Home » » ဘန်ကောက် သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

ဘန်ကောက် သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

Written By မောင်စေတနာ on Tuesday, July 19, 2011 | 9:50:00 PM

http://www.irrawaddy.org/bur/images/stories/news_Maesot2.jpg
ယမန်နေ့က အဖမ်းခံရသည့် မြန်မာပြည်သားများ (ဓာတ်ပုံ - ဧရာဝတီ)

ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၅၀၀ ခန့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။

"ဒီလူတွေက တရားမ၀င်တဲ့ နည်းနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်မှာ ဖြစ်တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်တယ်" ဟု မဲဆောက်မြို့ ရဲတပ်ဖွဲ့ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံက ဒေသခံ သတင်းထောက်များကို ပြောသည်။ ၎င်းတို့အား မည်သို့ အရေးယူနိုင်ဖွယ် ရှိကြောင်း ပြောဆိုခြင်း မရှိပေ။

မဲဆောက်တွင် ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပြီး ဘန်ကောက်သို့ သွားရောက်ရေးအတွက် အလုပ်ရှင်၊ ပွဲစားများနှင့် ညှိနှိုင်းစဉ် ကာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်ဟု အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။

"အရင် ကျနော်တို့အသိတွေ ဒီလိုပဲ နေထိုင်ခွင့် လုပ်ပြီး ဘန်ကောက်ကို တက်ကြပါတယ်။ ဘန်ကောက်က သူဌေးတွေ ကိုယ်တိုင် လာခေါ်တာ ဖြစ်တယ်။ ကျနော်တို့ကို ဖမ်းတာက အလုပ်သမား မှတ်ပုံတင် လုပ်ပေးတဲ့ရက် ကျော်သွားလို့ ဆိုပြီး ပြောတယ်" ဟု မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းခံနေရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို ယခင်လ ၁၅ ရက်နေ့မှ ယခုလ ၁၄ ရက် နေ့အတွင်း မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မှတ်ပုံတင် ကာလ ကျော်လွန်သွားပြီး ဖြစ်သောကြောင့် မဲဆောက်ဒေသအတွင်း တရားမ၀င် နေထိုင်လုပ်ကိုင်သူများကို ဖမ်းဆီးမှုများ မကြာမီ ပိုမို များပြားလာဖွယ် ရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းနေကြသည်။

မဲဆောက်မြို့ အပါအ၀င် တာ့ခ်ခရိုင်အတွင်း စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မြန်မာပြည်သား လေးသိန်းခန့် ရှိသည့် အနက် တရားဝင် မှတ်ပုံတင်သည့် အရေအတွက်မှာ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမား ရှာဖွေရေးရုံး၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းအာဏာပိုင်တို့က တရားမ၀င် အလုပ်သမား ခန့်ထားသည့် အလုပ်ရှင်ကို ထိထိရောက်ရောက် အရေးယူမည်ဟု ကြိုတင် သတိပေး ကြေညာထားပြီးဖြစ်သည်။

အလုပ်ရှင်ကို တရားမ၀င် အလုပ်သမားတဦးအတွက် ဒဏ်ငွေ ထိုင်းဘတ် ၁ သောင်းမှ ၁ သိန်းအထိ၊ တရားမ၀င် အလုပ်သမားကို ဘတ် ၂ ထောင်မှ ၁ သိန်း အထိ (သို့မဟုတ်) ၅ နှစ်ထက် မပိုသော ထောင်ဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်ပေါင်းပြီး ဖြစ်စေ ချမှတ်သွားမည်ဟု ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသူ မြန်မာပြည်သား အများအပြားကို ကာလကြာမြင့်စွာ ထိန်းသိမ်းထားခြင်း မရှိဘဲ ရက်ပိုင်းအတွင်း မြန်မာပြည်ဘက်သို့ ပြန်လွှတ်ပေးလေ့ရှိသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။