Home » » မြန်မာ ၁၀၀ ကျော် ထိုင်းတွင် ရောင်းစားခံရ ...

မြန်မာ ၁၀၀ ကျော် ထိုင်းတွင် ရောင်းစားခံရ ...

Written By မောင်စေတနာ on Saturday, May 28, 2011 | 5:15:00 PM

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် အလုပ်လုပ်ရမည် ဟူသော မက်လုံးကို ယုံမိသဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အလုပ်သမား ရာနှင့်ချီ၍ ယခုလအတွင်း ရောင်းစားခံလိုက်ရသည်ဟု သိရသည်။

over_hundred_migrant_workers_sold_by_broker

ထိုင်းနိုင်ငံ၌ ရောင်းစားခံရသူ ကိုမင်းမင်းဦး၏ ဖခင် ဦးနိုင်ဦး (ဝဲဘက်) (ဓာတ်ပုံ - ဧရာဝတီ)

ငါးဖမ်းလုပ်ငန်းသို့ ရောက်သွားသူ တချို့က မိသားစုနှင့် အဆက်အသွယ် ပြန်ရသော်လည်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း မဲဆောက်အခြေစိုက် ပြည်သူ့  စေတနာ့ဝန်ထမ်းအသင်းမှ ဗဟိုကော်မတီဝင် ကိုသိန်းဆန်းက ဧရာဝတီသို့  ပြောသည်။

“လွန်ခဲ့တဲ့အပတ်က အရောင်းစားခံရတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေက ကျနော်တို့  အဖွဲ့ကို လာတိုင်တယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့ က လိုက်စုံစမ်းတော့ အခု သိထားသလောက် အမျိုးသမီးရော အမျိုးသားပါ ဆိုရင် တရာကျော် ရှိတယ်” ဟု ကိုသိန်းဆန်းက ဆိုသည်။

ရောင်းစားခံရသူတဦး၏ ဖခင်ဖြစ်သူ ဦးနိုင်ဦးက ၎င်း၏သားသည် ဘန်ကောက်မြို့အနီး၊ ချွန်ဘူရီခရိုင် အချောင်မြို့ ချောင်းစပယ်လမ်း ဝေလာဦး တံတားအနီး လှေနံပတ် (၇) တွင် ရောက်ရှိနေသည်ဟု ဆိုသည်။

“ကျနော့သား မင်းမင်းဦး ဖုန်းဆက်လာလို့ အခု သူတို့ဟာ ချွန်ဘူရီမှာ ရောင်းစားခံထားရကြောင်း သိရတာပါ” ဟု သူက ပြောသည်။

ထိုဒေသသို့ ရောက်သွားသူများမှာ ကိုမင်းမင်းဦး အပါအ၀င် အမျိုးသား ၅၉ ဦး ရှိသည်ဟု ဆိုသည်။

ရောင်းစားခံထားရသူများထဲတွင် ညီတော်စပ်သူ တဦးပါဝင်သော ကိုခိုင်မင်းထွန်းက “ယောက်ျားတွေကို လှေဆိပ်မှာ ရောင်းစားလိုက်တယ်။ မိန်းမတွေကိုတော့ ဘယ်မှာ ရောင်းစားထားလဲ မသိရဘူး” ဟု ပြောသည်။

သက်ဆိုင်ရာ ဆွေမျိုးသားချင်းများသည် အမှုမှန်ပေါ်ရေး၊ လူပွဲစားများကို အရေးယူနိုင်ရေးအတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များထံသို့  ပွင့်ပွင့်လင်းလင်း တိုင်ကြားသင့်ကြောင်း ကိုသိန်းဆန်းက ပြောသည်။

နှစ်နိုင်ငံ အာဏာပိုင်တို့က လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန် ၂၀၀၉ ခုနှစ်ကပင် သဘောတူထားပြီး ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အလုပ်သမား ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး အဖွဲ့ အစည်းများက ခန့်မှန်းကြသည်။ အများစုမှာ တရားမ၀င် နေထိုင်လုပ်ကိုင်ကြသူများ ဖြစ်သည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။