Home » » သရုပ်ဆောင် မော်ဒယ်လ် ချမ်းမီမီကို နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် မော်ဒယ်လ် ချမ်းမီမီကို နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Saturday, October 1, 2011 | 8:00:00 AM



‘အောင်မြင်တာ မအောင်မြင်တာ၊ နာမည်ကြီးတာ မကြီးတာဆိုတာတွေက ချမ်းမီသတ်မှတ်ရမှာ မဟုတ်သလို လုပ်ယူဖန်တီးလို့လည်း ရတာတွေ မဟုတ်ပါဘူး’ ၊ သရုပ်ဆောင် မော်ဒယ်လ် ချမ်းမီမီကိုနှင့် တွေ့ဆုံခြင်း ...

ယခုတစ်ပတ် အင်တာဗျူးကဏ္ဍမှာ တွေ့ဆုံပေးမယ့်သူက အပြုံးချိုချိုလေးတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မော်ဒယ်လ်တစ်ယောက်ပါ။ Miss ပြိုင်ပွဲတွေကတစ်ဆင့် ပရိသတ် အသိများလာသူဆိုလည်း မမှားပါဘူး။ အချိန်တိုအတွင်းမှာ ပရိသတ်သိလာသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ကလည်း ဆက်တိုက် ထွက်လာတာကြောင့် မော်ဒယ်လ်တစ်ယောက် အဖြစ်ကနေ သရုပ်ဆောင် တစ်ယောက်အဖြစ်ပါ ပရိသတ်အသိအမှတ်ပြုလာပါပြီ။ သက်တမ်းသိပ်မကြာသေးတဲ့သူ တစ်ယောက်ဆိုပေမယ့်လည်း ရုပ်ရှင်ကားကြီး သုံးကားနဲ့ ဗီဒီယိုကား ၂၀ ၀န်းကျင် ရိုက်ထားပြီးပြီဆိုတာကြောင့် သရုပ်ဆောင်ရပ်ဝန်း မှာတော့ ထိုက်သင့်တဲ့ အတွေ့အကြုံရလာပြီလို့ ဆိုနိုင်ပါတယ်။ သိသိသာသာ ထင်ရှားလာတဲ့ ချမ်းမီမီကိုရဲ့ အနုပညာရေးရာတွေ ပြောပြသမျှကို ဖတ်ရှုပေးပါဦး

မေး ။ ချမ်းမီလတ်တလော ဗီဒီယိုတွေ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက် ရိုက်နေရတယ်နော်။ အဲဒီ အပေါ်မှာ ချမ်းမီရဲ့ခံစားမှုကို အရင်ပြောပြပါဦး။

ဖြေ ။ ဟုတ်။ ချမ်းမီပျော်တယ်လို့ ပြောရမှာပါ။ အနုပညာလောကထဲကို ချမ်းမီတို့လို မော်ဒယ်လ်အသစ်တွေက အများကြီးပဲ တိုးဝင်လာတယ်လေ။ ဒီအထဲကမှ ချမ်းမီအနေနဲ့ အခုလို ဇာတ်ကားရိုက်ကူးခွင့်တွေ ရလာတယ် ဆိုတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒီအတွက်လည်း အနုပညာလောကထဲ က လက်တွဲခေါ်ယူကြတဲ့ ၀ါရင့်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ လုပ်ခွင့်ပေးလာတဲ့အ ပေါ်မှာ ချမ်းမီအနေနဲ့လည်း အတတ်နိုင်ဆုံး ကြိုးစားပါတယ်။

မေး ။ အချိန်တိုအတွင်းမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ခွင့်ရတယ်နော်။ အဲဒီအပေါ်မှာရောဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ ။ ဟုတ်။ သရုပ်ဆောင်သစ် တစ်ယောက်အတွက်တော့ ရုပ်ရှင်ကားကြီး ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ်၊ ကြော်ငြာ ပဲဖြစ်ဖြစ် လုပ်ခွင့်ရတာတွေက အခွင့်အရေးတွေ ချည်းပါပဲ။ ရုပ်ရှင်ကားကြီးဆိုတာကတော့ အသစ်တစ်ယောက် အတွက် ရိုက်ခွင့်ရဖို့ ပိုပြီးခက်ခဲတဲ့ အရာတစ်ခုပေါ့။ လောလောဆယ် ရိုက်ခွင့်ရတဲ့ ကားတွေကတော့ ဖန်စီတွေပဲ များပါတယ်။ ချမ်းမီဘက်ကတော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။

မေး ။ အလန်းဇယား ၂ မှာသရုပ်ဆောင်ရမှာဆိုတော့ ထူးထူးခြားခြား ကြိုပြင်ရတာမျိုးရှိလား။

ဖြေ ။ အဲဒီကားက ပထမကားမှာကတည်းက ပေါက်တဲ့ကားတစ်ကားပေါ့နော်။ အခုရိုက်မယ့် ကားမှာဆိုလည်း မကစ်တို့ မနန်းဆုတို့ မမိုးယုတို့နဲ့အတူ တွဲပြီး သရုပ်ဆောင်ရမှာဆိုတော့ ပျော်စရာကြီးပေါ့။ စပြောကတည်းကလည်း လန်းလန်းလေးဖြစ်အောင် အ၀တ်အစားလေးတွေ ကြိုပြင်ထား ပေးပါလို့ ပြောထားတာ။ ရိုက်မှာက ဖူးခက်ကမ်းခြေဆိုတော့ ကမ်းခြေနဲ့ လိုက်တဲ့ အ၀တ်အစားလေးတွေ ပြင်ထားတယ်။ ချမ်းမီနဲ့လည်း လိုက်ဖက်မယ့် ပုံစံမျိုးလေးတွေပေါ့။

မေး ။ မော်ဒယ်လ်အေဂျင်စီနဲ့ကရော စာချုပ်သက်တမ်း ပြည့်သွားပြီလား။ ဘယ်လိုနားလည် မှုယူထားလဲ။

ဖြေ ။ မော်ဒယ်လ်အေဂျင်စီနဲ့က သုံး နှစ်စာချုပ်ချုပ်ထားတာပါ။ တကယ်တမ်းပြောရရင် ချမ်းမီအခုလို အနုပညာလောကထဲမှာ နေရာတစ်နေရာ ရလာခဲ့တာက အေဂျင်စီရဲ့ပံ့ပိုးပေးမှု တွေလည်း အများကြီးပါပါတယ်။ ချမ်းမီဘာသာဆိုရင်အခုလိုအချိန်တို အတွင်းဖြစ်လာနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်အေဂျင်စီကပွဲရှိတဲ့ အခါ၊ အလုပ်ရှိတဲ့အခါမှာတော့ ချမ်း မီတို့ဘက်က အပြည့်အ၀ ကူညီပေးရပါတယ်။ စာချုပ်သက်တမ်း ပြည့်သွားတဲ့အခါမှာလည်း အခုလိုပဲ အပြန်အလှန်နားလည်မှုနဲ့ ရပ်တည်သွားမှာပါ။

မေး ။ Missပြိုင်ပွဲတွေကတစ်ဆင့် သရုပ်ဆောင်တစ်ယောက်အဖြစ်ထိ ခြေလှမ်းနိုင်ခဲ့တာဆိုတော့ Missပြိုင်ပွဲတွေက ဘယ်လောက် အတိုင်းအတာထိ အထောက်အကူ ပြုခဲ့တယ်လို့ထင်လဲ။

ဖြေ ။ အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုရမှာပါ။ ချမ်းမီ မော်ဒယ်လ် တစ်ယောက်အဖြစ်စပြီး လှုပ်ရှားစဉ်တုန်းက ပရိသတ်သိတဲ့ ပမာဏက အများကြီး နည်းပါသေးတယ်။ Missမိုးယံပြိုင်ပွဲမှာဆုရတာကတစ်ဆင့်မှ ပရိသတ်ပိုပြီး သိလာခဲ့တာ။ ဒီနောက်ပိုင်းမှာ Missပြိုင်ပွဲတွေမှာ ဆုတွေထပ်ရရာကနေ ပရိသတ် တော်တော်များများ သိလာသလို အနုပညာ လှုပ်ရှားမှုတွေလည်း တော်တော်လေး လုပ်ခွင့်ရလာတယ်လေ။ ဒီတော့ ချမ်းမီတို့လို အနုပညာမျိုးရိုးမရှိဘဲ ဒီလောကထဲကို ၀ါသနာအရင်းခံနဲ့ တိုးဝင်လာတဲ့သူတွေ အတွက်တော့ Miss ပြိုင်ပွဲတွေ ကတစ်စိတ်တစ်ဒေသ အထောက်အကူ ပြုတယ်လို့ ဆိုနိုင်ပါတယ်။

မေး ။ အနုပညာလောကထဲ ၀င်လာကြတဲ့သူတွေက ရည်ရွယ်ချက်တွေကတော့ တစ်ယောက်တစ်မျိုး ရှိတတ်တယ်လေ။ အောင်မြင်ချင်လို့၊ ပေါ်ပြူလာဖြစ်ချင်လာ စသဖြင့်ပေါ့။ ချမ်းမီကရော။

ဖြေ ။ ချမ်းမီကငယ်ငယ်ကတည်းက ဆိုင်းသံကြားရင် ကချင်တယ်ဆိုတဲ့ အစားထဲကပါ။ ကျောင်းမှာဆိုလည်း အနုပညာနဲ့ပတ်သက်လို့ ဘယ်လို လှုပ်ရှားမှုမျိုးပဲရှိရှိ မရရအောင် ပါတာပဲ။ အဲဒီလိုပိုး ရှိလွန်းလို့ အမေဆို စိတ်တောင်ညစ်ယူရတယ်။ ဆယ်တန်းအောင်ပြီးသွားတော့လည်း မော်ဒယ်လ်သင်တန်းတက်ဖို့ကို အမေက ခွင့်မပြုချင်ဘူး။ ချမ်းမီ ကတိတွေ အထပ်ထပ်ပေးပြီးမှ လုပ်ခွင့်ပြုခဲ့တာ။ အောင်မြင်တာ မအောင်မြင်တာ၊ နာမည် ကြီးတာ မကြီးတာဆိုတာတွေက ချမ်းမီသတ်မှတ်ရမှာ မဟုတ်သလိုလုပ်ယူ ဖန်တီးလို့လည်း ရတာတွေမဟုတ်ပါဘူး။ ချမ်းမီရဲ့ကြိုးစားမှု၊ ကံ၊ ဥာဏ်၊ ၀ီရိယ အပေါ်မှာမှ ပရိသတ်က သတ်မှတ်ပေးသွား လိမ့်မယ်လို့ထင်ပါတယ်။

မေး- ၀ါသနာပါတဲ့ လမ်းကိုလျှောက်တဲ့အခါ ဖြတ်လမ်းက မလိုက်မိဖို့ရော ဘယ်လိုခံယူထားလဲ။

ဖြေ- ဒီအနုပညာအလုပ်က ဖြတ်လမ်းက လိုက်လို့မရပါဘူး။ ရတယ်ဆိုလည်း ခဏပဲ ဖြစ်ပါလိမ့်မယ်။ ရေရှည်မှာကတော့ တကယ့် ကြိုးစားမှုရဲ့ အသီးအပွင့်ကသာ စစ်မှန်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ချမ်းမီအနေနဲ့က ဘာမှမတတ်တဲ့ အစိမ်းသက်သက် သူတစ်ယောက်အဖြစ်က ကြိုးစားရတာ ဖြစ်တဲ့အတွက် ချက်ချင်း လက်ငင်းကြီး ဖြစ်ရမယ်ဆိုတဲ့ လောဘမျိုးလည်း မရှိပါဘူး။ ဖြည်းဖြည်းမှန်မှန်ပဲ ကြိုးစားသွားမှာပါ။

မေး ။ လတ်တလော အနုပညာလှုပ်ရှားမှု ကရော။

ဖြေ ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်တဲ့ “သေးသေးလေးပဲလား ကြီးကြီးလား” မှာသရုပ်ဆောင်ထားပါ တယ်။ ဒါရိုက်တာ အောင်ဗပါဝါ ရိုက်ကူးတဲ့ကားမှာ သရုပ်ဆောင်နေပါတယ်။ လဆန်းပိုင်းမှာ ‘အလန်းဇယား ၂’ ရိုက်ကူးဖို့ ဖူးခက်ကို သွားရပါမယ်။ ပြန်လာရင် ဒါရိုက်တာ မောင်အောင် (ရူပဗေဒ)၊ ဒါရိုက်တာ အောင်ဗပါဝါတို့နဲ့ ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားပါတယ်။

Source by :http://www.news-eleven.com/
Share this article :

1 comments:

ဇင်ဇင် said...

ဖတ်သွားပါတယ်။
သိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။