံစားနေရပြီး ဒီရေထပ်မံ တက်ဦးမည့်အခြေအနေကြောင့် နောက်ထက်ရေကြီးမှု များ ဆက်လက်ကြုံတွေ့ရမည့် အခြေအနေရှိနေကြောင်း သိရသည်။

ကျောက်ဖရားမြစ်နှင့် မြစ်၏တူးမြောင်းများတစ်လျှောက် ရေတားနံရံများ၊အတားအဆီးများကို ၂၉ ရက်နေ့တွင် ဒီရေကျော်သွားခဲ့သည်။ဘန်ကောက်မြို့ပြင် ဆင်ခြေဖုန်းများမှာ ရေနစ်နေပြီဖြစ်သော်လည်း မြို့လယ်ပိုင်းနေရာ အများစုမှာ ဆိုးဆိုးရွားရွား ရေလွှမ်းခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် ၁၉၄၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုကို လနှင့်ချီ ရင်ဆိုင်နေရခြင်းဖြစ်သည်။


အောက်တိုဘာလ ၂၉ ရက်နေ့က ဘန်ကောက်မြို့အတွင်း ရေလွှမ်းမိုးမှုမြင်ကွင်းများ

ဘန်ကောက်မြို့အရှေ့နှင့်မြောက်ပိုင်းတွင် ရေသည်ခါးလယ်အထိ တက်နေသည်။ ဘန်ကောက်မြို့ကိုဖြတ်ပြီး တောင်ဘက်မှသည်ပင်လယ်ဆီသို့ ရေစီးနေသလို ပြောင်းပြန်လားရာမှ ဒီရေကလည်း ပြန်တက်နေခဲ့သည်။ အဓိကပြဿနာမှာ မြောက်ဘက်မှဖြတ်စီးလာသော ရေများ မြို့ကိုဖြတ်ပြီး ဘန်ကောက်ပင်လယ်ကွေ့အတွင်း စီးဆင်းသွားရေး ဆောင်ရွက်ရန်ဖြစ်သည်ဟု ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘန်ကောက်၏ တရုတ်တန်းဧရိယာမှာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ပုံမှန်အတိုင်း လည်ပတ်နေခဲ့သော်လည်း နောက်ပိုင်းတွင် ဒူးအထိမြုပ်သော ရေလွှမ်းခြင်းနှင့်အတူ ခြောက်ကပ်သွားခဲ့သည်။

ရေကြီးမှုနှင့်အတူ ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့သည်။ဘန်ကောက်ဒေသခံများသည် ရေထဲတွင် သွားလာနေကြသော်လည်း မည်သည့်ကူးစက် နိုင်သောရောဂါများ ပျံ့နှံ့မည်ကို ရေရာစွာ နားလည်ထားကြခြင်းမရှိသေး သောကြောင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ပူပန်နေသည်။ ရေထဲတွင် မိကျောင်းနှင့်မြွေများ မျောလာသောကြောင့် အစိုးရက မိကျောင်းဖမ်းသည့်အဖွဲ့များ လွှတ်ပေးခဲ့ရသည်။ ရေထဲတွင် ကစားနေသောကလေးများကို ခြောက်သွေ့သောနေရာများသို့ ရွှေ့ပြောင်းပေးကြရန် ညွှန် ကြားချက် ထုတ်ပြန်ထားရသည်။

အိမ်များအတွင်းအထိ ရေ၀င်လာသော ကြောင့် ဘန်ကောက် ဒေသခံတို့မှာ နေအိမ်များမှစွန့်ခွာရန် ပြင်ဆင်နေကြသည်။''မြို့တောင်ဘက်မှာ နေတဲ့သူတွေရဲ့အိမ်တွေ မြုပ်ကုန်ပါပြီ။ ရေက ခြောက်ပေ လောက်မြင့်တဲ့အပြင် အနံ့ကလည်း အရမ်းဆိုးပါတယ်''ဟု ရပ်ဆိုင်းထားရသည့် ပရိ ဘောဂလုပ်ငန်းတစ်ခုမှ အလုပ်သမား သန်ယာရတ်ဟမ်ကီတီဝပ်က ဆိုသည်။

အစိုးရက ဘတ်စကားများဖြင့် မြို့မြောက်ဘက်နှင့် တောင်ဘက်ဆင်ခြေဖုန်းရှိ သက်ကြီးရွယ်အိုများကို ကယ်ဆယ်ပေးခဲ့သလို မြို့ထဲတွင်လည်း ယင်းသို့ ဆောင်ရွက်ပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်း စာက ဖော်ပြသည်။ အောက်တိုဘာ လ ၃၀ ရက်နေ့တွင် ၁၃ ပေအထိမြင့်နိုင်သော ဒီရေထက်တက်မည်ဟု ယူဆရပြီးမြို့တွင်းတွင် စားနပ်ရိက္ခာနှင့် ရေသန့်အလုအယက် ၀ယ်ယူမှုများ ဖြစ်ပေါ်နေသည်။

အာဏာပိုင်များက ကမ္ဘာလှည့်ခရီးသွားများ ဘန်ကောက်ကို ရှောင်လွှဲသွားလာကြရန် တိုက်တွန်းထားသည်။ မုတ်သုံမိုးအားကောင်းခြင်းနှင့်အတူ မြစ်များရေလျှံခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့သောရေလွှမ်းမိုးမှုကြောင့် နိုင်ငံတစ်ဝန်း လူ ၃၇၃ ဦး သေဆုံးခဲ့ပြီးလူ ၉ ဒသမ ၅ သန်းအပေါ် သက်ရောက်မှုရှိခဲ့သည်။

Source by :Ref: CNN,AFP
http://first-11.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။