Home » » မသမာသော အေဂျင်စီ အမည်နှင့် ဝန်ထမ်းများကိုပါ နာမည်ပျက်အဖြစ် တရားဝင် ကြေညာသွားရန် မလေးရှားသံရုံး စီစဉ်နေ

မသမာသော အေဂျင်စီ အမည်နှင့် ဝန်ထမ်းများကိုပါ နာမည်ပျက်အဖြစ် တရားဝင် ကြေညာသွားရန် မလေးရှားသံရုံး စီစဉ်နေ

Written By မောင်စေတနာ on Monday, September 5, 2011 | 10:48:00 AM



မသမာသောနည်းလမ်းများ အသုံးပြု၍ ဗီဇာလျှောက်ထားခြင်း နှင့် အခြား အလွဲသုံးစားမှုများ ပြုလုပ်ပါက ကုမ္ပဏီနာမည်သာမက ဝန်ထမ်းအားလုံးကိုပါ နာမည်ပျက် စာရင်းသွင်းကာ တရားဝင်ထုတ်ဖော် ကြေညာရန် မလေးရှားသံရုံးမှ စီစဉ်နေကြောင်း ကျောက်တံတား မြို့နယ်ရှိ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မလေးရှားသံရုံး၌ Black List သတ်မှတ်ထားသော ကုမ္ပဏီ ၃ခုရှိနေပြီး တရားဝင်ထုတ်ဖော် ကြေညာရန် ပြင်ဆင်နေကြောင်း ၄င်းကပြောသည်။ ”အရင်ကလည်း ဒီလို Black Listလုပ်ထားတဲ့ ကုမ္ပဏီတွေသံရုံးမှာပဲ အသိပေးကပ်ထားတတ်တယ်။

အခုက မရတော့ဘူး။ မရိုးမဖြောင့် လုပ်တဲ့ကုမ္ပဏီဆိုရင် MD ကအစရှိသမျှ ဝန်ထမ်းအားလုံးကို အမည်ပျက် စာရင်းသွင်းမယ်။ သံရုံးမှာလည်း ကပ်ထားမယ်။ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကိုလည်း အကြောင်းကြားမယ်။ အဲဒါအပြင် မလေးရှားအစိုးရနဲ့ အေဂျင်စီတွေကိုလည်း စာရင်းပို့မယ်လို့ ပြောတယ်။ ဘာမှဆက်လုပ်ခွင့် မရှိတော့ဘူးပေါ့” ဟု ၄င်းကဆိုသည်။ မလေးရှားသံရုံး အနေဖြင့် ၂ဝ၁၁ ခု၊ သြဂုတ်လ ၂၆ ရက်တွင် လိုင်စင်ရအေဂျင်စီများအား ဖိတ်ကြား၍ အပြောင်းအလဲ လုပ်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်း လင်းရာ၌ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ မလေးရှား အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အချို့မှာ ၂ဝ၁၁ ခု၊ မတ်လအတွင်း KDM အတုများဖြင့် ဗီဇာရယူကာ မလေးရှားသို့ လုပ်သားစေလွှတ်သည့် အမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း မလေးရှား သံရုံးအနေဖြင့် စည်းမျဉ်းများ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ယခုအခါ ပိုမို တင်းကြပ်လာခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ ၄င်းအပြင် သံရုံးရှိ ဝန်ထမ်းဦးရေကို တိုးမြှင့်သွားမည်ဖြစ်ပြီး အေဂျင်စီများ၏ မသမာမှုများနှင့် အခက်အခဲ များကို မည်သူမဆိုတိုင်ကြားနိုင်ကာ သံရုံးနှင့်ပတ်သက်၍ သိလိုသည် များကိုလည်း တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း သိရသည်။

”သူတို့က အခု ဗီဇာလျှောက်တဲ့အခါမှာလည်း မမှန်မကန်လုပ်စားလာကြတော့ အားလုံးကိုစနစ်တကျ စိစစ်ကိုင်တွယ်သွားဖို့ အစီအစဉ်ချလာတယ်။ နောက်တစ်ခုက လာဘ်ပေးလာဘ်ယူ မှုတွေကိုလည်း ခွင့်မပြုဘူး။ လာဘ်ထိုးတာတွေ၊ လက်ဆောင်ပစ္စည်း ပေးတာတွေကိုလည်း လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သော အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ၄င်းအပြင် အေဂျင်စီများနှင့် အပတ်စဉ်တွေ့ဆုံရန် စီစဉ်ထားပြီး မလေးရှား သံရုံးအနေဖြင့် လက်ခံ ရရှိသည့် တိုင်ကြားမှုများကို စီအိုင်ဒီ အဖွဲ့နှင့်ပုံမှန်တွေ့ဆုံကာ စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခွန်းဆက်

Source by :Popular News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။