Home » » ထိုင်းနိုင်ငံ Chulalongkorn University တွင် ပညာသင်ဆုရရှိထားသူ ကိုအောင်မျိုးဟိန်း နှင့် တွေ့ဆုံခြင်း

ထိုင်းနိုင်ငံ Chulalongkorn University တွင် ပညာသင်ဆုရရှိထားသူ ကိုအောင်မျိုးဟိန်း နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Tuesday, September 27, 2011 | 7:30:00 AM



ကိုယ့်ရဲ့ အနာဂတ်ပညာရေး အခွင့်အလမ်းတွေကို မိမိဘာသာရှာဖွေပြီးရင် မိခင်နိုင်ငံဖွံ့ဖြိုးမှုမှာ ပါဝင်လှုပ်ရှားသင့်တယ်၊ ထိုင်းနိုင်ငံ Chulalongkorn University တွင် ပညာသင်ဆုရရှိထားသူ ကိုအောင်မျိုးဟိန်းနှင့် တွေ့ဆုံခြင်း ....

ခေတ်ကာလအလျောက် နည်းပညာ၏ တောင်းဆိုမှု လိုအပ်ချက်များအရ လူငယ်များ၏ အနာဂတ်တွင် ဆင့်ပွားပညာရပ်များ လေ့လာသင်ယူခွင့်ရရန် ငွေကြေးများစွာ ရင်းနှီးရပေသည်။ အရည်အချင်းရှိ၍ နောင်တွင် ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝကာ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုတွင် ပံ့ပိုးနိုင်စေရန် ယနေ့အခါ ပညာသင်ဆုများစွာအား နိုင်ငံမျိုးစုံမှ ရည်ရွယ်ချက်မျိုးစုံဖြင့် ပေးအပ် လာကြပေသည်။

ထိုအထဲ၌ အစိုးရအချင်းချင်း ပေးအပ်သည့် ပညာသင်ဆုများ၊ နိုင်ငံတကာအသင်းအဖွဲ့များ၏ ရန်ပုံငွေများမှ ပေးအပ်သည့် ပညာသင်ဆုများဟူ၍ ရှိလာကြပေသည်။ ယနေ့ခေတ် လူငယ်များအနေဖြင့် မိမိတို့၏အနာဂတ် ပညာရေးလမ်းကြောင်းများ တိုးချဲ့သင်ယူနိုင်စေရန် မိမိကိုယ်တိုင်ပင် ကြိုးစားအားထုတ် ရှာဖွေလာကြရကြောင်း၊ ပညာသင်ဆု လျှောက်ရာတွင်လည်း မည်သည့် အချက်များအား ကြိုတင်ပြင်ဆင် ထားသင့်ကြောင်းနှင့် စကော်လားရှစ်များ၏ သဘောသဘာဝများ အကြောင်းကို လူငယ်များ သိရှိနိုင်စေရန် လက်ရှိထိုင်းနိုင်ငံ Chulalongkorn University ၏ Master of Arts and International Development Studies သင်ယူရန် ရာနှုန်းပြည့် ပညာသင်ဆု ရရှိထားသူ ကိုအောင်မျိုးဟိန်း@harry နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး ။ နိုင်ငံအသီးသီးက ပညာသင်ဆုပေးနေတဲ့ သဘောသဘာဝနဲ့ ပေးအပ်တဲ့ ပညာသင်ဆုပုံစံတွေ ဘယ်လိုရှိပါလဲ။

ဖြေ ။ နိုင်ငံအလိုက် ပညာသင်ဆုပေးအပ်ပုံခြင်း မတူကြပါဘူး။ တချို့က ကိုယ့်ကိုထောက်ပံ့ပေးမယ့် Funding တွေ အရင်ရှာပြီး တက္ကသိုလ်ရှာရပါတယ်။ အဲဒီတက္ကသိုလ်တွေမှာ ကိုယ်လိုချင်တဲ့ပညာရပ်ဟာ ကိုယ်တက်ချင်တဲ့အချိန်နဲ့ ကိုက်ညီမှုရှိမရှိနဲ့ Dead line ကို ချိန်ထိုးပြီးမှ လျှောက်လွှာကို အကောင်းဆုံး ပြင်ဆင်သင့်ပါတယ်။ တချို့ကျတော့လည်း တက္ကသိုလ်တွေ က ပညာသင်ဆုဆိုပြီး သူတို့ ၀က်ဘ်စာမျက်နှာတွေမှာ တရားဝင်ပေးတာတွေလည်း ရှိကြပါတယ်။ အဓိက ကတော့ ကိုယ်ရဲ့အရည်အချင်းနဲ့ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ဟာကိုယ် ရွေးချယ်ထားတဲ့ တက္ကသိုလ်မှာ Strong ဖြစ်ဖို့လိုတယ်။ တက္ကသိုလ်တွေရဲ့ Ranking ကောင်းတိုင်းလည်း ကိုယ်သင်ချင်တဲ့ဘာသာရပ်က အဲဒီတက္ကသိုလ် မှာ ပို့ချမှု၊ သင်ကြားမှု ကောင်းချင်မှ ကောင်းနေလိမ့်မယ်။

ပညာသင်ဆုမှာ ရည်ရွယ်ချက်မျိုးစုံ ရှိကြပေမယ့် ကိုယ်လျှောက်မယ့် အဖွဲ့အစည်းရဲ့နောက်ခံ အခြေအနေကို အရင်ဆန်းစစ်ပြီးမှ လျှောက်ထားသင့် ပါတယ်။ နိုင်ငံတိုင်းမှာစီးပွားရေး၊ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ဘက်ကလည်း ပညာသင်ဆုတွေ ပေးနေတာကြောင့် တခြားရည်ရွယ်ချက်တွေ ဘာရှိလဲဆိုတာ မသိမဖြစ်သိဖို့ လိုပါတယ်

မေး ။ အခုနိုင်ငံတကာက ပေးနေတဲ့ ပညာသင်ဆု တွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်မိပါလဲ။

ဖြေ ။ နိုင်ငံပေါင်းစုံက အခုနောက်ပိုင်း ပညာသင်ဆုတွေကို နည်းလမ်း မျိုးစုံနဲ့ပေးလာကြတယ်။ ရည်ရွယ်ချက်တွေကလည်း မျိုးစုံပေါ့။ ပညာသင်ဆုမှာ ရည်ရွယ်ချက်မျိုးစုံရှိကြပေမယ့် ကိုယ်လျှောက်မယ့်အဖွဲ့အစည်း ရဲ့နောက်ခံအခြေအနေကို အရင်ဆန်းစစ် ပြီးမှ လျှောက်ထားသင့်ပါတယ်။ နိုင်ငံ တိုင်းမှာစီးပွားရေး၊ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ဘက်ကလည်း ပညာသင်ဆု တွေပေးနေတာကြောင့် တခြားရည်ရွယ် ချက်တွေဘာရှိလဲဆိုတာ မသိမဖြစ် သိဖို့ လိုပါတယ်။

မေး ။ နိုင်ငံတကာ ပညာသင်ဆုတွေ လျှောက်မယ့်လူငယ်တွေ ဘယ်အချက်တွေ ပြင်ဆင်ထားပြီး ပညာသင်ဆု သတင်းအချက်အလက်တွေ ဘယ်လို ရယူရပါမလဲ။

ဖြေ ။ နိုင်ငံပေါင်းစုံက ပညာသင်ဆု တွေရှိကြတယ်။ သူတို့ရဲ့ ကျောင်းတွေကို တက်ချင်တာဆိုရင် ကျောင်းကပေးတဲ့ စကောလားရှစ်ခေါင်းစဉ်အောက်မှာ ကိုယ့်ရဲ့ရှိထားတဲ့ အရည်အသွေးနဲ့ ကိုက်ညီမှုရှိမရှိရှာပါ။ ပြီးရင် ကိုယ်တက်ချင်တဲ့ဘာသာ အတိအကျကို ရွေးထားပါ။ တစ်ဖက်ကလည်း အင်္ဂလိပ်စာ အရည်အသွေး တတ်မြောက်မှု ဖြစ်တဲ့ IELTS ၊ TOEFL ကိုကြိုတင်ပြင်ဆင်ထားတာ ကောင်းတယ်။ IELTS ၊ TOEFL ကောင်းနေရုံနဲ့လည်း ရွေးချယ် ခံရဖို့သေချာတာတော့ မဟုတ်ပါဘူး။

တက္ကသိုလ်တွေ၊ အဖွဲ့အစည်း တွေဆီမှာ ပညာသင်ဆုရဖို့ တောင်းခံတဲ့အခါ ကိုယ်က ဒီပညာသင်ဆုကို ဘာ့ကြောင့်လိုချင်တာလဲ။ ဒီပညာသင် ဆုရပြီးရင် နိုင်ငံနဲ့ ကိုယ့်ရဲ့လူမှုအဖွဲ့အစည်းမှာ ဘယ်လို Contribute လုပ်မှာလဲ ဆိုတဲ့ လျှောက်လွှာ (Application) ကို သေချာပြင်ဆင်ဖို့ အရေးကြီးပါတယ်။ စကောလားရှစ်သွားဖို့ တစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံတကာ၊ ဒေသတွင်း အဖွဲ့အစည်းဖိုရမ်တွေမှာ ရက်တို ပူးပေါင်း ပါဝင်နိုင်တာမျိုးတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။

မေး ။ ကိုယ့်ရဲ့လျှောက်လွှာ (Application) ပြင်ဆင်တဲ့အခါမှာ အရေးကြီးတယ်လို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အချက်တွေကို ထုတ်ဖော်ပြသသင့်လဲ ဆိုတာကို ပြောပြပေးပါဦး။

ဖြေ ။ ကိုယ့်ရဲ့ ပညာသင်ကာလမှာပဲ ဖြစ်ဖြစ် လုပ်သက်အတွေ့အကြုံမှာ ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ Commitments တွေ ကို လျှောက်လွှာမှာ ထုတ်ဖော်ရေးသားတတ်ဖို့ အဓိကကျပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း လုပ်ကိုင်ဖူးတာ၊ Social Works တွေမှာပါဝင်ခဲ့တာတွေ ရှိရင်လည်း ပညာသင်ဆုလျှောက်တဲ့ အခါ အရမ်းကို အခွင့်အရေးများပါ တယ်။ ပြီးတော့ကိုယ့်ရဲ့ Content ပေါ့။ ကိုယ်က နောင်နှစ်ပေါင်းဘယ် လောက်မှာ Community ကို ပြန်အထောက်အကူ ပြုနိုင်မလဲဆိုတဲ့ အချက် တွေ၊ Essay တွေမှာ တင်ပြနိုင်ရမယ်။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ကဏ္ဍအသီးသီး မှာဖြစ်နေတဲ့ Issue တွေကို တင်ပြနိုင်ရပါမယ်။ နောက်တစ်ချက် အရေးကြီးဆုံးက Referee လို့ခေါ်တဲ့ကိုယ့်ရဲ့ ပညာအရည်အချင်းပဲဖြစ်ဖြစ်၊ လုပ် ငန်းခွင်မှာပဲဖြစ်ဖြစ် ထောက်ခံပေးမယ့် သူတွေရဲ့ ရေးသားချက်တေ (Recommendation Letters) တွေပါ။

မေး ပညာသင်ဆုတွေ များစွာထဲမှာမှ ဘာ့ကြောင့် ထိုင်းနိုင်ငံက အခုလိုမဟာဘွဲ့ကို ရွေးချယ်ဖြစ်ခဲ့တာ လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ Regional ဒေသတွေ အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ အများကြီး လိုအပ်နေသေးတဲ့ အချက်တွေကို လေ့လာချင်တယ်။ ကိုယ့်ရဲ့ဒေသတွင်း နိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ ကျွန်တော်ကိုယ်တိုင်က အခုလို Master of Arts and International Development Studies သင်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။

မေး ။ ပညာသင်ဆု လျှောက်မယ့် လူငယ်တွေမှာ ဘယ်လို ပညာအရည်အချင်းတွေ ရှိထားသင့်သလဲ။

ဖြေ ။ ကိုယ့်ရဲ့ပညာရေးလမ်းကြောင်း ကို တတ်နိုင်သမျှ သင်နိုင်ထားနိုင်တာ အကောင်းဆုံးပါ။ ဆိုလိုတာက ကိုယ် က ပညာသင်ဆုလျှောက်မှာပဲ။ ဘွဲ့တစ်ခုခုရဖို့ မလုပ်တော့ဘူးဆိုတာမျိုး မဖြစ်သင့်ဘူးပေါ့။ နိုင်ငံတကာက ပညာရေးမှာ ဒီကတက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်အထိ တက်ရောက်ထားနိုင်တာ အကောင်းဆုံးပါ။

မေး ။ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာလူငယ်တွေနဲ့ ပညာသင်ဆုတွေရဲ့ အကျွမ်းဝင် မှု အခြေအနေ ဘယ်လိုရှိတယ်လို့ ထင်မြင်မိပါလဲ။

ဖြေ ။ ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံတွေက လူငယ်တွေရဲ့ပညာသင်ဆု အခွင့်အလမ်းတွေ ရှာဖွေခြင်းမှာ အကျွမ်းဝင်မှု အရမ်းများကြတယ်။ ပညာသင်ဆုသွားကြတဲ့ လူငယ် အတော်များများလည်း ပြီးရင်မိခင်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် ပြန်လာကြတာပဲ။ ဒီကလူငယ်တွေလည်း ကိုယ့်ရဲ့အနာဂတ်ပညာရေး အခွင့်အလမ်းတွေကို မိမိဘာသာရှာဖွေ၊ ပြီးရင်မိခင်နိုင်ငံ ဖွံ့ဖြိုးမှုမှာ ပါဝင်လှုပ်ရှားသင့်တယ်။

ကိုယ်ရေးအကျဉ်း

အမည်ရင်း - အောင်မျိုးဟိန်း
မွေးသက္ကရာဇ် - ၃-၄-၁၉၈၈
ပညာအရည်အချင်း - B.A(English)
တက်ရောက်ခဲ့ဖူးသည့် ဖိုရမ်များ - ASEAN Youth Forum(Jakata) ၊ Asia Youth Camp (Republic of Korea)

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။