Home » » မြန်မာလုပ်သား စင်ကာပူသင်္ဘောကျင်း အလုပ်ရရေး သင်တန်းကောင်းကောင်း မရှိသေး

မြန်မာလုပ်သား စင်ကာပူသင်္ဘောကျင်း အလုပ်ရရေး သင်တန်းကောင်းကောင်း မရှိသေး

Written By မောင်စေတနာ on Sunday, October 2, 2011 | 5:30:00 PM



စင်ကာပူ သင်္ဘောကျင်းတွင် သွားရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အရည်အချင်း ပြည့်မီရန်သင်ကြား ပေးသည့်သင်တန်း အလွန်နည်းပါးနေကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့၏ ပြောကြားချက်အရသိရသည်။

”စင်ကာပူ သဘောင်္ကျင်း လုပ်သားတွေအရည်အချင်း ပြည့်ဝဖို့အတွက် မြန်မာနိုင်ငံမှာ Training Centre ကောင်းကောင်းမရှိပါဘူး” ဟု နိုင်ငံတကာ သင်္ဘောလိုင်းဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဦးနိုင်မြင့်က ပြောသည်။

ဖွင့်လှစ်ထားသော သင်တန်း အများစုတွင် လက်တွေ့သင်ထောက်ကူ ပစ္စည်းများမရှိသလောက် နည်းပါးနေခြင်းနှင့်လည်း ပတ်သက်၍ ၄င်းက ”ဒီမှာ Argon ဆက်တာ၊ အလွိုင်းဆက်တာ၊ ဒါမျိုးတွေသင် မပေးနိုင်ကြပါဘူး။ ငြမ်းစင်၊ငြမ်းဖြုတ်တာမျိုး လေးတွေလောက်ပဲ သင်ကြားပေးနိုင်ကြတယ်”ဟု ပြောသည်။

ထို့အပြင်အလုပ် သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုတွင်လည်း အားနည်းနေသည်ကိုတွေ့ရကြောင်း၊ ၄င်းကပြောသည်။

”အရင်တုန်းက ပညာအရည်အချင်း ၈ တန်းကနေ ၁ဝ တန်း အောင်တဲ့သူတွေကို Pipe Fitter နေရာတွေမှာ လက်ခံသေးတယ်။ အခု GTI အောင်မှလက်ခံတော့ တယ်။ လျှပ်စစ်ကျွမ်းကျင်တွေ အတွက်လည်း GTI အောင်မှပဲ လက်ခံတော့တယ်”ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ စင်ကာပူသင်္ဘောကျင်းများတွင် ပညာအရည်အချင်း နည်းပါးပါက အထွေထွေလုပ်သား၊ ငြမ်းစင်ခြင်း၊ ငြမ်းဖြုတ်ခြင်း၊ သန့် ရှင်းရေးအစရှိသော နေရာများ တွင်သာ အလုပ်လုပ်ရန်နေရာ ပေးကြကြောင်း၊ ဂဟေဆက်ကျွမ်းကျင်ခဲ့လျှင် တစ်ဆင့်မြင့်သော နေရာတွင်နေရာပေးကြောင်း အဆိုပါပုဂ္ဂိုလ်၏ ပြောပြချက်အရ သိရ သည်။

”S- Pass နဲ့ကပညာရှင်တွေ အလုပ်လုပ်ကြတာ။ Work Permitနဲ့က စင်ကာပူမှာ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ စက်ရုံတွေလိုနေရာမှာ သွားရောက်အလုပ်လုပ် ကြတယ်။ တစ်လကို ပျမ်းမျှအနေနဲ့ စင်ကာပူကနေ အယောက် ၅ဝ နဲ့ ၁ဝဝ ကြားခေါ်တယ်”ဟု ရွှေ ပြည်ငြိမ်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ခေါ်၍ အင်တာဗျူး စစ်သောအခါ အင်္ဂလိပ်စာကိုအဓိက ထား၍စာတွေ့လက်တွေ့ Welding ၊ Psycho နှင့် ပတ်သက်သည်များကို စစ်ဆေးကြောင်း ဦးရဲမြင့် က ပြောသည်။

ဆက်လက်၍၄င်းက ”စင်ကာ ပူကတကယ့်အကြီးစား Shipping တွေက အင်တာဗျူးလာလုပ်ရင် ရေးဖြေဖြေခိုင်းတယ်။ ပြီးတော့နှုတ်ဖြေနဲ့ လက်တွေ့အဆင့် ၃ ခုကို ဖြေရတယ်” ဟု ပြောသည်။

အရည်အသွေး အားနည်းမှုကြောင့် စင်ကာပူရှိ သင်္ဘောကျင်းများအတွက် အလုပ်သမားခေါ် ယူမှုနှုန်း မကျဆင်းသော်လည်း အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ အရည်အချင်း မပြည့်မီသောကြောင့် ပို့လွှတ်နိုင်မှု နည်းပါးနေကြောင်း ဦးနိုင်မြင့်က ပြောသည်။

”ပြီးခဲ့တဲ့အပတ်ကပဲ လူအ ယောက် ၄ဝ လောက် လာခေါ် တယ်။ ခေါ်တဲ့အယောက် ၄ဝ မှာ ၁ဝ ယောက်လောက်ပဲ လွှတ်နိုင်ခဲ့ တယ်” ဟု ၄င်းက ပြောသည်။

တစ်လလျှင် အဆိုပါသင်္ဘော ကျင်းအလုပ်သမားများမှာ Work Permit နှင့်သွားလျှင် စင်ကာ ပူဒေါ်လာ ၄၈ဝ မှ ၅၅ဝ ကြားအ လုပ် စဝင်ဝင်ချင်းရပြီး အချိန်ပိုကြေးနှင့် ပေါင်းပါက တစ်လလျှင် စင်ကာပူဒေါ်လာ ၈၅ဝနှင့် ၉ဝဝကြား ရကြသည်ဟု ဦးနိုင်မြင့်၏ပြောကြား ချက်အရ သိရသည်။

”စင်ကာပူသင်္ဘောကျင်းတွေက မြန်မာတွေဆိုပိုတောင် ခေါ်ချင်သေးတယ်။ မြန်မာတွေကသစ္စာရှိတယ်။ ကြိုးစားတယ်။ ဈေးပေါတယ်။ တရုတ်တွေနဲ့ယှဉ်ရင် ခေါက်ချိုး လောက် ဈေးပေါတယ်” ဟု ဆက်လက်ပြောကြားသည်။

စင်ကာပူတွင် သင်္ဘောကျင်း အလုပ်လုပ်ကိုင်နေသူတစ်ဦးက ”မြန်မာကနေ စင်ကာပူသင်္ဘောကျင်းမှာ လာအလုပ်လုပ်မယ့်သူတွေက မြန်မာမှာ တစ်လမပြည့်တဲ့ သင်္ဘောကျင်းနဲ့ ပတ်သက်တဲ့သင်တန်းတွေ တက်ပြီးလာကြတယ်။ စင်ကာပူလည်းရောက်ရော ဘာမှမသိတာတွေ မတတ်တာတွေ တဖြည်းဖြည်း ပေါ်လာရော။ ဒီတော့ ပစ္စည်းအတင်အချ နေရာတွေမှာ လုပ်ကြရတယ်” ဟု ပြောသည်။

ရွှေပြည်ငြိမ်း အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ”၂ဝဝ၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပြီး ကျသွားတာ ၂ဝဝ၉၊ ၂ဝ၁ဝ နဲ့အခု ၂ဝ၁၁ မှာ ခပ်ဖြည်းဖြည်းပဲ ပြန်တက်လာတယ်။ ဒီလိုဖြည်းဖြည်းချင်း တက်လာတာနဲ့တစ်ပြိုင်နက် အရည်အချင်းလိုအပ်ချက်တောင်း ဆိုမှုနှုန်းတွေမြင့်လာတာ တွေ့ရတယ်”ဟု ပြောသည်။

Source by :Popular News
တက်လူ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။