‘ဂီတအနုပညာသမား တစ်ယောက်လိုပဲ ခံယူထားတဲ့အတွက် ဘယ်လိုဂီတပုံစံကိုမဆို သီဆိုမှာပါ’ ၊ ရတနာမိုင်နှင့် တွေ့ဆုံခြင်း
မိုင်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ရတနာမိုင်ကိုတော့ ပရိသတ်ကြီးက တက်သစ်စအဆိုတော် ကောင်မလေးတစ်ယောက် အနေနဲ့ သာမက တစ်ခေတ်တစ်ခါက မလွမ်းပိုသီချင်းနဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်မိုင်ရဲ့ ရင်သွေးအဖြစ် ရင်းနှီးပြီးဖြစ်ပါတယ်။ သူမသီဆိုထားတဲ့ သီချင်းဟာ ပရိသတ်အတွင်း ရောက်ရှိခဲ့သလိုပဲ အတွဲခွေများစွာမှာလည်း သူမရဲ့ဂီတအရောင်ဟာ တောက်ပမှုရှိခဲ့သူလေး ဖြစ်ပါတယ်။ မိခင်အရှိန်ကြောင့် ရတနာမိုင်ဖြစ်လာတာလား၊ ကိုယ်တိုင်ရော အရည်အသွေး ရှိရဲ့လားဆိုတဲ့ ချိန်ဆနှိုင်းယှဉ်မှုတွေနဲ့ ဂီတပြေးလမ်းပေါ် လျှောက်လှမ်းနေရသူလေး ဖြစ်ပါတယ်။ တစ်ကိုယ်တော်စီးရီးရဲ့ ဗီစီဒီကာရာအိုကေ ထွက်ရှိပြီးချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးသံနဲ့အတူ ပြောင်းလဲမှုများနဲ့ စတင်အသက်ဝင်လာပါပြီ။ ကဲ ... အဲဒီအတွက် သူရှေ့ဆက်ဘာတွေလုပ်ထားသလဲ။
မေး - အခုရတနာမိုင်က အမေ့ရဲ့လောင်းရိပ် အောက်က ထွက်နိုင်လာပြီလား။
ဖြေ - လောင်းရိပ်ကတော့ မထွက်ချင်သေးပါဘူး။ အနုပညာလောက ဆိုတာက တခြားလောကနဲ့ မတူဘူးလေ။ ဒါကြောင့် အမေရှိတော့ ပိုပြီး လုံခြုံမှုရှိတာပေါ့။ ဂီတနဲ့ပတ်သက်ရင်တော့ အမေ့ကိုလည်း တိုင်ပင်သလို သူငယ်ချင်းတွေကိုလည်း ပြပြီး အကြံပေးဖို့ ပြောပါတယ်။
မေး - ခေတ်ဆိုတဲ့ ရေစီးကလည်းရှိတော့ အန်တီမိုင်ရဲ့ ဂီတအပေါ်နှစ်သက်မှုနဲ့ ရတနာမိုင် နဲ့က အမြဲထပ်တူကျရဲ့လား။
ဖြေ - တစ်ခါတလေ မကျတတ်ဘူး။ အမေက ဒီလောက်အသက်အရွယ် နဲ့ ခေတ်ရေစီးကို လိုက်ပေးနိုင်ပေမယ့်လည်း အမေ သဘောကျတဲ့ သီချင်းဆိုမိုင်လေးက မကြိုက်၊ မိုင်လေး ကြိုက်တာဆို အမေက မကြိုက်ဘူး။ ဒါကြောင့် ‘မရှိလို့မဖြစ်’ စီးရီးမှာ နှစ်ယောက် အကြိုက်လုပ်လို့ ၁၆ ပုဒ်လောက် ဖြစ်သွားတာ။
မေး- အတွဲခွေတွေမှာ အောင်မြင်ထားပေမယ့် တစ်ကိုယ်တော်ခွေ ပေါက်ဖို့ခက်တဲ့ ဒီလိုအချိန်မှာ ရတနာမိုင်ရဲ့ သီချင်းတွေကို ပရိသတ်က အားပေးတဲ့အတွက် ရှေ့ဆက်မယ့် အစီအစဉ်တွေက ဘယ်လိုမျိုးရှိလာမလဲ။
ဖြေ - ဟုတ်ပါတယ်။ ခွေစစထွက်ချင်းတုန်းက ရောင်းရတယ်ဆိုပေမယ့် မဖွင့်ကြဘူးပေါ့။ နောက်ပိုင်းမှာ တဖြည်းဖြည်းစိမ့်ပြီး နားထောင်လာကြတာပါ။
မေး - အခုထွက်ပြီးတဲ့ တစ်ကိုယ်တော်စီးရီးကို ခြုံပြီးကြည့်မယ်ဆိုရင် Alter တွေ Punk တွေပိုများတယ်နော်။ နောက်ပိုင်း အဲဒီဘက်ကို သီးသန့်လုပ်ကိုင်ဖို့ ရည်ရွယ်ထားလား။
ဖြေ - မိုင်လေးရဲ့အသံက Alter လေး တွေ၊ Slow Rock လေးတွေနဲ့ ပိုလိုက်ပါတယ်။ ဒါပေမယ့် မိုင်လေးကကိုယ့် ကိုယ်ကိုယ် ဂီတအနုပညာသမား တစ်ယောက်လိုပဲ ခံယူထားတဲ့အတွက် ဘယ်လိုဂီတပုံစံကို မဆိုသီဆိုမှာပါ။ သီးသန့်ဒီခေါင်းစဉ်အနေနဲ့ကွဲပြီး လုပ်ကိုင်ဖို့တော့ မရှိပါဘူး။
မေး - ရတနာမိုင်ဆို အရမ်းကတဲ့ကောင်မလေးလို့ တွဲမြင်တဲ့အပေါ် ပြောချင်တာများရှိလား။
ဖြေ - ရတနာမိုင်ဆို ကမယ်ဆိုပြီး တွဲမမြင်စေချင်ပါဘူး။ တကယ်က သီချင်းဆိုရင်း Mood ၀င်ပြီး သူ့အလိုလိုဖြစ်သွားတာပါ။ အခု သိပ်မကအောင် အတတ်နိုင်ဆုံး ထိန်းပါတယ်။ ကိုယ်ဆိုတဲ့ သီချင်းနဲ့လိုက်ဖက်တဲ့ Performance လောက်ပဲ လုပ်ဖို့ရှိပါတယ်။
မေး - ဇာတ်ကားတွေကိုရော ဘယ်သူတွေနဲ့ ရိုက်ထားတာလဲ။ ကိုယ့်လုပ်ခွင့်ရတဲ့ အပိုင်း အပေါ်ခံစားချက်ကို ပြောပါဦး။
ဖြေ - ကိုမြင့်မြတ်နဲ့တစ်ကား၊ အဲဒါက ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်တာ။ ကိုအောင်ရဲလင်းနဲ့က မကြည်ဖြူ၊ ကိုရဲတိုက်နဲ့က ဒါရိုက်တာကျော်ဇောလင်းတို့နဲ့ ရိုက်ထားတယ်။ သရုပ်ဆောင်အနေနဲ့ ကံကောင်းပါတယ်။ ကိုယ့်အတွက် လုပ်လို့ရမယ့်နေရာ ကောင်းလေးတွေပေးကြသလို အစစအရာရာ တွဲသင်ပေးပါတယ်။
မေး - ရုပ်ရှင်ဂီတဘက်မှာ အောင်မြင်တဲ့ အနု ပညာရှင်တွေထဲမှာ ရတနာမိုင်ပါဝင်ဖို့ အချိန် တွေကို ဘယ်လိုခွဲခြမ်းအသုံးပြုမှာလဲ။
ဖြေ - အဲဒါကလည်း ပါရမီလို့ပြောရ မှာပါ။ သူတို့ကို အရမ်းအားကျတယ်။ ဒါပေမယ့်မိုင်လေးက သီချင်းဆိုတာ ကို ပိုပြီးဝါသနာပါတယ်။ သရုပ် ဆောင်ဘက်ကိုခြေစုံပစ်ပြီးတော့ မ၀င်ရဲသေးပါဘူး။
မေး - ရတနာမိုင်ရဲ့ပရိသတ်တွေကို ပြောချင်တာများ ရှိလား။
ဖြေ - ဒုတိယခွေထွက်ဖို့ ကြိုးစားနေပါတယ်။ ပထမခွေနဲ့မတူတဲ့ ခံစားချက်တစ်မျိုးကို ရအောင် လုပ်ထားပါတယ်။
Source by :http://www.weeklyeleven.com/

0 comments:
Post a Comment