Home » » Lazy Club မှ ဂီတာသမား နိုင်ဇော် ၏ ငယ်ဘ၀ဖြတ်သန်းရာ

Lazy Club မှ ဂီတာသမား နိုင်ဇော် ၏ ငယ်ဘ၀ဖြတ်သန်းရာ

Written By မောင်စေတနာ on Saturday, September 4, 2010 | 4:51:00 AM



လူသားတို့က သူတို့ရဲ့ငယ်ဘ၀ ရှင်သန်ဖြတ်သန်းရာပေါ် မှီတည်ပြီး အသက်မွေးဝမ်းကျောင်း ပြုတတ်ကြသလို ငယ်ဘ၀တုန်းက အားကျရာ၊ အတုယူရာ ပုဂ္ဂိုလ်တွေကို အစွဲပြုပြီးတော့လည်း သူတို့ရဲ့ကိုယ်ပိုင်ဘ၀ကို ဖန်တီးတတ်ကြပါတယ်။ အဲဒီလူတွေထဲမှာ Lazy Club တီးဝိုင်းမှ ဂီတာသမားနိုင်ဇော်ရဲ့ ငယ်ဘ၀ က ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်ခဲ့သလဲဆိုတာကို သူ့ရဲ့ငယ်စာမျက်နှာမှတစ်ဆင့် ရှုစားကြည့်ကြပါစို့။

ယခုအခါမှာ လေးဇီးကလပ် တီးဝိုင်းရဲ့ဂီတာအတီးသမား၊ စာတွေကိုရေးသားသူ၊ ဂီတာနဲ့ပတ်သက်တဲ့ သူတတ်စွမ်းသမျှဖြင့် ပရိသတ်ရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုသူ နိုင်ဇော်ကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ သားဖွား ဆေးရုံမှာ ၁၉၆၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ဦးခင်ထွန်း၊ ဒေါ်မြစန်းတို့ရဲ့ သားသမီးခြောက်ဦးထဲမှ အငယ်ဆုံးသားဖြစ်ပြီး မွေးဖွားစဉ်ကာလကတည်းက ထူးခြားမှုတွေ ရှိခဲ့ကြောင်းလည်း နိုင်ဇော်က ယခုလိုဆိုပါတယ်။

"ကျွန်တော့်ကိုမွေးခါနီးမှာ ဆေးရုံရှေ့က ထရန်စဖော်မာက ၀ုန်းဆိုပြီး မီးပျက်ခဲ့တဲ့ အဲဒီကာလမှာ မီးတွေ မှောင်ကျသွားတယ်။ နောက်မွေးပြီး ငိုသံကြားရတဲ့အချိန် မီးတွေပြန်လင်းလာခဲ့တဲ့အတွက် ဆရာဝန်တွေ၊ သူနာပြုဆရာမတွေက အစ အံ့သြမှုဖြစ်ခဲ့တယ်လို့ ကျွန်တော့်မိဘတွေ က မကြာခဏ အမှတ်တရအဖြစ် ပြောခဲ့ပါတယ်" ဆိုတဲ့ အဖြစ်အပျက်တွေ က နိုင်ဇော်ရဲ့ လူ့ဘ၀အစ ခရီးနိဒါန်းပဲဖြစ်ပါတယ်။


အ.မ.က(၉)ပုဇွန်တောင်မှာ မူလတန်းပညာကို စတင်သင်ယူခဲ့ပြီး နိုင်ဇော် လေးတန်းကျောင်းသားဘ၀ မှာ မိခင်ဖြစ်သူက အဆုတ်ဝေဒနာဖြင့် ကွယ်လွန်ခဲ့တာကြောင့် ဖခင်ရဲ့ ဆုံးမကွပ်ကဲမှုတွေအကြားမှာ ရှင်သန်ခဲ့ရသူ ဖြစ်ပါတယ်။ စည်းကမ်း စနစ်ကြီးတဲ့ဖခင်ရဲ့ အရိပ်အာဝါသအောက်မှာ ကြီးပြင်းခဲ့ရပေမယ့် ဖခင်ရဲ့ဂီတ၀ါသနာက သူရဲ့သွေးတွေကနေ တစ်စိမ့်စိမ့် စီးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

ငယ်စဉ်က ပန်းချီရေးဆွဲတာကိုပဲ ဆုရတဲ့အထိ လုပ်ဆောင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ဦး အပ်နှံတဲ့ဂီတာကိုယူတီးတတ်တာ၊ အစ်ကိုဖြစ်သူရဲ့ဘင်ခရာတီးဝိုင်းနဲ့ အိမ်တွင်းတီးတဲ့ ဂီတာဝိုင်းတွေကနိုင်ဇော် ကို ဂီတာသမားဖြစ်ဖို့ တွန်းပို့သလိုဖြစ်ခဲ့ ....

"အဖေက ကျွန်တော်တို့ကို တင်းကျပ်တာ သုံးချက်ရှိပါတယ်။ အရက် မသောက်ရဘူး၊ ဆေးမင်ကြောင် မထိုးရဘူး၊ ဘောလုံးမကန်ရဘူးဆိုတဲ့ အချက်တွေပါပဲ။ ကျွန်တော်ကငယ် ငယ်ကတည်းက နှစ်ချက်ကိုတော့ နားထောင်တယ်။ ဘောလုံးမကန်ရတဲ့အချက်ကိုတော့ နားမထောင်နိုင်ခဲ့ဘူး။ အဖေမသိအောင်ကျောင်းနဲ့ ရပ်ကွက်ထဲမှာ ခိုးကန်ခဲ့ပါတယ်။ မူလတန်းကတည်းက ကျောင်းလက်ရွေးစင် အဖြစ်လည်း အရွေးခံခဲ့ရတယ်။ နောက်ပြီး ကျွန်တော်တို့က ငယ်ငယ်ကတည်းက တစ်ခုလိုချင်ရင် ကိုယ့်ဟာကိုယ်ရအောင် စုဆောင်း ၀ယ်ရပါတယ်။ အဲဒါကလည်း အဖေ ကပစ္စည်းအပေါ် တန်ဖိုးထားချင်စိတ် ဖြစ်လာအောင် ပျိုးထောင်ပေးတဲ့စိတ် တွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မသိဘဲ အနုပညာကိုမြတ်နိုးစိတ် ကိန်းအောင်းတာကတော့ အဖေရဲ့နေ့စဉ် ရေဒီယို နားထောင်လေ့ရှိတဲ့ဝါသနာက အစပြုခဲ့တာပဲ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ငယ်စဉ်က ပန်းချီရေးဆွဲတာကိုပဲ ဆုရတဲ့အထိ လုပ်ဆောင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ဦး အပ်နှံတဲ့ဂီတာကိုယူတီးတတ်တာ၊ အစ်ကိုဖြစ်သူရဲ့ဘင်ခရာတီးဝိုင်းနဲ့ အိမ်တွင်းတီးတဲ့ ဂီတာဝိုင်းတွေကနိုင်ဇော် ကို ဂီတာသမားဖြစ်ဖို့ တွန်းပို့သလိုဖြစ်ခဲ့တယ်။

"၁၉၈၆ ခုနစ်မှာ ကျွန်တော် ကိုခိုင်ကျော်နဲ့ စတင်သိကျွမ်းတယ်။ ကိုခိုင်ကျော်က ကျွန်တော့်လက်ရာကို နားထောင်ပြီး ပြသပေးရာကနေ နောက်ပိုင်းမှာ တဖြည်းဖြည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်" လို့ ဆိုတဲ့ အကြောင်းအရာမှာ ဂီတာသမားနိုင်ဇော်ဖြစ်ဖို့ ဦးဆုံးသောကန့်လန့်ကာ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဂီတာဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုရာမှ တပည့်တစ်ဦးရဲ့အဆက်အသွယ်နဲ့ ရွှေရှုခင်းစားသောက်ဆိုင်ရဲ့ ဂီတာသမားဖြစ်လာခဲ့ပါတယ်။ ဒီကတစ်ဆင့် အနုပညာ လောကအတွင်းကို တစ်စတစ်စ ၀င်ရောက်ဖြစ်ခဲ့ပုံကို"၁၀ တန်းအောင်တော့ ဥပဒေဘာသာ အဓိကနဲ့ တက္ကသိုလ်တက်ဖြစ်တယ်။ နောက်ပိုင်းမှာ ဂီတာဆရာအဖြစ်နဲ့ ကျောင်းစရိတ်ရှာဖွေရင်း တပည့်တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ စားသောက်ဆိုင်မှာ စတီးဖြစ်တယ်။ နောက် ရွှေသံစဉ်တီးဝိုင်းကို ရောက်သွားပြီး ပင်တိုင်ဂီတာသမား ဖြစ်လာခဲ့ပါတယ်။ ၁၉၉၆ခုနစ်မှာ လေးဇီးကလပ် အဖွဲ့ဖွဲ့တဲ့အခါကျတော့ ကျွန်တော့်သူငယ်ချင်း ကီးဘုတ်သမားနဲ့ အတူရောက်ရှိခဲ့ပြီး ဒီနေ့အထိ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်" ဟု နိုင်ဇော်က ဆိုပါတယ်။

ဒါကတော့ ဂီတာနိုင်ဇော်ရဲ့ ငယ်စဉ်အဖြစ်အပျက် တချို့မှလှပတဲ့ အမှတ်ရစရာများပဲ ဖြစ်ပါတယ်။ လက်ရှိမှာနိုင်ဇော်က လေးဇီးကလပ် တီးဝိုင်းနဲ့အတူ ဂီတခရီးကိုရွက်လွှင့်ဆဲ ဖြစ်တယ်ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။