Home » » ဒုက္ခသည် ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ

ဒုက္ခသည် ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ

Written By မောင်စေတနာ on Thursday, September 29, 2011 | 8:33:00 AM


မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)

ဂျပန်နိုင်ငံသို့ ဒုတိယအသုတ်အဖြစ် သွားရောက် အခြေချ နေထိုင်မည့် မြန်မာဒုက္ခသည် ၁၈ ဦးသည် ယနေ့နံနက်က ထိုင်းမြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းအတွင်းမှ စတင် ထွက်ခွာသွားသည်။

မူလက ဂျပန်သွားမည့်သူပေါင်း ၂၆ ဦး ဖြစ်ပြီး မိသားစုဝင် ၄ ဦးစီ ပါရှိသည် အိပ်ထောင်စု ၂ ခုက အစီအစဉ်ပြောင်းကာ စခန်းအတွင်း နေရစ်ခဲ့ကြကြောင်း၊ တခြားနိုင်ငံများတွင် စားဝတ်နေရေး နှင့် အလုပ်ကိုင် ပိုမို အဆင်ပြေသည်ဟူသော ယူဆချက်ကြောင့် ဖြစ်ကြောင်း စခန်းကော်မတီ တွဲဘက်အတွင်းရေးမှူး ၁ စောအဲကလယ်က ဧရာဝတီကို ပြောသည်။

"မနှစ်က ဂျပန်ကို ရောက်သွားတဲ့ ကျနော့်တူ ဖုန်းဆက်တယ်၊ ဂျပန်ကနေ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဆွေမျိုးတွေဆီ အဆက်အသွယ် လုပ်ရတာ ခက်တယ်။ အလုပ်လည်း အချိန်ပြည့် လုပ်ရတယ်။ ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေ နိုင်ငံခြား ထွက်မယ် ဆိုရင် အခြားနိုင်ငံတွေ မရမှ ဂျပန်နိုင်ငံကို ရွေးဖို့ ပြောတယ်" ဟု ဒုက္ခသည် တဦးဖြစ်သူ စောကညောက ဆိုသည်။

စခန်းအတွင်းရှိ ဒုက္ခသည်တချို့က ထိုင်းလက်ကိုင်ဖုန်းများ အသုံးပြုပြီး တတိယနိုင်ငံတွင် ရောက်ရှိ အခြေချနေကြသော ဆွေမျိုးများ ၊ မိတ်ဆွေများနှင့် ဆက်သွယ်နေကြသူများဖြစ်သည်။

ဂျပန်သွားမည့် အစီအစဉ်တွင် ပါဝင်သူတဦးဖြစ်သည့်အသက် ၂၂ နှစ်အရွယ် နော်အဘူးက "ဒီမှာက လွတ်လပ်မှု မရှိဘူး။ အနာဂတ် မရေရာဘူး။ ဒါကြောင့် ဂျပန်ကို ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်" ဟု ပြောသည်။

နော်အဘူးက ဒုက္ခသည်စခန်းတွင် မွေးဖွားသူဖြစ်ပြီး နိုင်ငံမဲ့နေသူဖြစ်သည်။

နော်အဘူး အပါအ၀င် ဒုက္ခသည် ၁၈ ဦးသည် IOM ခေါ် ကုလသမဂ္ဂ၏ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာအဖွဲ့၏ အစီအစဉ်ဖြင့် မဲဆောက်မြို့ရုံးခွဲတွင် ခရီး တထောက်နားပြီး လာမည့် ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဟု သိရသည်။

ဂျပန်နိုင်ငံသည် အာရှတိုက်အတွင်း မြန်မာဒုက္ခသည်များကို ပထမဦးဆုံး ခေါ်ယူလက်ခံသည့် နိုင်ငံဖြစ်ပြီး တနှစ်လျှင် မြန်မာပြည်သားဒုက္ခသည် ၃၀ ကို ၃ နှစ် စီမံကိန်းဖြင့် ခေါ်ယူရန် ဆုံးဖြတ်ထားသည်။ ယမန်နှစ်ကလည်း မယ်လစခန်းမှပင် ဒုက္ခသည် ၂၇ ဦး ဂျပန်နိုင်ငံသို့ သွားရောက် အခြေချခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိ ခရိုင် ၄ ခုဖြစ်သည့် ရတ်ခ်ျဘူရီ၊ ကန်ချနဘူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်တို့ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည်ပေါင်း တသိန်းခွဲခန့် နေထိုင်လျက်ရှိသည်။

၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ ဒုက္ခသည် ၆ သောင်းခန့်ကို အမေရိကန်နိုင်ငံက ခေါ်ယူပြီး နေထိုင်ခွင့် ပေးခဲ့သည်။ အနောက်နိုင်ငံတချို့ကလည်း ဒုက္ခသည် အများအပြားကို လက်ခံခဲ့သည်။

Source by :http://www.irrawaddy.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။