Home » » အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် တွေ့ဆုံခြင်း ...

အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Saturday, July 23, 2011 | 10:05:00 PM

http://www.weeklyeleven.com/images/stories/July11/Bi/e4167.jpg

‘အနှစ် ၂၀ ခရီးက ကျေနပ်စရာများပါတယ် မခိုင်အနေနဲ့တော့ ကိုယ်လုပ်စရာရှိတာကို
ဆက်လုပ်နေမှာပါပဲ’၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် တွေ့ဆုံခြင်း ...

ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် ဖော်ပြပေးမည့်သူက အနှစ် ၂၀ အနုပညာခရီးကို လျှောက်လှမ်းခဲ့သူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို ဖြစ်သည်။ အနှစ် ၂၀ ခရီးအတွင်း သရုပ်ဆောင်တစ်ဦး အဖြစ် မှတ်ကျောက်များစွာ တင်နိုင်ခဲ့သည့်အပြင် အဆိုတော်တစ်ဦးအဖြစ်လည်း ပရိသတ်ခိုင်ခိုင်မာမာ ရရှိထားသူ ဖြစ်သည်။ အနှစ် ၂၀ ခရီး အမှတ်တရအဖြစ် ဖျော်ဖြေပွဲတစ်ခုအား စီစဉ်ရန်ရှိသည့်အပြင် ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ဇာတ်ကားရိုက်ရက်များ ပြည့်လျက်ရှိကာ ပြည်ပဖျော်ဖြေပွဲများကိုလည်း သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည့် ထွန်းအိန္ဒြာဗိုက ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ အမှတ်တရများအား ယခုကဲ့သို့ ပြန်လည်ဝေငှပေးခဲ့ပါသည် . . .

မေး ။ အနှစ်နှစ်ဆယ် အနုပညာခရီးကို ဘယ်လိုခံယူချက်မျိုးနဲ့ လျှောက်လှမ်းဖြစ်ခဲ့တာလဲ။

ဖြေ ။ စလုပ်ဖြစ်ခဲ့တာကတော့ ၀ါသနာပါလို့ လုပ်ဖြစ်ခဲ့တာပါ။ ခံယူချက်ကတော့ အသက်အရွယ်အရ အမျိုးမျိုးတော့ ပြောင်းတာပေါ့လေ။ အဓိက ဘယ်လိုခံယူရမယ်၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ displine တွေဘာတွေမရှိခဲ့ဘူး။ ၀ါသနာကို အရင်းခံပြီးလုပ်တယ်။ အလုပ်က သင်သွားတဲ့ အတွေ့အကြုံ ပေါ်မှာကောင်းတာဆိုးတာကို ခွဲခြားပြီး လုပ်လာတယ်။ ရှေ့ဆက်မယ့်အလုပ်ကို ဘယ်လိုကောင်းအောင် ပြုပြင်ပြီးလုပ်မလဲ ဆိုတာမျိုးတွေးပြီး လုပ်ရတာပေါ့။

မေး ။ အောင်မြင်မှုရဖို့ ကြိုးစားရတာ ခက်ခဲသလို အောင်မြင်မှုကို ထိန်းသိမ်းရတာလည်း ခက်ခဲတာပဲလေ။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ လုပ်လာခဲ့တဲ့အပေါ်မှာ ပရိသတ်ကလည်း လက်ခံအားပေးလို့သာ ဒီနေ့ ဒီလိုအချိန်အထိ ကိုယ်ဒီလိုနေခွင့်ရတာပေါ့။ သေချာတာကတော့ ရိုးရိုးသားသား လုပ်တာကို ပရိသတ် ပိုကြိုက်တယ်လို့ ထင်တယ်။

မေး ။ အခက်အခဲဆိုတာတွေ ကြုံလာချိန်မှာရော ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းခဲ့ရလဲ။

ဖြေ ။ အနှစ် ၂၀ တစ်လျှောက်လုံးမှာ အခက်အခဲရယ်လို့ ကြီးကြီးမားမား မခံစားခဲ့ရဖူးပါဘူး။ ကြီးတယ်သေးတယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ခံယူမှု နဲ့ပဲဆိုင်တယ်လေ။ မခိုင်ကပဲ အဲဒီလိုကြီး မခံယူတတ်လို့လားတော့ မသိဘူး၊ အရမ်းကြီး ခက်ခဲတယ်ရယ်လို့ တစ်ခါမှမခံစားခဲ့ဖူးဘူး။ လုပ်ခွင့်ရတဲ့အပေါ်မှာ ကျေနပ်တယ်။ နောက်ပိုင်းအလုပ်တွေ သိပ်ပိလာတဲ့အချိန်မှာလည်း လုပ်ချင်တာကတစ်ခု လုပ်ခွင့်ရတာက တစ်ခုဖြစ်တာမျိုးတွေ ကြုံရတယ်။ သူ့သဘောသူဆောင်တဲ့ သဘောတရားကို လက်ခံထားတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။

မေး ။ အနှစ်နှစ်ဆယ် အနုပညာခရီးကို ပြန်ငဲ့ စောင်းကြည့်မယ်ဆိုရင်ရော ကျေနပ်လား။

ဖြေ ။ ကျေနပ်စရာများပါတယ်။ မခိုင်ကတော့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေတာပါပဲ။

မေး ။ အနှစ် ၂၀ ခရီးထဲကပဲ မှတ်သားစရာ၊ သင်ခန်းစာယူစရာတွေ ရခဲ့တာမျိုး ရောရှိလား။

ဖြေ ။ အလုပ်က သင်သွားတယ် ဆိုသလိုပါပဲ။ ကိုယ်ကအကြီးကြီးလို့ တွေးထားတဲ့အရာတစ်ခုက တကယ်တမ်းကျတော့ ဘာမှမဟုတ်ဘူး ဆိုတာတွေ၊ ကိုယ်ကအသေးအဖွဲလို့ ထင်တဲ့ကိစ္စကလည်း လုပ်ငန်းသဘောကို နားလည်လာတဲ့အချိန်မှာ အရေးကြီးတယ်ဆိုတာကိုအလုပ်ရဲ့သင်ကြားမှုကြောင့်ပဲ နားလည် လာပါတယ်။

မေး ။ ဇာတ်ကားတွေ အများကြီးရိုက်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အမှတ်တရဖြစ်စေတဲ့ ဇာတ်ကောင် မျိုးရှိလား။

ဖြေ ။ ကြိုက်တဲ့ကားလေးတွေ ရှိပေမယ့် ပြန်ပြောရလောက်အောင် မှတ်မိတာမျိုးတော့ မရှိပါဘူး။ ရိုက်ခဲ့တာကလည်း သိပ်များတယ်လေ။ မြန်မာနိုင်ငံရဲ့ အနေအထားအရ တစ်ပတ်တစ်ကား ၁၀ ရက်တစ်ကားနှုန်းနဲ့ နှစ် ၂၀ သွားလာတဲ့အခါကျတော့ သိပ်များလွန်းအားကြီးသွားပြီလေ။ ကြိုက်တဲ့ကားလေးတွေ ရှိပေမယ့် အသေးစိတ်တော့ မမှတ်မိတော့ဘူး။

မေး ။ လုပ်ဖြစ်ခဲ့တဲ့ ဇာတ်ကောင်စရိုက်ထဲမှာ တစ်ခါတလေ အားမရခဲ့တာမျိုးရောရှိလား။

ဖြေ ။ လုပ်ပြီးလို့ မကျေနပ်တာ၊ ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေလည်း ရှိပါ တယ်။

မေး ။ လက်ရှိရပ်တည်နေတဲ့ အနေအထားအရ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါဆိုရင်ရော ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ ။ မခိုင်အနေနဲ့တော့ လက်ရှိအသက်အရွယ်၊ အနေအထားနဲ့ လိုက်ဖက်တဲ့ ဇာတ်ကားလေးတွေ ရိုက်ကူးခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။

မေး ။ ရှေ့ဆက်မယ့် အနုပညာလမ်းကိုရော ဘယ်လိုရည်မှန်းထားလဲ။

ဖြေ ။ အခုချိန်မှာတော့ ကိုယ်ကရွေးချယ်တာထက် ကိုယ်ကရွေးချယ်ခံရတာ မျိုးလေးတွေလည်း ကြုံတွေ့ရပါတယ်။ မခိုင်အနေနဲ့တစ်လကို သုံးကား တစ်ကားကို ၁၀ ရက်ဆိုတဲ့ စည်းကမ်းလေးနဲ့ ရိုက်မယ်ဆိုပြီး သတ်မှတ်ထားပေမယ့် တစ်ခါတလေ တစ်လကို ငါးကား ရိုက်ပေးလိုက်ရတာမျိုးတွေ ရှိပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ အလုပ်ကနည်းနည်းပိတယ်။ ဂီတဘက်ကတော့ လှည့်ကို မကြည့်နိုင်ဘူး။ တစ်လကို ဘယ်လောက်ရိုက်မယ်၊ သားကိုအချိန် ဘယ်လောက် ပေးမယ်၊ လူမှုရေးအတွက် အချိန်ဘယ်လောက်ပေးမယ်၊ ရိပ်သာဘယ်နှရက်ဝင်မယ် ဘယ်လောက်ပဲ မျှော်မှန်းထားပေမယ့် အခုချိန်ထိကို လုပ်လို့မရသေးပါ ဘူး။ အလုပ်ကကိုယ့်ကို အခုထိဦးစီးနေတုန်းပဲ။ နောက်တစ်ခုရှိတာက ကိုယ့်ရဲ့ demand က အများကြီးတော့မလာနိုင်ဘူး။ သူတို့လိုချင်နေကြတဲ့အချိန်မှာ လိုချင်တာကို ပေးရမယ်ဆိုတဲ့ အသိနဲ့ သွားရတာပေါ့လေ။ သူတို့မလိုအပ်တဲ့ အချိန်မှကိုယ်ပေးနေတော့လည်း အရာမရောက်တော့ဘူးအလကားပဲလေ။ သူတို့မလိုအပ်တော့ဘူးဆိုတဲ့ အချိန်ကျတော့လည်း ကိုယ့်အတွက် အေးအေး လူလူနေခွင့်ရမှာပေါ့။ ကိုယ်လုပ်ချင်တာလေးတွေကို သေသေချာချာစနစ် တကျလုပ်ခွင့်ရမှာပေါ့။ အနုပညာနဲ့မပတ်သက်တော့တဲ့ ကိစ္စတွေအတွက် အချိန်ပေးနိုင်မှာပေါ့။

မေး ။ အရွေးချယ်ခံ ဖြစ်လာတယ်ဆိုတဲ့နေရာမှာ အသက်အရွယ်အနေအထားနဲ့ လိုက်တာမျိုးကို ကိုယ်တိုင်ရော ရွေးဖြစ်လား။

ဖြေ ။ လာပြောကြတဲ့သူတွေကတော့ မခိုင်နဲ့လိုက်ဖက်တာမျိုးကိုပဲ လာပြော ကြတာများပါတယ်။ မလိုက်မဖက်တာမျိုးကိုတော့ သူတို့လည်း မခိုင်းပါဘူး။

မေး ။ အခုရုံတင်နေတဲ့ ဒေါ်လန်းဆိုတဲ့ ဇာတ်ကားထဲမှာ အရင်တွေ့နေကျပုံစံနဲ့ကွဲပြီး သရုပ်ဆောင်ထား တယ်နော်။

ဖြေ ။ အဲဒီကားရိုက်ဖြစ်တုန်းကတော့ ဟာသတွေကို ပရိသတ်က တောင်းဆိုနေကြတဲ့ အချိန်ပေါ့။ မခိုင်ကိုယ်တိုင်ကျတော့လည်း ဒရာမာကိုပိုပြီးပိုင်နိုင်အောင် လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ အဲဒီဇာတ်ကားရိုက်ရတဲ့ အချိန်မှာ ဟာသဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တကယ်လျော့တယ်။ ဒီရေစီးကြောင်းက တောင်းဆိုလာတဲ့အချိန်မှာ ကြိုးစားလုပ်ရမယ်ဆိုတဲ့ အသိတစ်ခုနဲ့ ကြိုးစားလုပ်လိုက်တဲ့ ကားတစ်ကားပါပဲ။

မေး ။ ဂီတနဲ့ပတ်သက်လို့ရော ဒီနှစ်ထဲမှာ ဘာလုပ်ဖြစ်ဦးမလဲ။

ဖြေ ။ ပြည်တွင်းရှိုးတွေနဲ့ ပတ်သက်လို့ကတော့ နယူးရီးယား၊ ခရစမတ်လောက်ကျမှ ဆိုဖြစ်မယ်ထင်တယ်။ မလေးရှား၊ ထိုင်ဝမ်၊ ဂျပန်နိုင်ငံတွေကို လက်ခံထားပါတယ်။ အမေရိကားကတော့ စကားပြောနေတုန်းပါပဲ။ ဒီတစ် ခေါက်က မိသားစု ခေါ်သွားချင်တယ်လေ။ မိသားစုဗီဇာရမှာပဲ သွားဖြစ်မှာပါ။

မေး ။ အနှစ် ၂၀ ပြည့် ရှိုးပွဲလုပ်ဖို့ရောရှိမလား။

ဖြေ ။ ဒီနှစ်ထဲတော့ မဖြစ်နိုင်တော့ဘူး။ ကားရိုက်ရက်က ဒီနှစ်ကုန်ထိပြည့်သွားပြီ။ နောက်နှစ်ထဲတော့ ဖြစ်အောင်လုပ်မှာပါ။ လုပ်ပေးဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒီလိုရှိုးပွဲတစ်ပွဲလုပ်ဖို့ ဆိုတာကလည်း သေချာအချိန်ပေးပြီး လုပ်ရတာမျိုးလေ။ ဒါကြောင့် သေချာ စီစဉ်ပြီးမှလုပ်ဖြစ်ပါမယ်။

လင်းလင်းခိုင်

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။