Home » » ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းကြောင့် တစ်နာရီ ၄ဝ မိုင်နှုန်းရှိ မိုးသက်လေပြင်းများ ကျနိုင်

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းကြောင့် တစ်နာရီ ၄ဝ မိုင်နှုန်းရှိ မိုးသက်လေပြင်းများ ကျနိုင်

Written By မောင်စေတနာ on Saturday, October 9, 2010 | 10:24:00 PM



ရန်ကုန် အောက်တိုဘာ ၇


ဘင်္ဂလား ပင်လယ်အော်တွင် အောက်တိုဘာ ၅ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၇ ရက်နေ့ညတွင် မုန်တိုင်းငယ်အဖြစ် အသွင်ပြောင်းကာ မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် တစ်နာရီ ၄၀ မိုင်နှုန်းရှိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး အနည်းဆုံးနှစ်ရက်၊ သုံးရက်ခန့် တစ်နိုင်ငံလုံးတွင် မုတ်သုံဆန်သော ရာသီဥတုမျိုး ကြုံတွေ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်၏ ပြောကြားချက်နှင့် နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းရေးမှူးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါမုန်တိုင်းသည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ ၏ အနောက်တောင်ဘက် မိုင် ၄ဝဝခန့် အကွာ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အားကောင်းနေသည်ကို တွေ့ရကြောင်း၊ အဆိုပါမုန်တိုင်းကြောင့် ဘင်္ဂလား ပင်လယ်အော်တစ်ခုလုံးတွင် မိုးတိမ်တောင်များဖုံးလွမ်းနေပြီး မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် နှစ်ရက်မှ သုံးရက်အထိ မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင် ကပြောကြားသည်။

"မုန်တိုင်းက ပိုအားကောင်းမယ့် အခြေအနေ အများကြီးတွေ့နေရတယ်။ နောက် ၂၄ နာရီအတွင်းမှာ သိသိသာသာ အား ကောင်းလာမယ်လို့ ခန့်မှန်းထားတယ်" ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

ဒေါက်တာထွန်းလွင် တည်ထောင်ဆောင်ရွက်လျက်ရှိသည့် Myanmar Climate Change Watch (MCCW) ၏Website ဖြစ်သော www.tunlwin.com တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းနှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားပြီး မိုးလွန်ကာလမုန်တိုင်းများသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် သတိမပြတ် စောင့်ကြည့်ရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်။


မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာလ ၇ရက်နေ့ ည ၉နာရီအချိန် ထုတ်ပြန်ချက်များအရ မုန်တိုင်းသည် အရှေ့မြောက်ဘက်ဆီသို့ ရွေ့လျားမည်ဟု ခန့်မှန်းပြီး အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း၊ မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝ ကျွန်းပေါ်ဒေသများတွင် တစ်နာရီ မိုင် ၄ဝ အထိမိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် မေလက တစ်နာရီ မိုင် ၁၂ဝ ကျော် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းလေးသောင်းနီးပါး သေဆုံးခဲ့ရပြီး လူသန်းချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ မုန်တိုင်းနှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရမည့် အချက်များနှင့် မုန်တိုင်းတိုက်ခတ်နေစဉ်ကာလအတွင်း လိုက်နာရမည့် အချက်များကိုပါ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှနေ၍ အသိပေးချက်ထုတ်ပြန်ကြေညာခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။