Home » » အခုတစ်ကျော့ပြန် ၀င်လာတဲ့အချိန်မှာတော့ အလုပ်ကိုအလုပ်နဲ့ တူအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးပိုင်းဖြတ်ပြီး ၀င်လာခဲ့တာပါ' ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း

အခုတစ်ကျော့ပြန် ၀င်လာတဲ့အချိန်မှာတော့ အလုပ်ကိုအလုပ်နဲ့ တူအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးပိုင်းဖြတ်ပြီး ၀င်လာခဲ့တာပါ' ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Monday, March 7, 2011 | 5:29:00 AM

e3492
သရုပ်ဆောင်လောက အတွင်းသို့ ဗီစီဒီရေစီးစတင်ချိန်ခန့်ကတည်းက ၀င်ရောက်လျှောက်လှမ်းလာခဲ့သလို သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ဇာတ်ကားများတွင် တွေ့မြင်ခဲ့ရသည့် ဖြိုးငွေစိုးက အနုပညာလောကအတွင်း ခပ်မှန်မှန်ခြေလှမ်းများနှင့်သာ လျှောက်လှမ်းနေခဲ့ရာမှ ၂၀၀၈ ခုနှစ်ခန့်ကစတင်၍ သစ္စာနှင်းဆီထုတ်လုပ်ရေးနှင့်လက်တွဲကာ တစ်ကျော့ပြန်အနုပညာ လှုပ်ရှားမှုများကို ဆက်တိုက်တွေ့မြင်လာခဲ့ရသည်။


မော်ဒယ်လ်မင်းသား တစ်ဦးအဖြစ်သာတွေ့မြင်ခဲ့ရသည့် ဖြိုးငွေစိုး၏ ဒုတိယအကြိမ်ကြိုးစားမှုကို ရှုမြင်ခွင့်ရချိန်၌ သဘာဝကျသော ဇာတ်ရုပ်များကို ပီပြင်စွာပုံဖော်နိုင်သည့် သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု လာခဲ့ရသည်။ မတူကွဲပြားသည့် ခြေလှမ်း၊ကြိုးစားအားထုတ်မှုများနှင့် ဖြိုးငွေစိုး၏တစ်ကျော့ပြန် အနုပညာခရီးအတွင်းက ယုံကြည်မျှော်လင့်ချက်များကို စီးမျောမေးမြန်းဖြစ်ခဲ့ရာ

မေး - လတ်တလော ထွက်ထားတဲ့ ဟာသကားလေးတွေအကြောင်းက စပြီးပြောကြရအောင်။

ဖြေ - ကျွန်တော်အခု လတ်တလော ထွက်ထားတဲ့ ကားလေးတွေထဲမှာ ဆို "လင်တောသား' နဲ့ 'ချစ်လူလိမ်' ဆိုတဲ့ကားလေးတွေကို ပရိသတ်ကြိုက်တယ်လို့ သိရပါတယ်။ နှစ်ကားလုံးကတော့ ဟာသရိုးမန့်စ် ကားလေးတွေပါ။ ဇာတ်အရင်ဖတ် ကြည့်ကတည်းကတော့ သဘာဝဆန်တဲ့ပုံစံလေးနဲ့ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပရိသတ်ကြိုက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ရုပ်ပီပြင်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။

မေး - တစ်ကျော့ပြန် အားစိုက်လုပ်ဖြစ်တဲ့ အချိန်မှာ ပရိသတ်လက်ခံတဲ့ အနေအထားက တော်တော်ကွာသွားတယ်နော်။

ဖြေ- ကျွန်တော်ဒီလောကထဲကို ၀င်လာတာ ဆယ်စုနှစ်တစ်ခုကျော် သွားပါပြီ။ လူငယ်ဘ၀တုန်းက ပေခဲ့ဆိုးခဲ့သလို အလုပ်အပေါ်မှာ အခုလောက်လည်း အာရုံမစိုက်ဖြစ်ခဲ့ဘူး။ အခု တစ်ကျော့ပြန်ဝင်လာတဲ့အချိန်မှာ တော့ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးပိုင်းဖြတ်ပြီး ၀င်လာခဲ့တာပါ။

မေး - ယှဉ်ရွေးစရာမီဒီယာကဏ္ဍအမျိုးမျိုး ကြားကမှ ကိုယ့်ကိုရွေးချယ်ဖို့အတွက် ပိုပြီး အားစိုက်ထုတ်ရမှာပေါ့။

ဖြေ - အများကြီးအားစိုက်ထုတ် ရတာပေါ့။ လက်တစ်ကမ်းမှာတင် ကိုရီးယားကားတွေကြည့်လို့ရမယ်။ နိုင်ငံတကာဇာတ်ကားပေါင်းစုံကြည့် လို့ရတယ်လေ။အဲဒီထဲကကိုယ့်ကား ကိုရွေးကြည့်ဖို့ဆိုတာကျွန်တော်တို့ အများကြီးအားစိုက်ရပါတယ်။

မေး - ဒုတိယနေရာကနေ ပထမနေရာကို ဆယ်စုနှစ်တစ်စုဖြတ်သန်းပြီးမှ ရောက်ခဲ့တဲ့သူ တွေလည်းရှိနေတော့ ကိုဖြိုးငွေစိုးရဲ့ ကြိုးစား အားထုတ်မှုနဲ့ ခံယူချက်ကိုလည်း ပြောပြပါဦး။

ဖြေ - ကျွန်တော့်အတွက်ကတော့ ပထမ၊ ဒုတိယဆိုတဲ့နေရာ သတ်မှတ်ချက်တွေမရှိပါဘူး။ ကျွန်တော်ငယ် ငယ်ကတည်းက၀ါသနာပါတဲ့ အနုပညာလမ်းအပေါ် လျှောက်လှမ်းခဲ့တယ်။ ကျွန်တော်ကျရာနေရာကို ကျွန်တော်လုပ်ခဲ့တယ်။ ကျွန်တော် ကြိုးစားဖို့ အခွင့်အရေးရသလောက် ကြိုးစားတယ်။ ကျွန်တော်အနေနဲ့ ပုံစံ မျိုးစုံလည်း တွေ့ကြုံခဲ့ပြီးပါပြီ။ အောင်မြင်မှုကိုရခဲ့ဖူးသလို အဲဒီ အောင်မြင်မှုကို ကိုယ်တိုင်လည်း ပြန်လွှင့်ပစ်ဖူးတယ်။ ဒါကြောင့် အရေထူနေပြီလို့ ဆိုလို့ရပါတယ်။ အဓိကတော့ ပရိသတ်ကအသိအမှတ်ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ချင်တာပါ၊ နေရာတွေကအရေးမကြီး ပါဘူး။

မေး - မင်းသားဈေးကွက်က အဓိကလိုဖြစ်နေတဲ့ ဗီဒီယိုရေစီးကိုရော ဘယ်လိုမြင်လဲ။

ဖြေ - အခုချိန်မှာတော့ပရိသတ် က ဘယ်မင်းသားဆိုပြီးရွေးကြည့် ကြတာမျိုး မဟုတ်တော့ပါဘူး။ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆိုတာတွေကို သေချာကြည့်ပြီးမှ ကြည့်ကြတာမျိုးပါ။ ဇာတ်လမ်းကောင်းမကောင်း ဆိုတာလည်း သူတို့ဘက်က အရမ်းရွေးချယ်ကြပါတယ်။ အခုချိန်မှာတော့ မင်းသားအခြေပြုဆိုတာထက် အားလုံးကောင်းမှပဲ ကြည့် ကြတဲ့အချိန်လို့ဆိုလို့ရပါတယ်။

မေး - သစ္စာနှင်းဆီနဲ့ စာချုပ်ထားတာဆိုတော့ ဘယ်လိုနားလည်မှုယူထားလဲ။

ဖြေ - သစ္စာနှင်းဆီနဲ့က ကျွန်တော်နဲ့ မိသားစုလိုလည်းဖြစ်နေကြတော့ စာချုပ်ဆိုတာမျိုးထက် နားလည်မှုပဲ ယူထားတာပါ။ ကျွန်တော်တို့ဇာတ် ကားတွေရိုက်တယ်ဆိုလည်း ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်း၊ သူတို့ ရိုက်ချင်တဲ့ ဇာတ်လမ်းတွေကို ညှိနှိုင်းပြီးရိုက်ကြတာပါ။ ဒါကြောင့် ဘာပြဿနာမှတော့ မရှိပါဘူး။ ကျွန်တော့် အတွက် ဇာတ်ရှာတာ၊ သရုပ်ဆောင် အတွဲရွေးတာအထိ အားလုံးညှိနှိုင်း တိုင်ပင်ဖြစ်ပါတယ်။ အားလုံးညှိညှိနှိုင်းနှိုင်းလေး လုပ်ကြတဲ့အတွက် အဆင်ပြေပါတယ်။

မေး - ဇာတ်ရွေးချယ်မှုအပိုင်းကရော။

ဖြေ - ကျွန်တော်အခုချိန်မှာ အချစ်ကားသီးသန့် ဆိုတာမျိုးလည်း မရိုက်ချင်ဘူး။ ကျွန်တော့်အရွယ်ကျတော့လည်း ဖန်စီတွေချည်းပဲ ရိုက်တော့လည်း မလိုက်ဖက်သလို လူကြီးပုံစံကျ တော့လည်းမဟုတ်ပြန်ဘူး။ ဒီအ တွက်ကျွန်တော်နဲ့လိုက်တာ တော်တော်လေးရွေးရပါတယ်။ ဒါရိုက်တာတွေဘက်ကလည်း ကျွန်တော့်အတွက် မတူကွဲပြားတဲ့ပုံစံလေးတွေ ဖြစ်အောင်စဉ်းစားပြီး ရိုက်ပေးကြပါတယ်။

မေး - တစ်ကျော့ပြန် လှုပ်ရှားရတဲ့အချိန်မှာ အခုရလာတဲ့ ပရိသတ်အားပေးမှုနဲ့ ကြိုးစားအားထုတ်ရတာကို နှိုင်းယှဉ်မယ်ဆိုရင်ရော ကျေနပ်လား။

ဖြေ - ကျေနပ်ပါတယ်။ ပရိသတ်က အတိုင်းအတာတစ်ခုထိ လက်ခံအားပေးတဲ့အတွက် ကြိုးစားရကျိုးနပ် ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။

Source by : http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။