Home » » ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တရားဝင်မှတ်ပုံတင်ပေးသည့် ကာလအတွင်း မှတ်ပုံမတင်နိုင်ခဲ့ပါက ပြည်နှင်ဒဏ်ပေးခံရမည့် အနေအထားနှင့် ရင်ဆိုင်နေရ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တရားဝင်မှတ်ပုံတင်ပေးသည့် ကာလအတွင်း မှတ်ပုံမတင်နိုင်ခဲ့ပါက ပြည်နှင်ဒဏ်ပေးခံရမည့် အနေအထားနှင့် ရင်ဆိုင်နေရ

Written By မောင်စေတနာ on Friday, July 15, 2011 | 10:12:00 PM



ထိုင်းနိုင်ငံရောက် ပြည်ပရွှေ့ပြောင်း လုပ်သားများအား တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးနေသည့် ကာလကျော်လွန်သွားပါက တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိသော လုပ်သားများကို တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ကာ ထိုင်းအစိုးရမှ ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ အပါအ၀င် လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့ အထိ တစ်လတာကာလအတွင်း တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိရာ ထိုကာလ အတွင်း တရားဝင် မှတ်ပုံတင်နိုင်ရန် လိုအပ်သည်ဟု လုပ်သားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

တရားမ၀င် ရွှေ့ပြောင်းလုပ်သားများ တရားဝင်လုပ်သားအဖြစ် မှတ်ပုံ တင်ရာတွင် ဆေးစစ်ခ၊ ကျန်းမာရေး အာမခံနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်လျှောက်ထားခွင့်များ အပါအ၀င်လုပ်သား တစ်ဦးလျှင်ဘတ် ၃၈၀၀ ကျော် ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလုပ်သားများအတွက် တရား ၀င်မှတ်ပုံတင်ပြုလုပ်ရန် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ပြုလုပ်ရသည့် ကုန်ကျစရိတ်မှာ မြန်မာငွေ ကျပ် ၃၀၀၀ သာ ဖြစ်သည်။

မှတ်ပုံတင်ခွင့်ကာလ ကျော်လွန်သွားပြီးနောက် မှတ်ပုံမတင်ခဲ့သည့် အလုပ်သမားများ၊ အလုပ်ရှင်များ၊ နေထိုင်ခွင့်ပေးသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ တရားမ၀င် အလုပ်သမား ထားရှိသော အလုပ်ရှင်ကို အလုပ်သမားတစ်ဦး အတွက် ထိုင်းဘတ်ငွေ ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ လည်းကောင်း၊ တရားမ၀င် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို ဘတ်ငွေ ၂၀၀၀ မှ ၁၀၀၀၀၀ ကို ဒဏ်ငွေတပ်ရိုက်ခြင်း (သို့မဟုတ်) ငါးနှစ်ထက်မပိုသော ထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်သွားမည်ဟု သတိပေး ကြေညာချက်များ ထုတ်ပြန်ခဲ့သည့် အပြင်ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးရန်ကိုလည်း ဆောင်ရွက်သွားရန် စီစဉ်နေသည်ဟု သိရှိရသည်။

“ဒီလိုသက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်သမားတွေ ပြည်နှင်ခံရမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေက လက်ခံပေးရမယ့် အစီအစဉ်တွေ လိုအပ်လာမှာဖြစ်ပါတယ်။ ဒီလို ပြည်နှင်ခံရတဲ့ကာလတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ မဖြစ်ဖို့၊ သက်ဆိုင်ရာ နိုင်ငံတွေက ပြည်နှင်ခံရတဲ့ အလုပ်သမားတွေကို အပြစ်မပေးဖို့နဲ့ သူတို့ကိုသက်သောင့်သက်သာနဲ့ လက်ခံပေးနိုင်ဖို့တွေ လိုအပ်လာမှာဖြစ်ပါတယ်။ ပြန်ရောက်လာရင်လည်း သူတို့ပြန်သွားပြီး အလုပ်လုပ်လိုတဲ့ ထိုင်းနိုင်ငံဘက်ကို တရားဝင် လျင်လျင်မြန်မြန် ဈေးနှုန်းအချိုသာဆုံးနဲ့ ဘယ်လို ပြန်ပို့ပေးမလဲ၊ တရားဝင် အလုပ်ရရှိစေရေးအတွက် စဉ်းစားအဖြေရှာကြရမှာ ဖြစ်ပါတယ်”ဟု ပြည်ပ အလုပ်သမားရေးရာ ဆောင်းပါးများ ရေးနေသူ စာရေးဆရာ ၀င်းနိုင်ထွန်း က ပြောကြားသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။