Home » » ဖိလစ်ပိုင်အား (၅)ဂိုးပြတ် အနိုင်ယူကာ အုပ်စုတက်ရေး အခြေအနေ ကောင်းနေသည့် မြန်မာ

ဖိလစ်ပိုင်အား (၅)ဂိုးပြတ် အနိုင်ယူကာ အုပ်စုတက်ရေး အခြေအနေ ကောင်းနေသည့် မြန်မာ

Written By မောင်စေတနာ on Wednesday, November 16, 2011 | 5:30:00 PM



ယမန်နေ့ ညနေပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဖိလစ်ပိုင်နှင့် မြန်မာ အသင်းတို့၏ ဆီးဂိမ်းစ် အုပ်စု ပွဲစဉ်တွင် မြန်မာ အသင်းက (၅)ဂိုးပြတ် အနိုင်ရရှိကာ အုပ်စုတက်ရေး အခြေအနေ ကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

ပွဲစသည်နှင့် ဖိလစ်ပိုင် အသင်းက မြန်မာ အသင်းဘက်သို့ ထိုးစစ်ဆင် ကစားရန် ကြိုးပမ်းခဲ့ပြီး မြန်မာ အသင်းက အနည်းငယ် ထိန်းကစား ခဲ့သည်။ (၃)မိနစ်တွင် ဖိလစ်ပိုင် ဖရီးကစ်မှ တစ်ဆင့် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း တိုက်စစ်မှူး ခေါင်းတိုက်ချက် ထိချက်မမှန် ခဲ့၍ သီဟစည်သူ သက်သက်သာသာ ဖမ်းနိုင်ခဲ့သည်။ ထို့အတူ (၄)မိနစ်တွင် မြန်မာ အသင်း တောင်ပံ ထိုးစစ်ဆင်မှုမှ တစ်ဆင့် ထောင့်ကန်ဘော စတင်ရရှိခဲ့ သော်လည်း ကျော်ဇေယျာဝင်း ကန်တင်ပေးမှု ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ (၅)မိနစ်တွင် မြန်မာအသင်း ညာခြမ်းမှ ထိုးစစ်ဆင်ရာမှ ကွင်းလယ်ရှိ မင်းမင်းသူ ဘယ်ခြမ်းတွင် လွတ်နေသည့် ပြည့်ဖြိုးဦးအား ပြန်ချပေးခဲ့ရာ ဧရိယာ အပြင်မှ အပိုင် ကန်ခွင့် ရခဲ့သော်လည်း ကန်ချက်ပျော့၍ ဂိုးသမား ကာကွယ် သွားခဲ့သည်။

ပွဲချိန် မိနစ် (၁၀)တွင် ကျော်ဇေယျာဝင်း ဘယ်ခြမ်းမှ ဖရီးကစ် ကန်ချက် အတော်လေး ကောင်းမွန် သေသပ် သော်လည်း ဂိုးသမား ကာကွယ် ပုတ်ထုတ် သွားခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့အတူ ယင်းထောင့်ကန်ဘော မှတစ်ဆင့် မိုးဝင်း ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဖိလစ်ပိုင် အသင်းခေါင်းဆောင် ဂိုးစည်းပေါ်မှ ခေါင်းတိုက် ဖျက်ထုတ် သွားခဲ့၍ မြန်မာတို့ အဖွင့်ဂိုးနှင့် လွဲခဲ့ရသည်။ သို့သော် ထပ်မံ ရရှိခဲ့သည့် ထောင့်ကန်ဘော တွင်မူ ကျော်ဇေယျာဝင်း ကန်တင်ပေးမှုအား မင်းမင်းသူ ရှပ်တိုက်ရာ ဖိလစ်ပိုင် ဂိုးသမား အမိအရ မဖမ်းနိုင်ခင် အေးဆန်းက အပိုင် ပိတ်သွင်းကာ မြန်မာတို့ အဖွင့်ဂိုး ရရှိခဲ့သည်။

(၁၂)မိနစ်တွင် ဖိလစ်ပိုင် ကွင်းလယ် လူပေးမှားရာမှ ရရှိလာသည့် ဘောလုံးအား ကျော်ကိုကို ချပေးရာ ကွင်းလယ်မှ အသင့် ပါလာသည့် ကျော်ဇေယျာဝင်း အဝေးမှ အပြင်း ကန်သွင်းခဲ့ရာ ဂိုးဘား ကပ်ကျော်သွားခဲ့သည်။ ထို့အတူ (၁၃)မိနစ်တွင် ကျော်ကိုကို ချပေးသည့် ဘောလုံးအား အောင်မြင့်အေး အဆုံးသတ်ရန် ကြိုးပမ်းမှု ဂိုးသမား အနာခံ ဖျက်ထုတ် ခဲ့ပြီး ပြန်အန်လာသည့် ဘောလုံးအား ကွင်းလယ်မှ ပြန်ကန် သွင်းခဲ့ရာ ဂိုးစည်းပေါ်မှ ဖိလစ်ပိုင် နောက်ခံလူ အသည်းအသန် ဖျက်ထုတ် ခဲ့ရသည်။

မိနစ် (၂၀)တွင် ဖိလစ်ပိုင် အသင်း ဂိုးရလုလု နီးနီး အနေအထား ဖြစ်ခဲ့ရပြီး ဇော်မင်းထွန်းနှင့် သီဟစည်သူတို့ အသည်းအသန် ကာကွယ် ခဲ့ရသည်။ ထို့အတူ (၂၁)မိနစ်တွင် ဖိလစ်ပိုင် တိုက်စစ် ဖွင့်ကစား လာသည်အား မြန်မာ နောက်ခံလူများ အသည်းအသန် ပိတ်ဆို့ ကာကွယ် နေခဲ့ရသည်။ ဖိလစ်ပိုင် အသင်းသည် ပေးလိုက်ရသည့် ဂိုးအား ပြန်လည် ချေပနိုင်ရန် အတွက် ပိုမို တိုက်စစ်ဆင် ကစားလာခဲ့ပြီး မြန်မာအသင်း တိုက်စစ်မှာမူ ဆန္ဒစောနေ၍ အပျက်များ နေခဲ့သည်။

ပွဲချိန် (၃၃)မိနစ်တွင် ဖိလစ်ပိုင် တိုက်စစ်မှူး ဂျာဗီယား ဧရိယာ အပြင်မှ ကန်ခွင့် ရခဲ့သော်လည်း သီဟစည်သူ ရင်ခွင်ပိုက် ဖမ်းနိုင်ခဲ့သည်။ (၃၄)မိနစ်တွင် မြန်မာအသင်း တန်ပြန် ထိုးစစ်မှတစ်ဆင့် ကျော်ကိုကို ခြေစွမ်းပြ ထိုးဖောက်မှု ရင်ခုန်ဖွယ် ဖြစ်ခဲ့သော်လည်း တွဲဖက် ကစားခဲ့သည့် အောင်မြင့်အေး ဖြတ်တင်ဘော မသေသပ်၍ ဂိုးသွင်းခွင့် မရဘဲ ဖြစ်ခဲ့သည်။ (၃၆)မိနစ်တွင် ဖိလစ်ပိုင် အသင်း (၂)ကြိမ်ဆက် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သော်လည်း မြန်မာ နောက်ခံလူများ ကာကွယ် ရှင်းထုတ် နိုင်ခဲ့သည်။ ထို့အတူ (၃၇)မိနစ်တွင် ဘယ်ခြမ်းမှ ဖြတ်တင်ပေးပို့ မှုမှတစ်ဆင့် ဖိလစ်ပိုင် ကစားသမား အပိုင် ကန်ခွင့် ရခဲ့သော်လည်း အပေါ် ထောင်သွားခဲ့သည်။

(၃၉)မိနစ်တွင် မြန်မာအသင်း ကွင်းလယ် အချိတ်အဆက် မိမိဖြင့် ထိုးဖောက်လာသည့် ဘောလုံးမှ တစ်ဆင့် ရန်အောင်ဝင်း ညာခြမ်းမှ ဖြတ်တင်ပေးရာ မင်းမင်းသူ ပိတ်သွင်း နိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ထိချက်လွဲခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက ဥာဏလွင် နေရာတွင် ရွှေလှိုင်ဝင်းအား ၀င်ရောက် ကစားစေခဲ့သည်။ မိနစ် (၄၀)တွင် ဖိလစ်ပိုင် ကစားသမား ခရစ်ရှန် အဝေးမှ အပြင်းကန်ချက် သီဟစည်သူ ကာကွယ် နိုင်ခဲ့သည်။ ချက်ချင်း ဆိုသလိုပင် မြန်မာအသင်း တန်ပြန် ထိုးစစ်ဆင်ရာ ညာခြမ်းမှ ဖြတ်တင်ပေးမှုအား ဧရိယာ အတွင်းရှိ အောင်မြင့်အေး အဆုံးသတ်ရန် ကြိုးပမ်းရာမှ ပြန်ထွက် လာသည့် ဘောလုံးအား နောက်မှ အသင့်ပါလာသည့် ကျော်ဇေယျာဝင်းက အပိုင် ကန်သွင်းကာ မြန်မာတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ (၄၅)မိနစ်တွင် ဖိလစ်ပိုင် အသင်း ဖရီးကစ်မှ တစ်ဆင့် ဂိုးရလုနီးနီး ဖြစ်ခဲ့သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့ပြီး မြန်မာ အသင်း နောက်ခံလူ မိုးဝင်း ဒဏ်ရာ ရရှိခဲ့၍ ထမ်းစင်ဖြင့် သယ်ထုတ် ခဲ့ရကာ ပထမပိုင်း ပြီးဆုံး သွားခဲ့သည်။

ဒုတိယပိုင်း အစတွင် မြန်မာအသင်း အနေဖြင့် မိုးဝင်း နေရာတွင် ဇော်ဇော်ဦးအား ၀င်ရောက် ကစားစေခဲ့သည်။ ဒုတိယပိုင်း ချက်ချင်း ဆိုသလိုပင် မြန်မာတို့ နောက်ထပ် တစ်ဂိုး ရရှိခဲ့ကာ ဖိလစ်ပိုင် နောက်ခံလူ အားနည်းချက်အား ကျော်ကိုကို အခွင့်ကောင်း ရယူ ကျော်ဖြတ်၍ ဂိုးသမားနှင့် ရင်ဆိုင်အတွေ့ အပိုင် အဆုံးသတ်ကာ သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၄၈)မိနစ်တွင် ကျော်ဇေယျာဝင်း ဧရိယာ အတွင်း အပိုင်ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ထို့အတူ မိနစ် (၅၀)တွင် ကျော်ဇေယျာဝင်း ချပေးသည့် ဘောလုံးအား ဘယ်ခြမ်းမှ ပြည့်ဖြိုးဦး အပြင်း ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောမှ တစ်ဆင့် နောက်တစ်ကြိမ် ထပ်မံ ရရှိခဲ့သည့် ထောင့်ကန်ဘောတွင် ပြည်ဖြိုးဦး ကန်တင် ပေးမှုအား အေးဆန်း အပိုင် ခေါင်းတိုက်ချက် လှပကောင်းမွန် သော်လည်း ဂိုးသမား ပုတ်ထုတ် ခဲ့ရပြီး ဒိုင်ဖြစ်သူကမူ အေးဆန်း ဖိလစ်ပိုင် နောက်ခံလူအား ဖိတိုက်သည်ဟု ဆိုကာ ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သည်။

(၃)ဂိုးမြောက် ပေးလိုက်ရပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင် အသင်း ကစားအား သိသိသာသာ ကျသွားခဲ့ပြီး မြန်မာအသင်း အတွက် ကစားရ ပိုမို လွယ်ကူ လာစေခဲ့သည်။ (၅၄)မိနစ်တွင် ဘယ်ခြမ်းမှ ထိုးဖောက် တိုက်စစ်ဆင်ရာမှ ပြည့်ဖြိုးဦး ချပေးသည့် ဘောလုံးအား မြန်မာအသင်း ဂိုးသွင်း သူရဲကောင်း ကျော်ကိုကိုက နောက်ခံ လူများအား လှလှပပ ကျော်ဖြတ်ကာ အပိုင်ပိတ်သွင်းပြီး စတုတ္ထမြောက် ဂိုးအား သွင်းပေးခဲ့သည်။

ထို့နောက်တွင် ပွဲမှာ ကွင်းလယ်တွင်သာ အပျက်များ နေခဲ့ကာ ပွဲချိန် (၆၄)မိနစ်တွင် ဖိလစ်ပိုင် အသင်း ဧရိယာ အပြင်မှ အပြင်း ကန်ချက် သီဟစည်သူ (၂)ဆင့် ဖမ်းခဲ့ရသည်။ ထို့အတူ (၆၇)မိနစ်တွင် ဖိလစ်ပိုင် အသင်း ဘယ်တောင်ပံမှ ထိုးဖောက်လာသည့် ဘောလုံးအား ဇော်ဇော်ဦး ခေါင်းတိုက် ဖျက်ထုတ်ကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မိနစ် (၇၀)တွင် မြန်မာအသင်း တန်ပြန် တိုက်စစ် ဆင်ရာမှ ရန်အောင်ဝင်း အပိုင် ကန်ခွင့်တစ်ကြိမ် ရရှိခဲ့ သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ (၇၉)မိနစ်တွင် မြန်မာအသင်းက ကျော်ကိုကိုအား အနားပေးကာ အရန် တိုက်စစ် ကစားသမား မင်းမင်းထွန်းအား ၀င်ရောက် ကစားစေခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ကျော်ဇေယျာဝင်းအား ကစားပုံ ကြမ်းသည့် ဖိလစ်ပိုင် အသင်း ခေါင်းဆောင် အော့တ် (၂)၀ါ (၁)နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ မိနစ် (၈၀)တွင် ကျော်ဇေယျာဝင်း၏ ဖရီးကစ် ကန်ချက် ဂိုးသမား ကာကွယ်ခဲ့သည်။

(၈၇)မိနစ်တွင် မြန်မာအသင်း ဂိုးပေါက်အား အကောင်းဆုံး ခြိမ်းခြောက်မှု အဖြစ် ဖိလစ်ပိုင် ကစားသမား ညာခြမ်း ဧရိယာ အတွင်းမှ အပြင်း ကန်သွင်းခဲ့ရာ သီဟစည်သူ လက်စွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ ထို့အတူ မိနစ် (၉၀)ပြည့်ချိန်တွင် လူစားဝင် တိုက်စစ်မှူး မင်းမင်းထွန်း အပိုင် ကန်ချက် ဂိုးသမား လက်စွမ်းပြ ပုတ်ထုတ်ခဲ့သည်။ နာကျင် အချိန်ပို (၃)မိနစ်တွင် မင်းမင်းသူ ဂိုးရှေ့ ဖြတ်တင်ပေးသည့် ဘောလုံးအား ဖိလစ်ပိုင် ဂိုးသမား ပုတ်ထုတ်ရာမှ ပြန်အကျ နောက်တွင် အသင့် ပါလာသည့် ရန်အောင်ဝင်းက အပိုင် ပိတ်သွင်းကာ ပွဲသိမ်း အနိုင်ဂိုး ရရှိခဲ့ပြီး မြန်မာအသင်း (၅-၀)ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုရလဒ်ကြောင့် မြန်မာအသင်းသည် အုပ်စု ဒုတိယ နေရာတွင် ရမှတ်(၁၀)မှတ်ဖြင့် ဗီယက်နမ်နှင့် ရမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယ နေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။ မြန်မာ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အရှေ့တီမောနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ဆီမီးဖိုင်နယ် တစ်နေရာ အတွက်မူ အခြေအနေ ကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

Source by :http://www.soccermyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။