ထိုင်းနိုင်ငံ တောင်ပိုင်း ပရာချွတ်ခီရီခန် (Prachuap Khiri Khan) ခရိုင်၊ ဘန်းစဖန် (Bang Saphan) မြို့နယ်တွင် ယမန်နေ့ ညနေက ယာဉ်တိုက်မှု ဖြစ်ပွားရာ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးသည်။
မြန်မာနိုင်ငံသားများသည် ရနောင်းမြို့နယ်တွင် ယာယီနိုင်ငံကူ လက်မှတ် သွားလုပ်ပြီး ဘန်ကောက်မြို့သို့ ပြန်လာစဉ် လမ်းဘေးတွင် ရပ်ထားသော ၁၀ ဘီးကားကို ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဘန်းစဖန်မြို့နယ် ရဲစခန်းမှ ထိုင်းရဲတဦးက ပြောသည်။
ယာယီပတ်စ်ပို့ ပြုလုပ်ရန် ခေါ်ဆောင်သွားသည့် ဝန်ဆောင်မှု ကုမ္ပဏီမှာ PKA Labor Passport Service ဖြစ်ပြီး ယင်းကုမ္ပဏီမှ ကားသုံးစီးဖြင့် ရနောင်းမြို့သို့ သွားကြခြင်းဖြစ်ကြောင်း၊ ကားအမျိုးအစားမှာ တိုယိုတာ မှန်လုံကား အသေးစားဖြစ်ကြောင်း သိရသည်။
ယဉ်တိုက်မှုဖြစ်ပွားသည့်ကား၏ နောက်မှ လိုက်ပါလာသော ကားတွင် ပါဝင်သူ မြန်မာအလုပ်သမား ကိုဘိုက “သူတို့ကားသမားက အိပ်ငိုက်ပြီး လမ်းမှာရပ်ထားတဲ့ ဆယ်ဘီးကားကို ၀င်တိုက်လိုက်တာ။ ဆယ်ဘီးကားမှာ မြေကြီး အပြည့်တင်ထားတယ်” ဟု ပြောသည်။
ထိုင်းကားမောင်းသမားအပါအဝင် မြန်မာ ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အခု ဆေးရုံမှာ ၅ ယောက်။ ကျန်တဲ့ လူတွေကတော့ အိမ်ပြန်သွားပြီ” ဟု ဘန်းစဖန်မြို့ဆေးရုံမှ တာဝန်ရှိသူက ပြောသည်။
ယခုနှစ် ဧပြီလဆန်းပိုင်းကလည်း ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသတွင် မြန်မာ အလုပ်သမားများ လိုက်ပါလာသော စက်ရုံ ကြိုပို့ယာဉ်ကို ၁၀ ဘီး ကားတစီးက နောက်မှနေ၍ လမ်းချော်ပြီး ၀င်ရောက်တိုက်မိခဲ့သောကြောင့် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ ၆၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများနှင့် ထိခိုက် ဒဏ်ရာရသူများသည် နစ်နာကြေးရသင့်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့မှ ကိုနိုင်က ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် ရှိကြောင်း အလုပ် သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
Source by :http://www.irrawaddy.org/

0 comments:
Post a Comment