Home » » စံရတီမိုးမြင့် နှင့်တွေ့ဆုံခြင်း ...

စံရတီမိုးမြင့် နှင့်တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Wednesday, June 8, 2011 | 1:11:00 PM

ပရိသတ်တွေ အများကြီးက ချစ်တာကိုပဲ လိုချင်တယ်၊ စံရတီမိုးမြင့် နှင့်တွေ့ဆုံခြင်း ...
e492e492a

Chito နှင် Doaru Young ကြော်ငြာတွေထဲက ဆံပင်ရှည်ရှည်နှင့် ချစ်စဖွယ် ကောင်မလေးတစ်ယောက်။ ဇန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ဗန်းကိုင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သူဟုဆိုလျှင် ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် ဖော်ပြပေးမည့်သူကို မှန်းဆနိုင်လိမ့်မည် ထင်သည်။ မော်ဒယ်လ်တစ်ယောက် အဖြစ် ခြေလှမ်းစခဲ့သည့် ဆယ်ကျော်သက် မော်ဒယ်လ်လေးက ကြော်ငြာကဏ္ဍတွင် ထင်ရှားတောက်ပသည့် မော်ဒယ်တစ်ဦး အဖြစ် မြင်တွေ့လာရသလို ဂျာနယ်မဂ္ဂဇင်း စာမျက်နှာများ ထက်တွင်လည်း သစ်လွင်တောက်ပမှုများနှင့် ပါဝင်နေခဲ့သည်။ ယင်းသို့ အချိန်တိုအတွင်း ပရိသတ်သတိထားမှုကို ရယူသွားနိုင်ခဲ့သည့် မော်ဒယ်လ်စံရတီမိုးမြင့် နှင့် မေးမြန်းဖြစ်ခဲ့သမျှကို ယခုတစ်ပတ်အတွက် တင်ပြပေးလိုက်ပါသည်။

မေး ။ အနုပညာ လောကထဲ စ၀င်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလား။

ဖြေ ။ စံရတီငယ်ငယ်တည်းက အနုပညာအလုပ်တွေကို ၀ါသနာပါခဲ့တာ။ ဒါကြောင့် နွေရာသီ ကျောင်းပိတ်ရက်မှာ ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်လ်သင်တန်း တက်ဖြစ်ခဲ့တယ်။ သင်တန်းတက်ပြီး သိပ်မကြာခင်မှာပဲ ဆရာဂျွန်လွင် တို့လုပ်တဲ့ ဖက်ရှင်ရှိုးမှာဝင်လျှောက်ခွင့် ရခဲ့တယ်။ နောက်တစ်ခါ ဆရာဂျွန်လွင် ပူးပေါင်းပြသတဲ့ Bossni ဖက်ရှင်ရှိုးမှာလည်း ပါဖြစ်တယ်။ IDEA မဂ္ဂဇင်း ကာဗာရိုက်ဖြစ်ရာကနေ ဆက်လုပ်ဖြစ်ပြီး ဒီလောကထဲ ရောက်လာခဲ့တာပါ။

မေး ။ အကယ်ဒမီဗန်းကိုင် တစ်ယောက် ဖြစ်ခွင့်ရခဲ့တာက စံရတီအတွက် အနုပညာလောကထဲ ခြေချဖို့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလို့ရလား။

ဖြေ ။ ဟုတ်ကဲ့ရပါတယ်။ စံရတီက အနုပညာလောကထဲမှာ အရမ်းကြီး အသိအကျွမ်းရှိတာမျိုးလည်း မဟုတ်တော့ ဗန်းကိုင်တစ်ယောက်သာ ဖြစ်ခွင့်မရဘူးဆိုရင် အခုလောက်ပရိသတ်တွေမြန်မြန်ဆန်ဆန် သိခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပရိသတ် မြင်တွေ့ခွင့်ရပြီး သိသွားတယ်လို့ ဆိုရမှာပါ။

မေး ။ ဒီလို ပထမခြေလှမ်းကနေ နောက်ထပ်ခြေလှမ်းတွေ အတွက်ရော ဘယ်လို အားယူပြင်ဆင်ခဲ့လဲ။

ဖြေ ။ စံရတီကငယ်သေးတော့ ဒီလုပ်ငန်းအတွက် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုပြင်ဆင်ရမယ် ဆိုတာတွေ သိပ်အများကြီး နားမလည်ပါဘူး။ အကြံဥာဏ် ပေးမယ့်သူဆိုတာကလည်း မေမေတစ်ယောက်ပဲရှိတာလေ။ ဒီတော့စံရတီ လုပ်တတ်သလောက် လုပ်တာပဲရှိပါတယ်။ အကယ်ဒမီပွဲ ပြီးသွားတဲ့အချိန်မှာ ဓာတ်ပုံရိုက်တွေ၊ကြော်ငြာရိုက်တွေ လာခေါ်ကြတယ်။ စံရတီတတ်စွမ်းသလောက် ကြိုးစားပြီးလုပ်ဖြစ်တယ်။ မော်ဒယ်လ်ရှိုးလည်း လျှောက်ဖြစ်တယ်။ ဇာတ်ကား ရိုက်ဖို့အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု သိပ်အများကြီး မရှိသေးသလို မေမေကလည်း ငယ်သေးတော့သိပ်စိတ်မချဘူး။ ဒါကြောင့် ကြော်ငြာတွေပဲ အဓိကရိုက်ဖြစ်နေပါတယ်။

မေး ။ ကြော်ငြာတွေမှာ ပရိသတ်တော်တော်များများ သိကြတယ်နော်။ ဒိုရူးမိတ်ကပ်တို့ ချီတိုကြော်ငြာ တို့မှာဆိုရင် ပရိသတ်အများစု ကြိုက်ကြတယ်။ ကြော်ငြာတွေမှာ သရုပ်ဆောင်ဖို့က ဘယ်လိုပြင်ဆင်ဖြစ်လဲ။

ဖြေ ။ စံရတီက သိပ်အများကြီးတော့ မလုပ်တတ်ပါဘူး။ ဒိုရူးမိတ်ကပ်ကြော်ငြာက စံရတီနဲ့ တခြားမော်ဒယ်လ် နှစ်ယောက် ကြော်ငြာတာပေါ့နော်။ ဒါရိုက်တာက ကိုရီးယားပုံစံလေး ရိုက်ချင်တယ်လို့ ပြောလာတယ်။ အဲဒါနဲ့ စံရတီ တို့သုံးယောက်လည်း တိုင်ပင်ပြီး အ၀တ်အစား မိတ်ကပ်ဆံပင် ပုံစံလေးတွေကအစ ကိုရီးယားပုံစံလေး ပြင်ဖြစ်တယ်။ သီချင်းကလည်း ကိုရီးယားသီချင်း အလိုက်ကလေးနဲ့ဆိုတော့ ပရိသတ် အမြင်ဆန်းသွားပြီး ကြိုက်ကြတာ ထင်ပါတယ်။ အဲဒီကြော်ငြာမှာ တော်တော်များများ မှတ်မိကြတယ်။ ချီတိုကြော်ငြာက ထိုင်းနိုင်ငံဘန်ကောက်မှာ ထိုင်းကဒါရိုက်တာနဲ့ သွားရိုက်ရတာပါ။ သူတို့က သူတို့လိုချင်တဲ့ပုံစံကို ကြိုပြောတာ။ စံရတီကတော့ ကိုယ်တတ်သလောက် မှတ်သလောက်နဲ့ သရုပ်ဆောင်တာပါ။ ပရိသတ်က အသိအမှတ်ပြုတယ် ဆိုတော့ပျော်ပါတယ်။

မေး ။ အခု လောလောဆယ်တော့ ကြော်ငြာမော်ဒယ်လ်အဖြစ်ပဲ ရပ်တည်နေမယ့် သဘောပေါ့။

ဖြေ ။ ဟုတ်ပါတယ်။ လောလောဆယ်ကတော့ ကြော်ငြာနဲ့ ဓာတ်ပုံရိုက်ကူးရေးတွေပဲ အဓိကလုပ်ဖြစ်ဖို့ များပါတယ်။ ဇာတ်ကားရိုက်ကတော့ လောလောဆယ် လက်မခံဖြစ်သေးပါဘူး။ စံရတီအတွက် လေ့လာ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။

မေး ။ အနုပညာလောကထဲမှာ ဘယ်လောက် အတိုင်းအတာအထိ လုပ်မယ်လို့ရော ရည်မှန်းထားလဲ။

ဖြေ ။ စံရတီ ဒီအနုပညာအလုပ်ကို တကယ်ချစ်မြတ်နိုးလို့ လုပ်ဖြစ်တာပါ။ ဒါကြောင့် ကိုယ်တတ်စွမ်းသလောက် ကြိုးစားနေမှာပါပဲ။ ပရိသတ်ရဲ့ချစ်ခင် အားပေးမှုတွေလည်း အများကြီးလိုချင်ပါတယ်။ ဒါကြောင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားသွားပါမယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်။

မေး ။ ငယ်ရွယ်သူ တစ်ယောက်အနေနဲ့ ကြိုးစားရတဲ့အပိုင်းမှာ အခက်အခဲတွေ့တာမျိုးရော ရှိလား။

ဖြေ ။ ဘယ်အလုပ်မဆိုတော့ အခက်အခဲရှိတာချည်းပါပဲ။ စံရတီကဖေဖေ (ဓာတ်ပုံမာစဒါအောင်မြင့်) ရှိနေတော့ ဒီလောကနဲ့ အရမ်းကြီးတော့ မစိမ်းနေဘူးပေါ့နော်။ အဲဒီအတွက် အရမ်းကြီး အခက်အခဲတွေ ကြုံရတာမျိုးတော့ မရှိပါဘူး။ဖြစ်လာတဲ့ ပြဿနာတစ်ခုဆိုရင်လည်း မေမေနဲ့တိုင်ပင်ဖြစ်တာ များပါတယ်။

မေး- ။ ဒီလောကထဲ ၀င်လာကြတဲ့သူတွေ အများကြီးထဲမှာ အောင်မြင်ချင်တဲ့သူ၊ ကျော်ကြားချင်တဲ့သူ၊ ချမ်းသာချင်တဲ့သူရည်ရွယ်ချက် အမျိုးမျိုးရှိကြတယ်လေ။ စံရတီကရော ဘယ်လိုခံယူထားလဲ။

ဖြေ ။ စံရတီ သိပ်အများကြီးတော့ နားမလည်ပါဘူး။ လောဘတွေလည်း သိပ်အများကြီး မရှိချင်ဘူး။ ပရိသတ်တွေ အများကြီးကချစ်တာကိုပဲ လိုချင်တယ်။ ကျော်ကြားမှုတို့၊ ချမ်းသာတာတို့ ဆိုတာက ကိုယ်ကအတင်း ဖန်တီးယူလို့ ရချင်မှရတာလေ။ ပရိသတ်တွေက ချစ်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။

မေး- အချိန်တိုအတွင်းမှာ အခုလို နေရာတစ်နေရာ ရလာတဲ့အပေါ်မှာ ကျေနပ်မှုရှိလား။

ဖြေ ။ စံရတီပျော်ပါတယ်။ စံရတီရဲ့ ကြော်ငြာတွေကိုလည်း ပရိသတ် အသိအမှတ်ပြု လာကြတယ်လေ။ ဒါကြောင့် ရှေ့ဆက်ပြီးတော့ ကြိုးစားဖို့လည်းအားတွေ ရှိလာတယ်။ လေ့လာ သင်ယူမှုတွေလည်း လုပ်ဖြစ်မှာပါ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။