Home » » သရုပ်ဆောင် မော်ဒယ်လ် သဉ္ဇာနွယ်ဝင်း နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် မော်ဒယ်လ် သဉ္ဇာနွယ်ဝင်း နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Thursday, September 1, 2011 | 1:52:00 PM


‘အနုပညာအလုပ်က ဖြစ်ချင်တိုင်းလည်း ဖြစ်လာတာမျိုး မဟုတ်ဘူး’ သရုပ်ဆောင် မော်ဒယ်လ် သဉ္ဇာနွယ်ဝင်းနှင့် တွေ့ဆုံခြင်း ....

မကြာခင်က ထွက်ရှိထားသည့် ‘နင်ရယ်ငါရယ်သူတို့ရယ်’ ဇာတ်ကားတွင် ကလေးဆန်ဆန် ပွင့်ပွင့်လင်းလင်း သရုပ်ဆောင်သွားခဲ့သူ၊ ပထမဆုံးဇာတ်ကား ‘အချစ်စိမ်းစိမ်း’တွင်လည်း ပရိသတ် အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုခဲ့သူဟု ဆိုလျှင် သဉ္ဇာနွယ်ဝင်းဟု သိကြလိမ့်မည် ထင်သည်။

အနုပညာသက်တမ်း သုံးနှစ်တာ ကာလအတွင်း Slenfig၊ ဂျေဒိုးနတ်စသည့် ကြော်ငြာများ၌ ပရိသတ် သတိထားမိခဲ့ကာ ဇာတ်ကားကိုးကား ရိုက်ကူးပြီးသူ၊ ထွက်ရှိထားသည့် ဇာတ်ကား လေးကားစလုံးတွင်လည်း ထိုက်သင့်သည့် ကြိုးစားအားထုတ်မှုအပေါ် သတိထားမိစေခဲ့သူ သဉ္ဇာနွယ်ဝင်းက သရုပ်ဆောင် ပြေတီဦး၊ စံရတီမိုးမြင့်၊ ချမ်းမီမီကို၊ သန္တာဗိုတို့ နှင့်အတူတွဲဖက်၍ ‘ကျွန်တော်နှင့် မော်ဒယ်လ်မလေးများ’ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် လျက်ရှိသည်။ ပေါ်ထွက်လာခဲ့သည့် သရုပ်ဆောင် မျိုးဆက်သစ် များစွာထဲက စောင့်ကြည့်ရသည့် အနေအထားတစ်ခု ဖြစ်လာခဲ့သည့် သဉ္ဇာနွယ်ဝင်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ပြောဖြစ်ခဲ့သမျှမှာ

မေး ။ နင်ရယ်ငါရယ်သူတို့ရယ် ဇာတ်ကားလေးက လောလောဆယ် ပရိသတ်ကြိုက်နေတယ် ဆိုတော့ အဲဒီကားအကြောင်း အရင်ပြောပြပါလား။

ဖြေ ။ အဲဒီကားလေးက သဉ္ဇာ့ရဲ့ ဒုတိယမြောက်ဇာတ်ကားပါ။ အချစ်စိမ်းစိမ်း ဇာတ်ကားကို ပရိသတ် လက်ခံတယ်ဆိုမှ ဇာတ်ကားဆက်ရိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ အချစ်စိမ်းစိမ်း ဇာတ်ကားရိုက်ပြီး ခြောက်လလောက်အကြာမှာ လာပြောတဲ့ ကားလေးပေါ့။ ခြောက်လလောက်ကြာပြီးမှ ပြန်ရိုက်ရတာဆိုတော့ ပထမကားထက်ကို ပိုပင်ပန်းသလို ဖြစ်ခဲ့ရတယ်။ ရိုက်ဖို့ တစ်ပတ်လောက် အလိုကျမှပြောတဲ့ ကားဆိုတော့ အများကြီး ပြင်ဆင်ချိန်လည်း မရလိုက်ဘူး။ အဲဒီကားက ဟာသကားလည်း ဖြစ်နေတဲ့အတွက် သဉ္ဇာတော်တော်လေး ကြိုးစားခဲ့ရပါတယ်။

မေး ။ ၀ါရင့်သုံးယောက်ဖြစ်တဲ့ ကိုနိုင် (ကျော်ရဲအောင်)၊ န၀ရတ်၊ စိုးမြတ်နန္ဒာတို့နဲ့အပြိုင် လုပ်ရတဲ့ အပေါ်မှာရော စိုးရိမ်စိတ်ရှိခဲ့လား။

ဖြေ ။ အဲဒီကားထဲမှာ သဉ္ဇာက တောက်လျှောက် ဦးနိုင်ကြီးနဲ့ တွဲရတာက ပိုများ တယ်။ ၀ါရင့်သုံးယောက်နဲ့တွဲပြီး သရုပ်ဆောင်ရတာဆိုတော့ စိုးရိမ်စိတ် ဖြစ်မိတယ်။ သဉ္ဇာကလည်း ဘာမှတတ်သေးတာ မဟုတ်ဘူးလေ။ ကိုယ့်ကြောင့် နှောင့်နှေးမှာတို့၊ စိတ်အနှောင့်အယှက်ဖြစ်မှာတို့ စိုးရိမ်တယ်။ ဒါပေမယ့် ဦးနိုင်ကြီးက အရမ်းသင်ပေးတယ်။ လုပ်လို့ရတဲ့နေရာမှာ အကောင်းဆုံးလုပ်ဖို့ ပြောတယ်။ နင်လုပ်တာ လိုသွားရင် ငါလုပ်တာလည်း ကောင်းမှာမဟုတ်ဘူး။ နင်လုပ်ခွင့်ရတာ အလှုပ်ပုံစံပေါ့။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆိုပြီး သင်ပေးခဲ့ပါတယ်။ ပြောရရင် အဲဒီ ကားရိုက်ဖြစ်ခဲ့တာ ပညာအရမ်းရပါတယ်။

မေး ။ အဲဒီကားကို ပြန်ကြည့်ခွင့်ရတဲ့ အချိန်မှာရော ဘာတွေ လိုအပ်နေတယ်လို့ ထင်လဲ။

ဖြေ ။ လိုအပ်နေတာတွေ ကတော့ အများကြီးပဲ။ ဘာမှလည်း မလုပ်နိုင်သေးဘူးလို့ ခံစားရတယ်။ ကိုယ့်ထက်ဝါရင့်တဲ့ သူတွေက အရမ်းကောင်းတယ်လေ။ ကိုယ့်ကိုယ်ကိုယ်ဆိုတော့ လိုနေတာတွေ ပိုသိတာပေါ့။

မေး ။ ကိုးကားရိုက်ပြီး သွားပြီဆိုတော့ တစ်ကားချင်းစီကိုရော ကျေနပ်ခဲ့လား။

ဖြေ ။ တစ်ကားချင်းကတော့ သဉ္ဇာလုပ်နိုင်မယ်ထင်လို့ ရွေးချယ်ခဲ့တာပါ။ အခုဖြန့်ပြီးတာကတော့ လေးကားရှိပြီ။ အဲဒီထဲမှာ အချစ်စိမ်းစိမ်းမှာကတော့ ပရိသတ် တော်တော်များများ လက်ခံကြတယ်။ နောက်သုံးကားကတော့ တစ်လအတွင်းမှာ ဖြန့်လိုက်တာဆိုတော့ တစ်ကားချင်းကို ဝေဖန်တာမျိုး သိပ်မကြားရဘူး။ ခြုံပြီးတော့ပဲ ကြိုက်တယ်ဆိုတာမျိုး ပြောကြတာလောက်ပဲ ရှိတယ်။ သဉ္ဇာအနေနဲ့ကတော့ အများကြီးလိုပါ သေးတယ်။

မေး ။ ကားရိုက်လက်ခံတဲ့ အပိုင်းကိုရော ဘယ်လိုလက်ခံဖြစ်လဲ။

မေး ။ သဉ္ဇာလုပ်ကွက်ရတဲ့ ကားမျိုးဆို လက်ခံဖြစ်တာ များပါတယ်။ ကာရိုက်တာကိုတော့ မရွေးပါဘူး။ ပြီးခဲ့တဲ့ တစ်ကားတုန်းကဆို ကိုပြေတီဦးရယ်၊ မခိုင်ကြီးရယ်နဲ့ ရိုက်ရတာ။ အဲဒီကားမှာ သဉ္ဇာ က စားသောက်ဆိုင်က ကောင်မလေး။ အရမ်းဆိုးတယ်။ အဲဒီပုံစံမျိုးရိုက်ရတော့ ပထမတော့ ဦးကျိုးသွား မလားဆိုတဲ့ စိုးရိမ်စိတ်ဝင်မိတယ်။ နောက်တော့လည်း ဒီကာရိုက်တာက ဘယ်လို သရုပ်ဆောင်ရင်ရလဲဆိုတာ သိလာတော့ ကြိုးစားပြီးပဲ လုပ်ဖြစ်တယ်။ ကာရိုက်တာစုံအောင် လုပ်ကြည့်ချင်တာကြောင့်လည်း ပါပါတယ်။

မေး ။ အပြိုင် ဇာတ်ရုပ်တွေကိုရော လက်ခံဖြစ်လား။

ဖြေ ။ အစကတော့ အပြိုင်ဇာတ်ရုပ်တွေဆိုရင် လက်မခံဖြစ်ဘူး။ အခုရိုက်မယ့် ကားကတော့ မင်းသမီး လေးယောက်ပေါ့။ ရိုက်မယ့်သူကလည်း ကိုပြေတီဦး ဖြစ်နေတော့ ကိုပြေတီဦးကလည်း သဉ္ဇာ့ကို အရမ်းကူညီပေးခဲ့သူ ဖြစ်နေတယ်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)ကလည်း သုံးကားရိုက်ခဲ့ပြီးပြီ ဆိုတော့ သဉ္ဇာ လက်ခံဖြစ်သွားတာ။ တွဲရိုက်ကြမယ့်သူတွေကလည်း သဉ္ဇာနဲ့သူငယ်ချင်းတွေ ဆိုတော့ ပျော်စရာကောင်းပါတယ်။

မေး ။ အနုပညာအလုပ်ဆိုတာ စိတ်နဲ့ခံစားပြီး လုပ်ရတာမျိုးဆိုတော့ စိတ်ဖိစီးမှုများတာမျိုး၊ စိတ်ကျဉ်းကျပ်တာ မျိုးတွေ ခံစားရတာရှိလား။

ဖြေ ။ ဒါရိုက်တာတွေကလည်း သဉ္ဇာမှားလို့ တအားဆူတာ မျိုးဆိုရင်တော့ ၀မ်းနည်းပြီး အမှားအယွင်းတွေ ပိုဖြစ်မယ် ထင်တယ်။ အခု သဉ္ဇာရိုက်ပြီး သလောက်ကတော့ အဲဒီလို ဆူတာမျိုးတွေ မရှိဘူး။ တအား သဘောကောင်းကြတယ်။ တွဲခွင့်ရတဲ့ သရုပ်ဆောင်တွေဆိုလည်း မှားလို့ဆူတာမျိုးမရှိဘူး။ စိတ်ရှည်လက်ရှည် သင်ပေးတာမျိုးပဲ ရှိတယ်။ သဉ္ဇာက စိတ်ညစ်တယ်ဆိုရင် ဟန်မဆောင်တတ်ဘူး။ စိတ်ညစ်ရင် စိတ်ညစ်တယ်ပဲ။ မျက်နှာမှာ အရမ်းသိသာတယ်။ အဲဒါကိုတော့ နည်းနည်း သတိထားရတာပေါ့။

မေး ။ အခုရထားတဲ့နေရာ အပေါ်မှာရော ကျေနပ်လား။

ဖြေ ။ ကျေနပ်ပါတယ်။ အနုပညာသက်တမ်း သုံးနှစ်အတွင်းမှာ အခုလို ပရိသတ် အထိုက်အလျောက် သိလာပြီဆိုတဲ့အပေါ်မှာ ကျေနပ်ပါတယ်။

မေး- အနုပညာ ၀မ်းစာပြည့်ဖို့အတွက်ရော ဘာတွေလေ့လာဖြစ်လဲ။

ဖြေ ။ သဉ္ဇာ့ရဲ့ အဓိကအားနည်းချက်က စကားသိပ်မပီဘူး။ ဒါကြောင့် ပြောတဲ့ စကားတိုင်းကို ပီပီသသ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တယ်။ အဲဒီအတွက် ၀တ္ထု တိုတွေထဲက ဒိုင်ယာလော့ခ်တွေ ပြောကြည့်တာမျိုးတွေ လုပ်ဖြစ်တယ်။ ဇာတ်ကားတွေလည်း ကြည့်ဖြစ်ပါတယ်။

မေး ။ ကိုယ်လျှောက်တဲ့ လမ်းအပေါ်မှာရော ဘယ်လိုခံယူချက်ထားလဲ။

ဖြေ ။ ဒီအလုပ်က ဖြစ်ချင်တိုင်းလည်း ဖြစ်တာမျိုး မဟုတ်ဘူး။ အဲဒီလိုဖြစ်လာဖို့ အတွက်လည်း အချိန်ယူပြီး စောင့်မယ်။ သဉ္ဇာစောင့်လည်း စောင့်နိုင်ပါတယ်။ ကြိုးစားလို့ရသမျှ ကြိုးစားမယ်လို့ ခံယူထားပါတယ်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။