Home » » ဒုက္ခသည်များ အတွက် သတင်းအချက်အလက်များ

ဒုက္ခသည်များ အတွက် သတင်းအချက်အလက်များ

Written By မောင်စေတနာ on Tuesday, May 24, 2011 | 1:38:00 PM

အမေရိကန် ပြည်ထောင်စုတွင် ဒုက္ခသည်များ ပြန်လည် နေရာချထားခြင်း


အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် နေရာချထားခြင်း လုပ်ဆောင်မှုသည် ရှည်လျားသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး လများစွာ (သို့မဟုတ်) နှစ်များစွာထိတိုင် အချိန်ယူနိုင်သည်။ အမေရိကန် ပြည်ထောင်စုသို့ အခြေချ နေထိုင်ခြင်းသည် မိမိ၏ စိတ်ဆန္ဒ အလျောက်သာ ဖြစ်ပြီး ဒုက္ခသည်များ အနေနှင့် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခြင်းသည် မိမိနှင့် မိမိ၏ မိသားစုအတွက် မှန်ကန်သော ရွေးချယ်မှု ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်တိုင်သာ ဆုံးဖြတ်ရန် ဖြစ်သည်။

ပြန်လည် နေရာချထားခြင်း လုပ်ငန်းစဉ်သည် လျှောက်လွှာ တင်သူတိုင်းအတွက် အခမဲ့ ဖြစ်သည်။ သို့သော်လည်း သင့်အား လက်ခံခြင်း ခံရပြီးအခါ သင်နှင့် သင့်မိသားစု၏ လေယာဉ် လက်မှတ် အတွက် ကတိဝန်ခံချက် စာရွက်ပေါ်တွင် လက်မှတ် ရေးထိုးရလိမ့်မည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုသို့ သင် ရောက်ရှိပြီး သတ်မှတ်ကာလအတွင်း လေယာဉ် လက်မှတ် အတွက် ကုန်ကျစရိတ်ကို ပြန်လည် ပေးဆောင်ရန် လိုအပ်သည်။

အမေရိကန် ပြည်ထောင်စု ပြန်လည် နေရာချထားခြင်း လုပ်ငန်းစဉ်တွင် အေဂျင်စီများနှင့် အင်တာဗျူး များစွာ ပြုလုပ်ရမည် ဖြစ်သည်။ လျှောက်လွှာတင်သူ အများစု၊ သို့သော် အားလုံးမဟုတ်။ သည် UNHCR နှင့် ပထမဦးဆုံး အကြိမ် အင်တာဗျူး ဝင်ရမည် ဖြစ်သည်။

အကယ်၍ UNHCR မှ သင့်အား အမေရိကန် အစီအစဉ်အတွက် ပေးပို့လာပါက အမေရိကန် ပြည်ထောင်စု နိုင်ငံတော်ဌာန (U.S., Department of State) ကိုယ်စားလှယ် လုပ်ငန်းစဉ်များ ဆောင်ရွက် ပေးသည့် (Overseas Processing Entity – OPE) မှ ဝန်ထမ်းများနှင့် အင်တာဗျူးများ ဝင်ရောက်ပြီး၊ ထိုနောက်မှ အမေရိကန် တိုင်းပြည်တွင်း လုံခြုံရေးဌာန (Department of Homeland Security – DHS) မှ ဝန်ထမ်းများနှင့် အင်တာဗျူး ဆက်လက် ဝင်ရောက်ရမည် ဖြစ်သည်။ အင်တာဗျူးတိုင်းသို့ မပျက်မကွက် လာရောက်ရမည် ဖြစ်သည်။ DHS သာလျှင် သင့်အား အမေရိကန် ပြည်ထောင်စုသို့ နေရာချထားခြင်းအတွက် လက်ခံမည်၊ လက်မခံမည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ UNHCR, OPE နှင့် DHS တို့မှ မေးသည့် မေးခွန်းတိုင်းကို မှန်ကန်စွာနှင့် ရိုးသားစွာ ဖြေဆိုရန်မှာ အလွန် အရေးကြီးပါသည်။

ထိုကဲ့သို့ ဖြေဆိုရန် ပျက်ကွက်ပါက သင့်အမှုကိစ္စ၏ ရလဒ်ကို ထိခိုက်စေမည်။ သို့မဟုတ် နောက်ပိုင်းတွင် တွေ့ရှိလာပါက အမေရိကန်ရှိ သင်၏ အခြေအနေကိုပါ ထိခိုက်စေနိုင်သည်။ သင် UNHCR, OPE နှင့် DHS သို့ တင်ပြသော သင်၏ အကြောင်းအရာများကို လျှို့ဝှက်ထားမည် ဖြစ်ပြီး သင်၏ ပြန်လည် နေရာချထားခြင်းတွင် လုပ်ဆောင်ပေးမည့် သူများနှင့် သင်၏ အကြောင်းအရာကို သိရန် လိုအပ်သည့် သူများထံသာ ရောက်ရှိမည် ဖြစ်သည်။ မည်သည့် အကြောင်းအရာ အမျိုးမျိုးကြောင့်နှင့် မဆို DHS မှ သင့်အမှုကိစ္စအတွက် ချက်ချင်း ဆုံးဖြတ်ချက် ချပေးလိမ့်မည် မဟုတ်ပေ။ သင့်၏ ဆက်သွယ်ရန်လိပ်စာ၊ ခိုလှုံခွင့်တောင်းခံသည့် တိုင်းပြည်ရှိ သင်၏ အခြေအနေ သို့မဟုတ် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အိမ်ထောင်ပြုခြင်း သို့မဟုတ် အိမ်ထောင်ကွဲသွားခြင်း၊ သို့မဟုတ် ပြန်လည် နေရာချထားခြင်း လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ် အတွင်း မိမိ နေရပ်တိုင်းပြည်သို့ ပြန်သွားခြင်း အစရှိသည့် မိသားစုဝင်၏ အချက်အလက်များ စသည်တို့တွင် ပြောင်းလဲချက်များ ရှိလျှင် UNHCR နှင့် / သို့မဟုတ် OPE သို့ အလျင်အမြန် အကြောင်းကြားရန် အလွန်ပင် အရေးကြီးပါသည်။

အကယ်၍ လုပ်ငန်းစဉ်၏ မည်သည့် အဆင့်တွင်မဆို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် နေရာချထားခြင်းအတွက် သင် စိတ်မဝင်စားတော့ပါက UNHCR သို့မဟုတ် OPE သို့ အကြောင်းကြားခြင်းဖြင့် ရုတ်သိမ်းနိုင်ပါသည်။

အကယ်၍ DHS မှ ပြန်လည် နေရာချထားခြင်းအတွက် သင့်အား လက်ခံပြီဆိုပါက (International Organization for Migration – IOM) သို့မဟုတ် အမေရိကန် သံရုံးမှ ရည်ညွှန်းသည့် ဆရာဝန် တစ်ဦးထံတွင် ကျန်းမာရေးအတွက် စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်ပါသည်။ သင်၏ ဆေးစစ်ချက်ရလဒ်၊ အကယ်၍ သင့်၌ ရောဂါတွေရှိသည် သို့မဟုတ် အဆုတ်ရောဂါ (Tuberculosis) ကဲ့သို့သော မထွက်ခွာမှီ ကုသမှု ခံရယူရသည့် ရောဂါကို တွေ့ရှိပါက သင်၏ ခရီးထွက်ခွာမှုကို နှောင့်နှေး စေလိမ့်မည် ဖြစ်သည်။

ကုသမှုများ ပြီးဆုံးအောင်မြင်သွားပါက အမေရိကန် နိုင်ငံသို့ သွားရောက်ရန် ဆက်လက် လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ပြန်လည် နေရာချထားခြင်း ခံရမည့် နေရာတွင် သင်၌ လိုအပ်သည့် ကျန်းမာရေး ကုသမှုကို ခံယူနိုင်ရန် အတွက် အကောင်းဆုံးသော နေရာချထားရေး ဆုံးဖြတ်ချက် ချနိုင်ရန် ကျန်းမာရေး စစ်ဆေးမှု ခံယူနေစဉ် မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုရန် အလွန် အရေးကြီးပါသည်။

ဤအစီအစဉ်ထဲသို့ သင် မည်သို့ ဝင်ရောက် နိုင်ခဲ့သည်ပေါ် မူတည်၍ အမေရိကန်တွင် နေထိုင်သူ တစ်ဦးတစ်ယောက်ကို သိရှိရန် မလိုအပ်ပေ။ အမေရိကန်နိုင်ငံတွင် ဆွေမျိုးများရှိပြီး ထိုသူများနှင့် ပေါင်းစည်းလိုပါက လုပ်ငန်းစဉ် လုပ်ဆောင်မှု အစောပိုင်းကတည်းက OPE သို့ တတ်နိုင်သမျှ အစောဆုံး အကြောင်းကြားရန် လိုအပ်ပါသည်။

ဤအကြောင်းအရာ အချက်အလက်များသည် သင့်အတွက် စီစဉ်ပေးရာတွင် အသုံးဝင်မည် ဖြစ်ပါသည်။ အာမခံချက် အတိအကျ မရှိသော်လည်း သင်၏ ဆွေမျိုးများ နေထိုင်သည့် မြို့တွင် သွားရောက်နေထိုင်ရန် ကြိုးပမ်းမှုတိုင်းကို လုပ်ဆောင်ပေးမည် ဖြစ်သည်။

ကျေးဇူးပြု၍ သတိပြုရန်နှာ ယောင်္ကျား၊ မိန်းမ များပြားစွာ ယူခြင်းသည် အမေရိကန် ပြည်ထောင်စု ဥပဒေနှင့် ကိုက်ညီမှု မရှိပါ။ အမေရိကန်သို့ ရောက်ရှိစတွင် အကူအညီပေးနိုင်ရန် အတွက် အစိုးရ အဖွဲ့အစည်း မဟုတ်သော အဖွဲ့များကို ဒုက္ခသည် မိသားစု တစ်ခုစီတိုင်းအတွက် သတ်မှတ်ထားပြီး ဖြစ်သည်။ ဆောလျင်စွာ စီစဉ်ပေးထားသည့် အိမ်များ၊ အိမ်တွင်း ပစ္စည်း တန်ဆာပလာများနှင့် ပရိဘောဂများသည် အလွန်ပင် အခြေခံကျသော လိုအပ်ချက်များပင် ဖြစ်သည်။ အဝတ်အစားများနှင့် ပရိဘောဂများကဲ့သို့သော ပစ္စည်း အများစုမှာ အသုံးပြုပြီး သို့မဟုတ် အလွန်ဈေးမကြီးသော အရာများ ဖြစ်ကောင်း ဖြစ်မည်။ သို့သော် သင့်အား ပြင်ဆင် ပေးထားသည့် ပစ္စည်းများမှာ သန့်ရှင်း ကောင်းမွန်သည့် အခြေအနေတွင် ရှိသည်။

သင်နှင့် သင့်အား ကူညီပေးသည့် ပြန်လည် နေရာချထားခြင်း အေဂျင်စီ အတူတကွ ရေးဆွဲကြသည့် အစီအစဉ်များအတိုင်း ပြန်လည် နေရာချထားခြင်း အေဂျင်စီနှင့်အတူ သင် ပူးပေါင်း လုပ်ဆောင်ရန် အရေးကြီးပါသည်။

သင့်အား နေရာ ချထားပေးသည့် မည်သည့် နေရာတွင်မဆို သင် အလုပ်အကိုင် ရှာဖွေရေးတွင် အကူအညီပေးမည် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် အလုပ်အကိုင် ရှာဖွေခြင်းသည် အချိန်ကြာမြင့်နိုင်ပြီး သင် ပထမဦးဆုံး ရရှိသည့် အလုပ်သည် သင်၏ အသက်မွေးဝမ်းကျောင်း အလုပ် သို့မဟုတ် သင့် တိုင်းပြည်တွင် လုပ်ကိုင်ခဲ့သော အလုပ်အကိုင် ဖြစ်ချင်မှ ဖြစ်မည်။

အစဦးပိုင်း ဝင်ရောက်သည့် အလုပ်သည် သင်၏ အသက်မွေးဝမ်းကျောင်း အလုပ်မဟုတ်ဘဲ တစ်ခဏတာ အလုပ် သို့မဟုတ် အချိန်ပိုင်း အလုပ်လည်း ဖြစ်ကောင်း ဖြစ်မည်။ နေထိုင်မှု စရိတ်နှင့် အများပြည်သူ ရရှိနိုင်သည့် အထောက်အပံ့များသည် အမေရိကန် နိုင်ငံအတွင်းတွင် တစ်နေရာနှင့် တစ်နေရာ ကွဲပြားကြသည်။

သင် ရရှိသော အထောက်အပံ့သည် တစ်ခြားပြည်နယ်တွင် နေထိုင်သော ဒုက္ခသည်များ ရရှိသည့် အထောက်အပံ့များနှင့် ထပ်တူထပ်မျှ ရှိလိမ့်မည် မဟုတ်ပေ။ အမေရိကန်မြို့ အများစုတွင် အများပြည်သူသုံး ခရီးသွားလာခြင်းများ ရှိသည်။ ပြန်လည် နေရာချထားခြင်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု အနေနှင့် ကားများ စီစဉ်ပေးခြင်း မရှိပါ။

အမေရိကန်ရှိ ဘဝနှင့် ပတ်သက်သော ထည့်သွင်း စဉ်းစားရမည့် တစ်ခြားသော သတင်း အချက် အလက်များ

အမေရိကန် ပြည်ထောင်စုသို့ ဒုက္ခသည်တစ်ဦး အနေနှင့် လက်ခံခြင်းသည်၊ အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်ခွင့်နှင့် နောက်ဆုံး၌ နိုင်ငံသား တစ်ဦးအဖြစ်သို့ ရောက်ရန် လျှောက်ထားနိုင်သည်။ အမေရိကန် ပြည်ထောင်စုသို့ အခြေချ နေထိုင်ခြင်းသည် သင်၏ မူရင်း တိုင်းပြည်သို့ အချိန်မရွေး ပြန်နိုင်သည့် ဖြစ်နိုင်ချေကို ဖျက်သိမ်းလိုက်ခြင်း (သို့မဟုတ်) သို့သော် လည်း ထို့သို့ ပြုလုပ်ခြင်းသည် အမေရိကန်ရှိ သင့်အခြေအနေပေါ် သက်ရောက်မှု ရှိနိုင်သည်။

အမေရိကန် ပြည်ထောင်စုသည် လူပေါင်း သန်း ၃၀၀ ရှိသော လူမျိုးစုံသည့် နိုင်ငံ ဖြစ်သည်။ လူမျိုးစုလိုက် အသိုင်းအဝန်းများလည်း ရှိပြီး အမေရိကန် လူမျိုး အများစုသည် လူမျိုးစုများ ရောနှော နေကြသော လူ့အဖွဲ့အစည်းကြီးတွင် နေထိုင်ကြသည်။ သင်၏ အိမ်နီးချင်းများ၊ သူငယ်ချင်းများနှင့် အတန်းဖော်များသည် မတူညီသော တိုင်းရင်းသားများ၊ ကိုးကွယ်မှုများ၊ မျိုးနွယ်စုများနှင့် နေထိုင်မှု ဓလေ့များ မတူညီသူများ ဖြစ်နိုင်သည်။

ဒုက္ခသည်များသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခြင်း ကဲ့သို့သော အခွင့်အရေးများကို အမေရိကန် အတွင်း နေထိုင်ကြသော တစ်ခြားသော သူများကဲ့သို့ပင် ရယူနိုင်သည်။ သင်၏ ထင်မြင်ချက်များကို ဖော်ပြခြင်း၊ သင်၏ ယုံကြည်ရာကို ကိုးကွယ်ခြင်း သို့မဟုတ် သင်၏ သူငယ်ချင်းများနှင့် အုပ်စုလိုက် တွေ့ဆုံခြင်းများကြောင့် အဖမ်းခံရခြင်း သို့မဟုတ် ထောင် ကျရောက်ခြင်းများ မဖြစ်နိုင်ပါ။

အမေရိကန် အများစုသည် မိမိကိုယ်ကို အားကိုးခြင်းနှင့် အလုပ်ကို ကြိုးစားခြင်းများကို တန်ဖိုး ထားကြသည်။ အသစ်ရောက်လာသူများကို အလုပ်များ ကြိုးစားရှာဖွေပြီး မိမိကိုယ်ကိုနှင့် မိမိတို့၏ မိသားစုများကို တတ်နိုင်သမျှ အစောဆုံး ကြည့်ရှုနိုင်ရန်အတွက် မျှော်လင့်ကြသည်။

အစိုးရမှ ယေဘုယျအားဖြင့် ထောက်ပံ့သော ငွေကြေးနှင့် တစ်ခြားသော အထောက်အပံ့ များသည် မိသားစု တစ်ခုလုံးကို အပြည့်အဝ အထောက်အကူပြုနိုင်ရန် လုံလောက်မှု မရှိတတ်ပေ။ အင်္ဂလိပ်စာ သိနားလည်ခြင်းသည် အမေရိကန်နိုင်ငံတွင် အောင်မြင်မှု ရရန်အတွက် အလွန်ပင် အရေးကြီးသည်။ အင်္ဂလိပ်စကားကို သင် မပြောနိုင်သော်လည်း အလုပ် ရှာဖွေ နိုင်သည်။ သို့သော် သင် အလုပ်အကိုင် အခွင့်အလမ်းများမှာ အကန့်အသတ်နှင့်သာ ရှိနေလိမ့်မည်။ လူမှုအဖွဲ့အစည်းများ အတွင်းတွင် အင်္ဂလိပ်စာ သင်ယူနိုင်သည့် အခွင့်အရေးများ ရှိသည်။ သို့သော်လည်း သင် အလုပ်လုပ်ကိုင်ရန် အတွက်လည်း လိုအပ်ပေလိမ့်မည်။

သူငယ်တန်းမှ ၁၂ တန်းအထိ အများပြည်သူအတွက် ပညာရေးသည် အခမဲ့ ဖြစ်သည်။ ပြည်နယ် အများစုတွင် အသက် ၆ နှစ်မှ ၁၆ နှစ်အထိ ကလေးများသည် မသင်မနေရ ပညာရေး ဖြစ်သည်။ မိဘများသည် သူတို့၏ ကလေးများကို ကိုယ်ပိုင်ကျောင်းများ (ဘာသာရေးနှင့် ဆက်နွယ်နေသည့် ကျောင်းများ အပါအဝင်) တွင် ကလေးများကို ကျောင်းအပ်ကြသည်။ သို့သော် ထိုကျောင်းများသည် အများအားဖြင့် ကျောင်းလခများ ဈေးကြီးတတ်သည်။ တက္ကသိုလ် ပညာရေးသည် အလွန်ပင် အဓိက ကျသည်။ တက္ကသိုလ် ကျောင်းသား အများစုသည် သူတို့၏ ကျောင်းလခအတွက် အလုပ်လုပ် ကြသည်။ ပညာသင် ထောက်ပံ့ကြေး ရှာဖွေကြသည်။ သို့မဟုတ် သူတို့ ကျောင်းပြီးသွားချိန်မှ ပြန်လည် ပေးဆောင်နိုင်သည့် ချေးငွေများကို ယူကြသည်။

အမေရိကန်တွင် အခြေချ နေထိုင်ကြသော ဒုက္ခသည်များသည် အစိုးရမှ ပေးသော ကျန်းမာရေးအတွက် ထောက်ပံ့မှုကို အနည်းဆုံး ရှစ်လတာ ခံစားခွင့် ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှုသည် ဈေးကြီးနိုင်ပြီး ပုံမှန်အားဖြင့် လူတိုင်း (အစိုးရ မဟုတ်ဘဲ) သည် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်များအတွက် ပေးဆောင်ရန် တာဝန်ရှိသည်။

ကျန်းမာရေး အာမခံချက် မရှိသော သူများသည် အရေးပေါ် ကုသမှုကို ခံယူရန် ငြင်းပယ် ခံရလိမ့်မည် မဟုတ်ပေ။ လူအများစုသည် သူတို့၏ အလုပ်များမှ တစ်စိတ်တစ်ပိုင်းရရှိသော အာမခံချက် အစီအစဉ်များ အပေါ် မှီခိုလေ့ ရှိကြသော်လည်း အစောပိုင်း ဝင်ရောက် လုပ်ကိုင်ရသည့် အလုပ် တော်တော်များသည် ကျန်းမာရေး အာမခံချက်ကို ပေခြင်း မရှိပေ။ ယခု လတ်တလော ပြောင်းလဲ ဥပဒေပြုလိုက်သော အမေရိကန် ကျန်းမာရေး စောင့်ရှောက်ရေး စနစ်သည် နှစ်အနည်းငယ် ကြာသည်အထိ အသုံးပြုလိမ့်မည် မဟုတ်ပေ။

အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်ကြသည့် ဒုက္ခသည်အများစု ထုတ်ဖော် ပြချက်အရ အမေရိကန်တွင် ပြန်လည် ညှိယူရသည့် အခက်အခဲဆုံးသော အရာတစ်ခုမှာ ရိုးရာမိသားစုအတွင်းရှိ မိသားစုဝင်များ အခန်းကဏ္ဍ ဖြစ်သည်။

မိသားစု တော်တော်များတွင် ယောင်္ကျားနှင့် မိန်းမ နှစ်ဦးစလုံး အလုပ်လုပ်ကိုင် ကြရန် လိုအပ်သည်။ ဥပမာများအားဖြင့် ကလေးများသည် အင်္ဂလိပ်စာကို သင်ယူကြပြီး မိဘများထက် ပိုမိုလျင်မြန်စွာ အမေရိကန်ရှိ နေထိုင်မှုဘဝကို လိုက်လျောညီထွေစွာ နေထိုင်ကြသည်။

ဤကဲ့သို့သော ညှိနှိုင်းခြင်း လုပ်ဆောင်ချက်များနှင့် တစ်ခြားသော ပြောင်းလဲမှုများသည် လူတစ်ဦးချင်းစီနှင့် မိသားစုများတွင် ဖိစီးမှုများ သိသိသာသာ ဖြစ်စေနိုင်သည်။ ဤသို့ စိတ်လှုပ်ရှားဖွယ်ရာနှင့် တစ်ခါတစ်ရံ ခက်ခဲသော အချိန်ကာလများကို ဖြတ်ကျော်ချိန်တွင် ပြန်လည် နေရာချထားခြင်း အေဂျင်စီမှ အကူအညီများကို ရယူရန် လိုအပ်သည်။

လွန်ခဲ့သည့် ၃၅ နှစ် အတွင်းတွင် ဒုက္ခသည် သုံးသန်းနီးပါးမျှ အမေရိကန်သို့ ရောက်ရှိ လာကြသည်။ မည်သည့် တိုင်းပြည်အသစ်တွင်မဆို အခြေချ နေထိုင်ခြင်းသည် စိန်ခေါ်ချက်များ ရှိသော်လည်း ဒုက္ခသည်အများစုသည် လူမှုအသိုင်းအဝန်း အသစ်သို့ အောင်မြင်စွာ ဝင်ဆံ့နိုင်ခဲ့ပြီး သူတို့ကိုယ်တိုင် နှင့် မိသားစုများ အတွက် အခွင့်အလမ်းသစ်များကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။

(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (မလေးရှား) မှ ဖြန့်ဝေသော အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်နေရာချထားခြင်းခံရမည့် မြန်မာဒုက္ခသည်များအတွက် သတင်းအချက်အလက်များအား လက်လှမ်း မမှီဖြစ်နေသူများ သိရှိနိုင်စေရန်အတွက် ကူးယူ ဖော်ပြပေးခြင်း ဖြစ်ပါသည်)

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။