Home » » မလေးရှား ဒုက္ခသည်များ မရေရာ

မလေးရှား ဒုက္ခသည်များ မရေရာ

Written By မောင်စေတနာ on Tuesday, September 27, 2011 | 1:40:00 PM



အာဖကန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ Akhbarနဲ့ မိသားစုတွေက မလေးရှားမှာ မရေရာမှုတွေ ရင်ဆိုင်နေရပေ့မယ် အခုတော့ မလေးရှားနဲ့ သြစတြေးလျ နိုင်ငံ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်အရ သြစတြေးလျမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ် အတွက် အိမ်မက်မက်နေကြပါပြီ။

တကယ်လို့ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်က မဖြစ်မြောက်ခဲ့ဘူးဆိုရင်လည်း အသက်ဆုံးရှုံးမှာကို မကြောက်ဘဲ သြစတြေးလျကို လှေနဲ့ ခိုးဝင်မယ်လို့ Akhbarကပြောပါတယ်။

အသက် ၃၅နှစ် ရှိပြီဖြစ်တဲ့ Akhbar က ပြီးခဲ့တဲ့ လက သြစတြေးလျကနေ ခိုလှုံဖို့ လှေနဲ့ ရောက်လာတဲ့ ဒုက္ခသည် ၈၀၀ ကို မလေးရှားသို့ ပို့ဆောင်ပြီးတော့ သြစတြေးလျက လာမည့် ၄ နှစ်အတွင်း မလေးရှားက ဒုက္ခသည်လို့ အသိအမှတ်ပြုခံရသူ ၄၀၀၀ ကို လက်ခံပေးမည် အစီအစဉ်မှာ ပါဝင်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

လူ့အခွင့်အရေးအဖွဲတွေ ဆန္ဒပြ တောင်းဆိုမှုကြောင့် သြစတြေးလျ တရားရုံးချုပ်က အစီအစဉ်ကို ရပ်ဆိုင်း ထားပါတယ်။

ဒါပေမယ့် Akhbarလို မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တယောက်အနေနဲ့ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ ရေလမ်းခရီး ဖြစ်ပါစေ သြစတြေးလျလို ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေကို တရားမ၀င်ခိုးဝင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

“ကျနော်တို့ သေသွားရင် ပြဿနာ မရှိပါဘူး၊ ကျနော်တို့ သြစတြေးလျကို ရောက်သွားရင် ကောင်းပါတယ်၊ ညှင်းပန်း နှိပ်စက်မှုတွေ မရှိတော့ဘူးပေါ့” လို့ Akhbar က တရားမ၀င် ပြည်ပြေးဘ၀နဲ့ စိတ်မချဖွယ်ရာနေရတဲ့ သူဘ၀ကို ရည်ညွန်းပြောပြပါတယ်

သြစတြေးလျမှာ အခြေချ နေထိုင်ဖို့ဆိုတဲ့ ဝေးလွန်းတဲ့ မျှော်လင့်ချက်တွန်းအားနဲ့ အာဖဂန်၊ အီရတ်၊ မြန်မာနိုင်ငံ ဒုက္ခသည်တွေက အန္တာရယ်များတဲ့ ခရီးစဉ်ကိုဖြတ်ပြီးတော့ ချို့ချို့တဲ့တဲ့နေထိုင်နေကြရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အိပ်ခန်း ၂ ခန်းမှာ ဆွေမျိုး ၇ ယောက်နဲ့ အတူနေနေရတဲ့ Akhbarက လွန်ခဲ့တဲ့ ၄ နှစ်က ဒီခရီးကို စတင်ခဲ့တာပါ။ အာဏာပိုင်တွေ ရှာတွေ့သွားမှာကြောက်လို့လည်း နာမည်ဝှက် Akhbarကို သုံးပေးဖို့ တောင်းဆို ခဲ့ပါသေးတယ်။

ရေကြည်ရာ မြက်နုရာ ရှာဖွေနေထိုင်လေ့ရှိတဲ့ လက်နက်ကိုင် Pashtun လူများစုရဲ့ အိမ်မွေးတိရိစ္ဆာန်တွေက Hazara လူနည်းစု လယ်သမားဖြစ်တဲ့ Akbhaတို့ရဲ ဂျုံစတဲ့ သီးနှံခင်းတွေကို ဖျက်ဆီးခဲ့တာကြောင့် အာဖဂန် အလယ်ပိုင်း သူတို့နေထိုင်တဲ့ မြို့လေးကနေ ထွက်ပြေးခဲ့ကြတာပါ။

“နှစ်တိုင်း စိုက်ပျိုးတဲ့ အချိန်ဆိုရင် သူတို့က ရောက်လာတယ်၊ သူတို့က သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ယူလာတယ်၊ အဲဒီအကောင်တွေက ကျနော်တို့ သီးနှံခင်းက အရာတွေကို အားလုံး စားပစ်လိုက်တော့ ကျနော်တို့အတွက် ဘာမှ မကျန်တော့ဘူး” လို့ Akhbarက အတိတ်ကို ပြန်ပြောင်းပြောပြပါတယ်။

“ကျနော်တို့ဆက်နေမယ်ဆိုရင်တော့ ဒီနေ့မဟုတ်ရင် မနက်ဖြန်တော့ အသတ်ခံရမှာပါ”လို့လည်း Akhbarက ဆိုပါတယ်။ သူရဲ့သူငယ်ချင်းတွေကလည်း တောပုန်း ဓားပြလက်ချက်နဲ့ သေကုန်ကြတယ်လို့ ဆိုပါတယ်။

လူကုန်ကူးသူတွေကို ပိုက်ဆံပေးပြီးတော့ သူနဲ့ သူမိသားစုက ပါကစ္စတန် အီရန် နယ်စပ်တွေ ခိုးဝင်ခဲ့ပါတယ်။

သူငယ်ချင်းတယောက်က မလေးရှားမှာ အလုပ်အကိုင်အခွင့်အရေးတွေရှိတယ်လို့ ပြောပြပါတယ်၊ အဲဒီတုန်းက မလေးရှားက

အာဖဂန်အပါအ၀င် တခြား အာရှ နိုင်ငံက အလည်အပတ်သွားတဲ့သူတွေကို ဗီဇာကင်းလွတ်ခွင့်ပေးထားတာပါ။

လေယာဉ်လက်မှတ်နဲ့ လူကုန်ကူးသူတွေအတွက် စုဆောင်းထားတဲ့ အမေရိကန် ဒေါ်လာ ၆၅၀၀ ပေးလိုက်ပြီးတဲ့ နောက်မှာတော့ မိသားစု တခုလုံး မလေးရှားကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် Akhbarရဲ့ ခရီးစဉ်က မပြီးဆုံးသေးပါဘူး။

မလေးရှား ကွာလာလမ်ပူရောက်တော့ ဒုက္ခသည်တွေ အဖြစ်မှတ်ပုံတင်ခဲ့ကြပါတယ်၊ ဒါပေမယ့် မလေးရှားမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရသလို တရားဝင် အလုပ်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရရှိပါဘူး။

အလုပ်တခုပြီးတခု ပြောင်းရွှေ့ရင်း တရက်ကို ၁၂ နာရီနဲ့ တလ နားရက် ၂ ရက်ရတဲ့ တရားမ၀င် စားဖိုဆောင် အကူအဖြစ် တလကို မလေးရှား ရင်းဂစ် ၁၂၀၀ ရနေပါတယ်။ တ၀က်ကို နေရေးထိုင်ရေးအတွက် အသုံးပြုရပါတယ်။

တခေက်ကလည်း Akhbarတို့ ညီအကို ၂ ဦးက အလုပ်လုပ်တာကို ဖမ်းမိတဲ့ အတွက် ၁၇ ရက်လောက် ထိန်းသိမ်းခံခဲ့ ရပါတယ်။ ဇနီးနဲ့ ၂ နှစ်အရွယ်ကလေးကတော့ အာဏာပိုင်တွေရဲ့ ဖမ်းဆီး နှောင်ယှက်မှုကို ကြောက်တဲ့ အတွက် အခန်းကနေ ဘယ်ကိုမှ မသွားပါဘူး။

အာရှနိုင်ငံတွေကနေ မလေးရှားမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၂ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ၉ သောင်း ကျော်လောက်မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် အများစုက မြန်မာပြည်ကလာတဲ့သူတွေဖြစ်ပါတယ်။ အာဖဂန်လူမျိုး ၅၀၀ လောက်ပါနေပါတယ်။

မလေးရှားကို မလာမီ အာဖဂန် အများစုက အီရန်နိုင်ငံမှာ ပြည်ပြေးဘ၀နဲ့ နှစ်ပေါင်းများစွာ နေထိုင်ရတယ်လို့လည်း သိရပါတယ်။

သူတို့တွေက ကွန်ယက်တွေရဲ့ ထောက်ပံ့မှုကို မရရှိဘူးလို့ ဒုက္ခသည်တွေရဲ့ စိတ်ကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေတဲ့ အဖွဲက Sharuna Verghis က ပြောပါတယ်။

“တရားဝင် သက်သေခံချက်မရှိဘဲ မျိုးဆက်တွေ ပြည်ပမှာ တယောက်ပြီးတယောက်မွေးဖွားကြီးပြင်းခဲ့တယ်၊ သက်သေခံကဒ်၊ အဓိပ္ပာယ်၊ ရည်ရွယ်ချက်မရှိဘဲ ဘ၀တခုလုံးကို မဖြစ်သန်းနိုင်ပါဘူး၊ မျှော်လင့်ချက်မဲ့ ခံစားချက်က စိတ်ကိုပျံနှံစေတဲ့ လေးနက်တဲ့ ခံစားချက်ဖြစ်ပါတယ်” လို့ သူမက ဆိုပါတယ်။

ရှီးရိတ်ယုံကြည်မှုကို တရားဝင်တားမြစ်ထားသည့် မလေးရှား၌ အာဖဂန် ဒုက္ခသည် အများစုက ရှီးရိတ်များဖြစ်ကြပြီးတော့ ဆွန်နီတွေရဲ့ အထင်သေးအမြင်သေးမှုကို ခံရတယ်လို့လည်း သိရပါတယ်။

တခါတလေ အာဖဂန်က စစ်သွေးကြွ တာလီဘန်နဲ့ မှားပြီးထင်မှတ်တတ်လို့ နေထိုင်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ အခက်အခဲတွေရှိတယ်လို့လည်း Verghis က ပြောပါတယ်။

ဒုက္ခသည်များကို ထိန်းသိမ်းရေးစခန်းများမှာ ထိန်းသိမ်း အကျဉ်းချထားတာတွေကြောင့် ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်ကို မလေးရှားနဲ့ သြစတြေးလျ တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

သို့ပေမယ့် ဖလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ ဒုက္ခသည်တွေကို ထိန်းသိမ်းထားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အဖွဲကလည်း အိမ်နဲ့ တခြား အခြေခံလိုအပ်ချက်တွေကို ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

သြစတြေးလျနဲ့ မလေးရှား အရာရှိတွေက လှေစီး ဒုက္ခသည်တွေကို တားဆီးနိုင်ဖို့လို ဆိုနေပေမယ့် လှေစီး ဒုက္ခသည်တွေကတော့ ဆက်လက်ရောက်လာနေဆဲပါ။

သြစတြေးလျကို ပင်လယ်ခရီးနဲ့သွားရောက်တဲ့သူတွေက အခြေချနေထိုင်ခွင့်ရဖို့ နှစ်အတော်ကြာ စိတ်ကသိကအောင်နဲ့ စောင့်ရတယ်ဆိုတာကိုလည်း Akhbar သိပါတယ်။

ပြီးခဲ့တဲ့နှစ်က မလေးရှားမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၈၀၀၀ လောက်က သြစတြေးလျကို အခြေချနေထိုင်ခဲ့ပါတယ်။.

Akhbar၏ သူငယ်ချင်း အတော်များများက ခိုလှုံခွင့်ရရှိခဲ့သလိုပဲ ခနော်ခနဲ့လှေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ် ခရီးလမ်းကို ဖြတ်သန်းရတဲ့ အတွက် တချို့က အသက်ဆုံးရှုံးမှုတွေရှိနေပါတယ်။

သူ့မိသားစုအနေနဲ့ အခြေချနေထိုင်ဖို့ စာရင်းထဲမှာ မပါဘူးဆိုရင် တရားမ၀င်သွားရောက်ဖို့ ငွေကြေး လုံလုံလောက်လောက် စုပြီး စွန့်စားဖို့ Akhbarက အသင့်ရှိနေပါပြီ။

“လူသားတွေကိုလေးစားတဲ့နေရာကို ကျနော်သွားပြီး တသက်လုံး အခြေချ နေထိုင်ချင်တယ်” ဟု သူက ပြောသည်။

Source by : သူရိယသတင်းဂျာနယ်
Share this article :

1 comments:

စက္ကဝါဆာန် said...

ဟုတ်ပါတယ် တကယ်တော့ မလေးရှားမှာ ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားကြတယ် ဆိုပေမယ့် နေရေးထိုင်ရေးဟာ သိပ်ကိုမလွယ်ကူပါဘူး ဘဝအားမခံချက် မရှိတဲ့ ဒီလိုနေရာမျိုးမှာ ရှင်သန်နေကြရတဲ့ လူတွေအားလုံးဟာ ဘဝအားမခံချက်ရရှိဖို့ မျှော်လင့်နေကြရပါတယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။