Home » » UNHCR မှ ရခိုင်ဒုက္ခသည်များ အရေး မည်သည့်နေရာတွင်မှ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိ

UNHCR မှ ရခိုင်ဒုက္ခသည်များ အရေး မည်သည့်နေရာတွင်မှ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိ

Written By မောင်စေတနာ on Monday, May 23, 2011 | 8:57:00 PM


ရခိုင်ဒုက္ခသည် အမျိုးသမီးတစ်ဦး ဆုံးရှုံးနေသော အခွင့်အရေးအတွက် ကော့ဘဇား ယူအန်ရုံးရှေ့တွင် ဆန္ဒပြနေစဉ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုခံထားရသော ရခိုင် ဒုက္ခသည်များ၏ အရေးကို UNHCR မှ မည်သည့် နေရာတွင်မှ တာဝန်ယူ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိဘဲ အကြောင်း အမျိုးမျိုးပြကာ ခေါင်းခါ ငြင်းပယ်နေကြောင်း သတင်း ရရှိသည်။

UNHCR သည် ထိုသို့ တာဝန်ပျက်ကွက်နေမူ အပေါ် ဒုက္ခသည် အမျိုးသမီး တစ်ဦးဖြစ်သူ မချိုချိုမိုးက ယခုကဲ့သို့ ထောက်ပြ ပြောဆိုသည်။

” အခု ဘင်္ဂလာဒေခ်ျ့မှာ ရှိနေတဲ့ ရခိုင် ဒုက္ခသည်တွေ အနေနဲ့ ဘဏ်မှာ ယူအန်ကဒ်နဲ့ ငွေစာရင်း (အကောင့်) ဖွင့်လို့လည်း မရဘူး။ ဒါကြောင့် နိုင်ငံခြားက ကူတဲ့ ငွေတချို့ကို Western Union နဲ့ ပို့ခ စရိတ်ငွေ အများကြီး သုံးပီး ပို့ပေးရပါတယ်။ ဒါပေမယ့် တခြား ရွေးစရာ လမ်းမရှိတော့ ဒီလို Western Union ကိုဘဲ အသုံးပြုနေကြရတယ်။ အရင်က ခုလို ပို့ပေးရင် ယူအန် ကဒ်နဲ့ ဘဏ်တွေမှာ ထုတ်လို့ရတယ်။ ဒါပေမယ့် အခုအခါ ထုတ်လို့ မရတော့ဘူး။ ဒါကို ယူအန်က တာဝန်ရှိတဲ့သူကို အကြောင်းကြားတော့ ဒီပြဿာ ဘာကြောင့် ဖြစ်တယ်။ ဘယ်လို ကူညီရမလဲဆိုပြီး စဉ်းစားတာ မရှိဘူး။ ဒါဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရနဲ့ သက်ဆိုင်တယ်။ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းလွှတ်ပါတယ်” ဟု သူမက ပြောသည်။

မချိုချိုမိုးတွင် အမေရိကန်မှ မောင်တော်သူ တစ်ဦးထံမှ သူမစားသောက်ရန် ငွေအနည်းငယ် ပို့ပေးသည်ကို ကော့စ်ဘဇားမှ ဘဏ်များတွင် သွားရောက် ထုတ်ယူရာ ဘဏ်များက ထုတ်မပေးဘဲ ယူအန်ကဒ်နှင့် ထုတ်ယူ၍ မရတော့ကြောင်း ဘဏ်တာဝန်ရှိသူများက ပြောဆိုသည်ဟု သူမက ပြောသည်။

” ဘဏ်မန်နေဂျာ ပြောတာကတော့ ဒုက္ခသည်တွေ ကိုင်ဆောင်ထားတဲ့ ကဒ်နဲ့ အရင်တုန်းက ငွေထုတ် လို့ရပေမဲ့ ခုထုတ်မပေးနိုင်ဘူး။ ပိုက်ဆံ ထုတ်မယ်ဆိုလို့ရှိရင် ဒီနိုင်ငံက အထောက် အထား တွေပါမှရမယ်။ ဘဏ်က တာဝန်ရှိသူတဦးရဲ့ အကြံပြုချက် အရ တခြားဘဏ်တွေ ၄ ခုလောက် ပြောင်းပြီး ထုတ်ကြည့်တယ်။ မရဘူး။ အားလုံးက ငြင်းတယ်။ ဒီပိုက်ဆံ မရတော့ ခုကျမမှာ စားစရာ နေစရာ မရှိ ဖြစ်နေပါတယ်” ဟု နိရဉ္စရာသို့ ငိုယိုပြီး ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရခိုင်ဒုက္ခသည်များ အနေဖြင့် UNHCR မှ မြို့ပေါ် ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုထားသော်လည်း အဆိုပါ ဒုက္ခသည် ကဒ်ပြားဖြင့် အိမ်းဌား မရခြင်း၊ ဘဏ်အကောင့် ဖွင့်၍ မရခြင်း၊ လုပ်ငန်း တည်ထောင်၍ မရခြင်းနှင့် တည်ခိုခန်းတွင် တည်းခို၍ မရခြင်း စသည့် အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။

ထိုသို့ အခက်အခဲများနှင့် ကြုံတွေ့နေကြရသော်လည်း ရခိုင်ဒုက္ခသည်များ အရေးကို UNHCR မှ မည်သည့် နေရာတွင်မှ တာဝန်ယူ ၀င်ရောက် ဖြေရှင်း ပေးခြင်း မရှိကြောင်း သိရသည်။

တခြားဒုက္ခသည်တဦးဖြစ်သည့် ကိုဦးသိန်းအောင်ကလည်း သူ၏ အခက်ခဲများကို ယခုကဲ့သို့ ပြောသည်။

“ကျနော်ဆိုလို့ရှိရင် ၂၀၀၈-ခုဒီဇင်ဘာလက UNHCR မှာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံထားရသူ ဖြစ်တယ်။ ကတ်ရတဲ့နေ့ကစပြီး ဒီနေ့ထိ ဘာအထောက်ပံ့မှ မရဖူးသေးဘူး။ ဒီနိုင်ငံက ဘာသာ စာပေ လည်း မတတ်တော့ အလုပ်အကိုင်ကလည်းမရနိုင်ဘူးလေ။ ခုဆိုလို့ရှိရင် ဘုန်းကြီးကျောင်း မှာပဲ ကပ်ခို ပြီးတော့ ထမင်းတောင်း စားနေရတဲ့ ဘ၀ ရောက်နေပါတယ်။ ကျနော့်လို အဖြစ်မျိုး တခြား လူတွေလည်း အများကြီးပါပဲ” ဟု သူက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည်များကို UNHCR မှ အပြင်တွင် အလုပ် လုပ်ခိုင်းသော်လည်း လူဦးရေ အလွန် ထူထပ်ပြီး အလုပ်လက်မဲ့နုန်း အလွန်များသော ဘင်္ဂလာဒေခ်ျ့တွင် မည်သူ တစ်ဦးမှ အလုပ်ရရှိရန် မလွယ်ကူဘဲ ဖြစ်နေရကာ၊ ရရှိသော အလုပ်များကိုလည်း ဘင်္ဂလီ အလုပ်သမားများနှင့် ယှဉ်ပြိုင်၍ မလုပ်နိုင်ကြကြောင်း သိရသည်။

သို့ သော်လည်း စားဝတ်နေရေး အကျပ်အတည်းကြောင့် ၀င်ရောက်လုပ်ကိုင်ခဲ့ရသူ မစောစန္ဒာတို့ မိသားစုမှာလည်း ဒေသခံ လူဆိုးများ၏ အနိုင်ကျင့်ရန် ကြိုးစားမူကြောင့် ဘင်္ဂလာဒေခ်ျ့မှ ထွက်ပြေးသွားခဲ့ရကာ ယခုတိုင် အဆိုပါ မိသားစုမှာ ပျောက်ဆုံးနေသည်။

ယခုကဲ့သို့ ပြဿနာမျိုးစုံ အခက်ခဲမျိုးစုံနှင့် ကြုံတွေ့နေရသော်လည်း UNHCR မှ တစ်စုံတရာ ၀င်ရောက် ဖြေရှင်း ပေးခြင်း မရှိသဖြင့် ယူအန် အသိအမှတ်ပြု ရခိုင်ဒုက္ခသည် ၃၀၀ ကျော် နီးပါးထဲမှ အများစု ဒုက္ခသည်များမှာ စားစရာ မရှိ နေစရာ မရှိ ဘ၀ဖြင့် ဘင်္ဂလာဒေခ်ျ့ တွင် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိသည်။

Source: Narinjara News

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။